တင်မောင်ဝင်း (ခေတ်ပြိုင်ဂျာနယ်)

ဦးတင်မောင်ဝင်း (၁၉၃၈ - ၁၉၉၉) သည် ပါလီမန် ဒီမိုကရေစီ ပါတီ ဗဟို ကော်မတီဝင်၊ ပြည်ချစ် လွတ်မြောက်ရေး တပ်မတော်၊ အထူး တပ်ရင်း (၁) ၏ တပ်ရင်းမှူး (စစ်ရေးနှင့် နိုင်ငံရေး တာဝန်ခံ) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ အဖ ဦးဝင်း (သတိုးမဟာ သရေစည်သူ) နှင့် အမိ ဒေါ်မြမြဝင်းတို့က ၁၉၃၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ရန်ကုန်မြို့တွင် ဖွားမြင်သည်။ မွေးချင်း လေးယောက်အနက် ဒုတိယမြောက် သားဖြစ်သည်။ ငယ်နာမည်မှာ 'မောင်တွတ်' ဖြစ်သည်။

၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်အမတ် ဦးတင်မောင်ဝင်း အတွက် တင်မောင်ဝင်း (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) ကို ကြည့်ပါ။
ဦးတင်မောင်ဝင်း
မာနယ်ပလော ဌာနချုပ်တွင် တွေ့ရသည့် ဇနီး ဒေါ်ခင်မျိုးအေးနှင့် ဦးတင်မောင်ဝင်း (၁၉၃၈ - ၁၉၉၉)
မွေးဖွားမောင်တွတ်
(၁၉၃၈-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး ""-၁၉)ဖေဖော်ဝါရီ ၁၉၊ ၁၉၃၈
ရန်ကုန်မြို့
ကွယ်လွန်ဒီဇင်ဘာ ၁၊ ၁၉၉၉(၁၉၉၉-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး ""-0၁) (အသက် ၆၁)
ပညာရေးဝိဇ္ဇာဘွဲ့ (ပညာရေး)
မိခင်ကျောင်းရန်ကုန်တက္ကသိုလ်
ကျော်ကြားမှုအရင်းခံနိုင်ငံရေးလှုပ်ရှားသူ

ရန်ကုန် ပြည်လမ်းရှိ တီတီစီကျောင်းတွင် ၁ဝ တန်းအထိ ပညာ သင်ကြားခဲ့သည်။ ၁၉၅၅ ခုနှစ်တွင် ဖခင်ကြီး ဦးဝင်း သံအမတ်ကြီး အဖြစ် တာဝန်ကျရာ အမေရိကန် ပြည်ထောင်စုသို့ လိုက်ပါ သွားခဲ့ပြီး၊ Western High School, George Town University တို့တွင် ဆက်လက် ပညာ သင်ကြားခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်ရောက်လာပြီး မန္ဈလေး တက္ကသိုလ်နှင့် ရန်ကုန် တက္ကသိုလ်တို့တွင် ဆက်လက် ပညာ ဆည်းပူးခဲ့ရာ၊ ၁၉၆၁ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်မှ ဝိဇ္ဇာ (ပညာရေး)၊ B.A., B.Ed. ဘွဲ့ ရရှိခဲ့သည်။ တက္ကသိုလ် ကျောင်းသားဘဝတွင် သန့်ရှင်း ဖဆပလ ကျောင်းသား လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။

၁၉၆၂ ခုနှစ်၊ စစ်တပ်မှ အာဏာ သိမ်းပြီးနောက် ဒီမိုကရေစီ ပြန်လည် ထွန်းကားရေးအတွက် ရန်ကုန်ခရိုင် မြေပေါ် လှုပ်ရှားမှုများနှင့် စည်းရုံးရေး လုပ်ငန်များကို လုပ်ဆောင်ခဲ့သည်။ လက်နက်ကိုင် တော်လှန်ရေးပါ ဆင်နွှဲရန် အတွက် 'ဗမာနိုင်ငံလုံး ဆိုင်ရာ လျှို့ဝှက် ကျောင်းသားများ အဖွဲ့ချုပ်' (All Burma Secret Organization) ဗဟိုဦးစီး အဖွဲ့တွင် ပါဝင် လှုပ်ရှားခဲ့သည်။ လျှို့ဝှက် ကျောင်းသားများ အဖွဲ့ချုပ်တွင် ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌများ မထားရှိဘဲ ဗဟိုဦးစီး အဖွဲ့နှင့် အထွေထွေ အတွင်းရေးမှူး တဦးသာ ထားရှိပြီး၊ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူးမှာ ကျောင်းသား ခေါင်းဆောင် ကိုမြင့်သိန်း ဖြစ်သည်။

