တဏှာ
တဏှာသည် ဝေဒနာကြောင့် ဖြစ်ပေါ်သည်။ "တဏှိယတီတိ တဏှာ" ငတ်မွတ်တတ်သောကြောင့် "တဏှာ" မည်သည်။ မည်သည့်အခါကာလမှာမှ အလိုပြည့်ဝသည်ဟု မရှိဘဲ အမြဲငတ်မွတ်လျက်ရှိနေသည်ကို "တဏှာ" ဟူ၍ ဆိုသည်။[1]
ဘာသာတရား | |
သမိုင်း | |
ဗုဒ္ဓဝင် - သမိုင်း - သင်္ဂါယနာများ | |
ဘုရားများ | |
နှစ်ကျိပ်ရှစ်ဆူ- ကကုသန်ဘုရား- ကောဏဂုံဘုရား- ကဿပဘုရား-ဂေါတမဘုရား၊ | |
ဆရာ (အစရိယ) | |
သိဒ္ဓတ္ထဂေါတမ - ဘိက္ခု (ရဟန်း) - ဘိက္ခုနီ (ရဟန်းမိန်းမ) | |
လက္ခဏာရေးသုံးပါး | |
အနိစ္စ - အနတ္တ - ဒုက္ခ | |
ရတနာသုံးပါး | |
ရတနာသုံးပါး-ဗုဒ္ဓ - ဓမ္မ - သံဃာ | |
အယူဝါဒ | |
သစ္စာလေးပါး - ခန္ဓာငါးပါး - ငါးပါးသီလ - သီတင်းသီလ | |
တိပိဋကနှင့်ကျမ်းစာများ | |
တိပိဋက (ဝိနည်းပိဋကတ် - သုတ်ပိဋကတ် - အဘိဓမ္မာပိဋကတ်) | |
အဆင့်များ | |
ပုထုဇဉ်၊ ကိုရင်၊ ရဟန်း၊ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ၊ ဧတဒဂ်၊ ဘုရား၊ နိဗ္ဗာန် | |
ကျင့်စဉ်များ | |
သမထ၊ ဝိပဿနာ၊ သတိပဋ္ဌာန်၊ ဓုတင်၊ ကမ္မဋ္ဌာန်း၊ ဒုက္ကရစရိယာ၊ နိကာယ် ငါးရပ်၊ | |
ဂါထာများ | |
ကျင့်ဝတ်၊ သုတ်တော်၊ ဂုဏ်တော်၊ ဂါထာတော်၊ ဘုရားပင့်၊ ဩကာသ၊ ပုတီးစိပ်နည်း၊ | |
ဂိုဏ်းများ | |
ထေရဝါဒ - မဟာယာန-တိဘက်ဗုဒ္ဓဘာသာ | |
နိုင်ငံနှင့်ဒေသများ | |
တဏှာဖြစ်ပေါ်ခြင်း
ဝေဒနာကြောင့် တဏှာ ဖြစ်ပေါ်၏။ စက္ခုသမ္ဖဿဇာဝေဒနာကြောင့် ရူပတဏှာသည် ဖြစ်ပေါ်သည်။ ထိုရူပတဏှာသည် မျက်စိဟူသည့် ဒွါရမှ ဖြစ်ပေါ်သည်။ ရူပတဏှာ၏ သဘောမှာ မျက်စိအတွေ့ကြောင့် ဖြစ်သည့် ဝေဒနာကို သာယာ၏၊ ထိုမျက်စိအတွေ့ကြောင့် ဖြစ်သည့် ဝေဒနာသည် အဆင်းရူပါရုံနှင့် ကင်း၍ မဖြစ်နိုင်ပေ။ ထို့ကြောင့် မျက်စိအတွေ့ကြောင့်ဖြစ်သော ဝေဒနာကို သာယာသည်ရှိသော် အဆင်းရူပါရုံကိုလည်းကောင်း၊ ထိုရူပါရုံ၏ တည်ရာအဆောက်အဦဖြစ်သော သက်ရှိသက်မဲ့ ဝတ္ထများကိုလည်းကောင်း သာယာသည် မည်၏။ ထိုသို့ မျက်စိအတွေ့ကို သာယာသော တဏှာကိုပင်လျှင် ရူပါရုံတို့၌ သာယာခြင်းသို့ ရောက်လေသောကြောင့် ပရိယာယ်အားဖြင့် "ရူပတဏှာ" ဟူ၍ ဆိုရသည်။[1]
စင်စစ်အားဖြင့် ဆိုပါက မျက်စိတ်၌ အဆင်းရူပါရုံ ထင်မြင်လာ၏၊ ထိုအခါ စက္ခုဝိညာဏ်ဟု ဆိုအပ်သော အမြင်စိတ် ဖြစ်ပေါ်လာ၏။ ဤသုံးပါးပေါင်းစု၍ ကြိတ်နယ်သကဲ့သို့ ဖြစ်သော "ဖဿ" ဖြစ်ပေါ်၍ လာ၏။ ဖဿကြိတ်နယ်မှုကြောင့် အာရုံ၏ အရသာကို "ဝေဒနာ" ခံစား၏။ ထိုဝေဒနာကို "တဏှာ" က သာယာ၏။ ဝေဒနာသည် တဏှာ၏ အစာအာဟာရ ဖြစ်၏။ သို့ရာတွင် ဝေဒနာကို သာယာသော်လည်း ရူပါရုံကို သာယာသည်ဟု အဓိပ္ပါယ်ရောက်နေသောကြောင့် "ရူပတဏှာ" ဟူ၍ ဆိုသည်။
