တင်လွင်၊ ဦး

ဦးတင်လွင် သည် မြန်မာစာအဖွဲ့ အဖွဲ့ဝင်တစ်ဦး ဖြစ်သည်။ ဦးတင်လွင်ကို ၁၉၂၈-ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်တွင် အဖ ဦးအောင်သိန်း၊ အမိ ဒေါ်စိန်းတို့မှ ရန်ကုန်မြို့တွင် မွေးဖွားခဲ့သည်။ ၁၉၄၀-ခုနှစ်တွင် အလယ်တန်းပညာကို ရန်ကုန်ဟိုက်စကူးကျောင်း၊ ၁၉၄၄- အထက်တန်းပညာကို နိုင်ငံတော်စံပြအထက်တန်းကျောင်းတို့တွင်လည်းကောင်း သင်ကြား ခဲ့ပြီး တက္ကသိုလ်ဝင်တန်းကို ၁၉၄၆-ခုနှစ်တွင် အလွတ်ဖြေဆိုအောင်မြင်ခဲ့သည်။ ၁၉၅၁-ခုနှစ်တွင် ဝိဇ္ဇာ (ဂုဏ်ထူး) ဘွဲ့ကို ရရှိခဲ့သည်။ ၁၉၆၂-ခုနှစ်တွင် မဟာဝိဇ္ဇာဘွဲ့ကို လန်ဒန်တက္ကသိုလ်မှ ရရှိခဲ့သည်။

ဦးတင်လွင်
မွေးဖွား (၁၉၂၈-၁၂-၂၉) ဒီဇင်ဘာ ၂၉၊ ၁၉၂၈
ရန်ကုန်မြို့
ပညာရေးဝိဇ္ဇာဘွဲ့၊ မဟာဝိဇ္ဇာဘွဲ့
အလုပ်အကိုင်မြန်မာစာအဖွဲ့ အဖွဲ့ဝင်
မိဘ(များ)ဦးအောင်သိန်း၊ ဒေါ်စိန်း
ရရှိသည့်ဆုများမဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့ (၂၀၀၄)

ဆရာကြီးသည် ၁၉၅၂ ခုနှစ်မှ ၁၉၅၄-ခုနှစ်အထိ ရန်ကုန်တက္ကသိုလ်တွင် နည်းပြဆရာ၊ ၁၉၅၄-ခုနှစ်မှ ၁၉၆၃-ခုနှစ်ထိ ကျောက်ဖြူကောလိပ်တွင် လက်ထောက်ကထိက၊ ၁၉၆၃-ခုနှစ်မှ ၁၉၆၆-ခုနှစ်ထိ ပုသိမ်ကောလိပ်တွင် ကထိက၊ ၁၉၆၉-ခုနှစ်မှ ၁၉၈၇-ခုနှစ်အထိ မန္တလေးတက္ကသိုလ် အရှေ့တိုင်းပညာဌာနတွင် ကထိက(ဌာနမှူး)၊ ပါမောက္ခ၊ ၁၉၈၇-ခုနှစ်မှ ၁၉၈၉-ခုနှစ်အထိ ရန်ကုန်တက္ကသိုလ် အရှေ့တိုင်းပညာဌာနတွင် ပါမောက္ခအဖြစ်လည်းကောင်း တာဝန်များကို ထမ်းဆောင်ခဲ့သည်။ ၁၉၈၈-ခုနှစ်မှ ၂၀၀၁-ခုနှစ်အထိ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်၊ ပါဠိစာပေဌာနတွင် တွဲဖက်ဌာနမှူး၊ ၂၀၀၀-ပြည့်နှစ်မှ ၂၀၀၆-ခုနှစ်အထိ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်တွင် ပါဠိပါမောက္ခအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။

ဆရာကြီးသည် ၁၉၆၅-ခုနှစ်မှ ၁၉၇၅-ခုနှစ်အထိ အင်္ဂလိပ်သတင်းစာ (The Working People’s Daily) ၌ ပါဠိစာပေနှင့် ဗုဒ္ဓယဉ်ကျေးမှုဆိုင်ရာဆောင်းပါးများကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့သည်။ မင်းကွန်းတိပိဋကဓရဆရာတော်၏ ရှစ်တွဲ (ခြောက်အုပ်)ကို မန္တလေးတက္ကသိုလ်ဒုတိယအဓိပတိ ဆရာကြီး ဦးကိုလေးနှင့် အဓိကတွဲဖက်၍ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခဲ့ပါသည်။ သာသနာရေးဝန်ကြီးဌာနမှ ချီးမြှင့်သော "မဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့"ကို ၂၀၀၄ တွင် ရရှိခဲ့သည်။

ဆရာကြီးသည် ၁၉၉၆-ခုနှစ်မှ ယနေ့ထိ မြန်မာစာအဖွဲ့ အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။

ကိုးကား

    ပညာရေး ဝန်ကြီးဌာန မြန်မာစာနှင့် ဘာသာစကားပညာရေးဦးစီးဌာန Archived 28 October 2019 at the Wayback Machine.

    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.