၁၉၆၄ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ဦးမောင်မောင်ကြီး - ဒေါ်မြမြတို့၏ သမီး ခင်မျိုးအေး (ခ) ဘေဘီနှင့် လက်ထပ်ခဲ့သည်။

၁၉၆၅ ခု၊ ဇွန်လထဲတွင် စစ်ထောက်လှမ်းရေးများ၏ ဖမ်းဆီး ထိန်းသိမ်းခြင်းကို ခံခဲ့ရပြီး၊ ၁၉၆၈ ခုနှစ် ဖေဖော်ဝါရီ လကုန်ပိုင်းမှာမှ ဖခင်ဖြစ်သူ ဦးဝင်းနှင့် တရက်တည်း အင်းစိန်ထောင်မှ ပြန်လွှတ်ပေးခြင်း ခံခဲ့ရသည်။ ၁၉၆၉ ဒီဇင်ဘာလထဲတွင် ဖခင်ကြီးနှင့် ထိုင်းနိုင်ငံသို့ ထွက်ပြေးပြီး ဝန်ကြီးချုပ်ဟောင်း ဦးနု ဦးစီးတဲ့ ပီဒီပီ (ခေါ်) 'ပါလီမန် ဒီမိုကရေစီ ပါတီ' (Parliamentary Democracy Party, PDP) သို့ သွားရောက် ပူးပေါင်း လှုပ်ရှားခဲ့သည်။ အတူလာသူ ဖခင်ကြီး ဦဝင်းမှာ လမ်းခရီး တဝက်တွင်ပင် နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။

ဦးတင်မောင်ဝင်းသည် 'ပါလီမန် ဒီမိုကရေစီ ပါတီ' တွင် ဗဟို ကော်မတီဝင် အဖြစ် လည်းကောင်း၊ 'ပြည်ချစ် လွတ်မြောက်ရေး တပ်မတော်'၊ အထူး တပ်ရင်း (၁) ၏ တပ်ရင်းမှူး (စစ်ရေးနှင့် နိုင်ငံရေး တာဝန်ခံ) အဖြစ် လည်းကောင်း၊ 'ပြည်ချစ်လူငယ် တပ်ပေါင်းစု' ၏ ဥက္ကဋ္ဌ အဖြစ် လည်းကောင်း၊ ဗဟို စိတ်ဓာတ် စစ်ဆင်ရေး ဌာန၊ ပြည်ချစ် လူငယ် တပ်ပေါင်းစု အသံလွှင့် ဌာန၏ တာဝန်ခံ အဖြစ် လည်းကောင်း နိုင်ငံရေး စစ်ရေး တာဝန်များကို ထမ်းဆောင်ခဲ့သည်။