တိုက်ရိုက်အားဖြင့် ဆိုပါက စက္ခုဒွါရ၌ ဖြစ်ပေါ်သော တဏှာသည် စက္ခုသမ္ဖဿဇာဝေဒနာကို သာယာ၏။ ရူပါရုံသည် တဏှာကြိုက်နှစ်သက်တတ်သော ဝေဒနာတို့ကို တဏှာအရှင်အား ဆက်သွင်းလေ၏၊ ရူပါရုံက ဆက်သွင်းသော ဝေဒနာတို့ကို တဏှာက သိမ်းပိုက်သာယာ၏။ ရူပါရုံသည် တဏှာသခင်၏ လိုသမျှကို ဆက်သွင်းနိုင်သော သူဋ္ဌေးကြီးနှင့် တူသည်။ [1]
အခြားသော သဒ္ဒတဏှာ စသည့်တဏှာများသည်လည်း ဤနည်းအတိုင်း ဖြစ်သည်။[1]
တဏှာအပြား
တဏှာသုံပါး
မရှိသေးသောအရာကို တောင့်တမြှော်လင့်၍ တမ်းတမ်းစွဲ ဖြစ်နေမှုသည် တဏှာ မည်သည်။ တဏှာ၏ တောင့်တချက်သည် ကာလသုံးပါးကို အစွဲပြု၍ သုံးမျိုးရှိသည်။[1]
- အတိတ်ကာလကို အစွဲပြု၍ "ရှေးအခါ ဤဝတ္ထုမျိုးကို ငါရဖူး၏၊ ထိုဝတ္ထုမျိုးသည် ယခုအခါ ငါ့မှာ မရှိခဲ့ပါတကား၊ ဆင်းရဲလေစွ" ဟု တောင့်တ၏။
- အနာဂတ်ို အစွဲပြု၍ "ဤကဲ့သို့သော ဝတ္ထုမျိုးသည် နောင်အခါ ငါ၌ ရရှိပါမူကား ကောင်းလေစွ" ဟူ၍ တောင့်တ၏။
- ပစ္စုပ္ပန်ကို အစွဲပြု၍ "ယခုအခါ ဤဝတ္ထုမျိုးကို သူတစ်ပါးရရှိကြသည်၊ ငါ့မှာမူကား မရရှိ၊ ရလျှင်ကောင်းလေစွ" ဟူ၍ တောင့်တ၏။ [1]
ဤသည်မှာ တဏှာ၏ တောင့်တချက်သုံးပါး ဖြစ်သည်။[1]
တဏှာခြောက်ပါး
တဏှာသည် အောက်ပါအတိုင်း ခြောက်ပါးအပြား ရှိသည်။[1]
- ရူပတဏှာ - အဆင်းသဏ္ဌာန် ကြန်အင်လက္ခဏာတို့၌ သာယာတပ်မက်ခြင်းကို "ရူပတဏှာ" ဟု ဆိုသည်။
- သဒ္ဒတဏှာ - အသံတို့၌ သာယာတပ်မက်ခြင်းကို "သဒ္ဒတဏှာ" ဟု ဆိုသည်။
- ဂန္ဓတဏှာ - အနံ့တို့၌ သာယာတပ်မက်ခြင်းကို "ဂန္ဓတဏှာ" ဟု ဆိုသည်။
- ရသတဏှာ - အရသာတို့၌ သာယာတပ်မက်ခြင်းကို "ရသတဏှာ" ဟု ဆိုသည်။
- ဖောဋ္ဌဗ္ဗတဏှာ - အတွေ့အထိဟူသမျှတို့၌ သာယာတပ်မက်ခြင်းကို "ဖောဋ္ဌဗ္ဗတဏှာ" ဟု ဆိုသည်။ (ဤတဏှာငါးပါးတို့သည် ကာမဂုဏ်ငါးပါး၌ တွယ်တာမက်မောသော တဏှာများ ဖြစ်သည်။)
- ဓမ္မတဏှာ - ရူပါရုံ စသော ကာမဂုဏ်ငါးပါးတို့မှတစ်ပါး ဓမ္မရုံခေါ်သော တရားစု၌ သာယာတပ်မက်ခြင်းကို "ဓမ္မတဏှာ" ဟု ဆိုသည်။ ဓမ္မတဏှာ၏ အာရုံတို့သည် အလွန်များပြား၏။ စက္ခုအစရှိသည့် အာယာတနခြောက်ပါးတို့၌ သာယာသည့် တဏှာသည် ဓမ္မတဏှာပင် မည်သည်။ စက္ခုဝိညာဏ်စသော ဝိညာဏ်စသော ဝိညာဏ်ခြောက်ပါးတို့၌ သာယာသော တဏှာသည် ဓမ္မတဏှာ မည်သည်။ ဝေဒနာက္ခန္ဓာ, သညာက္ခန္ဓာ, သင်္ခါရက္ခန္ဓာ စသည်တို့၌ သာယာသည့် တဏှာသည် ဓမ္မတဏှာပင် မည်သည်။ ယောက်ျား, မိန်းမ, သားသမီး, ရွှေ, ငွေ, ဥစ္စာ ရတနာဆင်မြင်း, တိုက်အိမ်, ဗိမာန်စသည့် ပညတ်အနန္တစသည်တို့၌ သာယာသည့် တဏှာသည် ဓမ္မတဏှာ မည်သည်။[1]
ကိုးကား
- လယ်တီပဏ္ဍိတ ဆရာဦးမောင်ကြီး (ဘာသာပြန်ဆိုသူ)။ ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး၏ ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း (တတိယအကြိမ် ed.)။