၁၉၇၂ ခုနှစ်တွင် ပီဒီပီ ပါတီအတွင်း သူ့လူ ကိုယ့်လူ မွေးမှု ပုဂ္ဂိုလ်ရေး အကွဲအပြဲမှ စပြီး၊ နယ်မြေခံ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ 'ခွဲထွက်လိုက ခွဲထွက်ခွင့်' တောင်းဆိုမှုကြောင့် အကွဲအပြဲသည် ညှိုနှိုင်းလို့ မရနိုင်လောက်အောင် ကြီးမားသွားပြီး၊ ပထမဆုံး ပေါ်ထွက်လာသည့် ပီဒီပီ အကွဲအပြဲမှာ အထွေထွေ အတွင်းရေးမှူး နေရှင်း ဦးလောရုံ နုတ်ထွက်ခြင်း ဖြစ်သည်။ မေလတွင် ဥက္ကဋ္ဌ ဖြစ်သူ ဝန်ကြီးချုပ်ဟောင်း ဦးနုပါ ဥက္ကဋ္ဌ နေရာက နုတ်ထွက်လိုက်သည်။ ပါတီ ဥက္ကဋ္ဌ အဖြစ် ရဲဘော် သုံးကျိပ်ဝင် ဗိုလ်ချုပ်ကြီး လက်ျာ၊ အထွေထွေ အတွင်းရေးမှူး အဖြစ် ဦးသွင်တို့က ဆက်လက် ဦးဆောင်မှု ပေးခဲ့ကြသည်။ နောက်ပိုင်းတွင် ကေအဲန်ယူနှင့် ပီဒီပီတို့ လက်နက်ကိုင် ပဋိပက္ခတွေပါ ဖြစ်လာပြီး၊ ကေအဲန်ယူတို့ ပီဒီပီ စခန်းကို ဝင်တိုက်ရာမှာ ၁၉၇၈ နိုဝင်ဘာ ၂၇ တွင် ရဲဘော် သုံးကျိပ်ဝင် ဗိုလ်ချုပ်ကြီး လက်ျာ ကျဆုံးခဲ့ရသည်။ ဗိုလ်ချုပ်ကြီး လက်ျာ ကျဆုံးပြီးနောက် ဦးသွင်က ဆက်လက် ဦးဆောင်မှု ပေးခဲ့သော်လည်း ကွဲပြီးရင်း ကွဲဖြစ်ကာ ၁၉၈ဝ ပြည့်နှစ်၊ မေလ ၂၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော မဆလ အစိုးရ၏ လွတ်ငြိမ်း ချမ်းသာခွင့် အမိန့် ၂/၈ဝ သည် ပီဒီပီ၏ နိဂုံး ဖြစ်ခဲ့သည်။

ဦးတင်မောင်ဝင်းသည်လည်း ၁၉၇၆ ခုနှစ်တွင် ထိုင်းနိုင်ငံမှ နှင်ထုတ်ခဲ့သဖြင့် အမေရိကန် ပြည်ထောင်စုသို့ နိုင်ငံရေး ခိုလှုံ့ခွင့် တောင်းခံကာ သွားရောက် နေထိုင်ခဲ့ရသည်။ အမေရိကန် ပြည်ထောင်စုမှာ နေထိုင်ရင်း၊ ၁၉၈၆ စက်တင်ဘာလတွင် ဝါရှင်တန်၌ 'စီအာရ်ဒီပီ' ခေါ် 'မြန်မာပြည် ဒီမိုကရေစီ ပြန်လည် တည်ဆောက်ရေး ဦးစီး ကော်မတီ' (Committee for Restoration of Democracy in Burma, CRDB) ကို ဦးရဲကျော်သူ၊ ဦးဘသောင်း၊ ဦးတင်မောင်သော်၊ ဦးတင်မောင် (သတင်းစာ ဆရာကြီး ကြေးမုံ ဦးသောင်း) တို့နှင့်အတူ ဦးစီး ထူထောင်ခဲ့သည်။ စီအာရ်ဒီပီ နိုင်ငံတကာ ဥက္ကဋ္ဌ အဖြစ် ၁၉၈၇ မှ ၁၉၉၇ ခုနှစ်အထိ တာဝန်ယူ ဆောင်ရွက်ခဲ့သည်။

၁၉၈၈ စက်တင်ဘာလတွင် ရှစ်လေးလုံး လူထု အရေးတော်ပုံကြီးကို စစ်တပ်က သွေးထွက်သံယို နှိမ်နင်းပြီးနောက် ကျောင်းသားများ ဒီမိုကရေစီ အင်အားစုများသည် နယ်စပ် ဒေသအသီးရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများထံသို့ လာရောက် ခိုလှုံကြသော အခါ၊ ဦးတင်မောင်ဝင်းလည်း အမေရိကန်တွင် မနေနိုင်တော့ဘဲ ဗာဂျီးနီးယားရှိ Cheaspeake Bay Sea-food Restaurant မန်နေဂျာ အလုပ်မှ ထွက်ကာ ထိုင်း-မြန်မာ နယ်စပ်ဒေသသို့ သွားရောက် အခြေချ နေထိုင်ပြီး အချိန်ပြည့် နိုင်ငံရေးသမား အဖြစ် ဒီမိုကရေစီရေး တိုက်ပွဲတွင် ပါဝင် လှုပ်ရှားတော့သည်။

၁၉၈၈ နိုဝင်ဘာလအတွင်းမှာ တိုင်ရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ ဒီမိုကရေစီ အင်အားစု အဖွဲ့အစည်းများနှင့် ကျောင်းသား တပ်မတော်တို့ အပါအဝင် အဖွဲ့အစည်း ၂၂ ဖွဲ့ ပူးပေါင်းပြီး 'ဒီအေဘီ' ခေါ် 'မြန်မာပြည် ဒီမိုကရက်တစ် မဟာမိတ် အဖွဲ့ချုပ်' (Democratic Alliance of Burma, DAB) ဖွဲ့စည်းနိုင်ရေး အတွက် အရေးပါသော အခန်းကဏ္ဍကနေ ပါဝင် စည်းရုံး လှုပ်ရှားခဲ့သည်။ ဒီအေဘီ ဖွဲ့စည်းသည့်အခါ ပထမဆုံး အထွေထွေ အတွင်းရေးမှူးချုပ် ရွေးကောက် တင်မြှောက်ခြင်းကို ခံခဲ့ရသည်။ ထို့နောက် ဒီအေဘီ၏ သဘာပတိ အဖွဲ့ဝင်၊ ဒု-ဥက္ကဋ္ဌ စသည့် တာဝန်များကိုလည်း ယူခဲ့သည်။

၁၉၈၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဝါရှင်တန် အခြေစိုက် 'ဒီမိုကရေစီ မြှင့်တင်ရေး အပြည်ပြည်ဆိုင်ရာ အဖွဲ့' က "လွတ်လပ်ရေး ကြိုးပမ်းသူ" ဆုကို ဦးတင်မောင်ဝင်းနှင့် ဦးရဲကျော်သူတို့အား ပူးတွဲ ချီးမြှင့် ဂုဏ်ပြုခဲ့သည်။

၁၉၉၂ ခု နှစ်ဆန်းပိုင်းတွင် အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစု (National Democratic Front, NDF)၊ မြန်မာပြည် ဒီမိုကရက်တစ် မဟာမိတ် အဖွဲ့ချုပ် (Democratic Alliance of Burma, DAB)၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်း အစိုးရ (National Coalition Government of the Union of Burma, NCBUG)၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်) NLD-LA တို့ကို စုစည်းကာ 'ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ကောင်စီ' (National Council of the Union of Burma, NCUB) တပ်ပေါင်းစုကို ဖွဲ့စည်းခဲ့ရာတွင် နိုင်ငံခြားရေးဌာနတွင် တွဲဖက် တာဝန်ယူခဲ့သည်။ ၁၉၉၇ ခုနှစ်က စပြီး ကွယ်လွန်ချိန်အထိ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ကောင်စီ သဘာပတိ အဖွဲ့ဝင် အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။

ဒီမိုကရေစီ အင်အားစုတို့၏ အာဘော်ကို ဖော်ပြနိုင်ရန် အတွက် 'ခေတ်ပြိုင် ဂျာနယ်' ကို ၁၉၉၃ ခုနှစ်၊ ဇန်နဝါရီလမှ စပြီး ဦးစီး တည်ထောင် ထုတ်ဝေခဲ့သည်။

ဘဝနိဂုံး

၁၉၉၉ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့တွင် နှလုံးရောဂါဖြင့် ထိုင်းနိုင်ငံတွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူ ခင်မျိုးအေး (ခ) ဘေဘီနှင့် သမီး ၂ ဦးဖြစ်သည့် သူဇာဝင်းနှင့် သီတာဝင်းတို့ ကျန်ရစ်သည်။


ကိုးကား

    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.