တပ်ရင်း (၇)

တပ်မဟာ၉၉၉မှ တပ်ရင်း (၇)၏ တပ်ရင်းမှူးမှာ ဒု-ဗိုလ်မှူးကြီး အဆင့်ရှိသူ စောစံပြုံး (ခေါ်) ဗိုလ်ဆန်ပြုတ်ဖြစ်သည်။

တပ်မဟာ၉၉၉မှတပ်ရင်း (၇)၏ တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး အဆင့်ရှိသူ စောစံပြုံး (ခေါ်) ဗိုလ်ဆန်ပြုတ်နှင့်အဖွဲ့ကို အမည်မသိအဖွဲ့တဖွဲ့က ယနေ့နံနက်၌ ချုံခိုတိုက်ခိုက်ရာ ၎င်း၏ရဲဘော်များနှင့်အတူ သောင်ရင်းမြစ်အတွင်း သေဆုံးသွားခဲ့သည်။

ယနေ့နံနက်ပိုင်းက ဗိုလ်ဆန်ပြုတ်နှင့်အဖွဲ့သည် တပ်မဟာ (၇) ဒေသအား ထိုးစစ်ဆင်အပြီး ၉၉၉ အထူးတပ်ရင်းတည်ရှိရာ မြဝတီခရိုင် ရွှေကုက္ကိုရွာသို့ တပ်မဟာ (၇) ဒေသမှတဆင့် စက်လှေဖြင့် သောင်ရင်းမြစ်အတိုင်း ဆန်တက်ရာ မယ်တန်နှင့် မယ်လအကြားရှိ မောင်ကလာဝဲဟုခေါ်သည့် နေရာအရောက် တွင် မြန်မာနိုင်ငံဘက်အခြမ်းမှ အမည်မသိ လက်နက်ကိုင်အဖွဲ့ တဖွဲ့၏ ချုံခိုတိုက်ခိုက်မှုကြောင့် ဗိုလ်ဆန်ပြုတ် အပါအဝင် တပ်ဖွဲ့ဝင် (၁၀) ဦး သေဆုံးသွားသည်ဟု မျက်မြင်သက်သေ တစ်ဦးက ပြောသည်။

သေဆုံးသူများ၏ ဈာပနကို ရွှေကုက္ကိုရှိ ၉၉၉ အထူးတပ်ရင်းတွင် စစ်အခမ်းအနားဖြင့် ပြုလုပ်မည်ဖြစ်ပြီး သေဆုံးသူများအတွက် မဲဆောက်မြို့မှ ဝယ်ယူသွားသည့် အခေါင်း (၁၀) လုံးဖြင့် ပြင်ဆင်ထားသည်ဟု ဒီကေဘီအေ အရာရှိတဦးက ပြောသည်။

ယခုသေဆုံးသွားသူ ဗိုလ်ဆန်ပြုတ်သည် ၂၀၀၈ ခု ဖေဖော်ဝါရီလက မဲဆောက်မြို့တွင် လုပ်ကြံခံရသည့် ကရင် အမျိုးသား အစည်းအရုံး (ကေအန်ယူ) အထွေထွေအတွင်းရေးမှူး ပဒိုမန်းရှာလားဖန်းအား လုပ်ကြံခဲ့ရာတွင် အဓိကဦးဆောင်သူဟု ကရင်အမျိုးသားထုအတွင်း သင်္ကာမကင်းခံရသူဖြစ်သည်။

ဗိုလ်ဆန်ပြုတ်နှင့်အဖွဲ့ တိုက်ခိုက်ခံရသည့်ဒေသမှာ ကေအန်ယူ/ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့နှင့် နအဖတပ်များ လှုပ်ရှားသည့်နေရာဖြစ်သည့်အတွက် မည်သူမည်ဝါ၏လက်ချက်ဟု ပြောရန်ခက်ကြောင်း ဒေသခံ များက ပြောသည်။

တိုက်ခိုက်ခံရသည့် ဗိုလ်ဆန်ပြုတ်အဖွဲ့မှ ဒဏ်ရာအပြင်းအထန်ရရှိသည့် တပ်ဖွဲ့ဝင် (၈) ဦးကို ယနေ့ညနေပိုင်းတွင် မဲဆောက်ဆေးရုံသို့ ပို့ဆောင်ကုသရာ ဆေးရုံတွင် (၁) ဦး ထပ်မံသေဆုံးသွားသည်ဟု မျက်မြင်သက်သေတဦးက ပြောသည်။

ယခုလဆန်း (၂) ရက်နေ့မှစ၍ တပ်မဟာ (၇) ဒေသတွင် ဖြစ်ပွားသည့်တိုက်ပွဲများသည် ကရင်အဖွဲ့များအချင်းချင်း ဖြစ်ပွားသည့် တိုက်ပွဲသာဖြစ်ပြီး မိမိတို့အနေဖြင့် တစုံတရာပါဝင်ပတ်သက်မှုမရှိကြောင်း နအဖက ပြောကြားခဲ့သော် လည်း ဒီကေဘီအေတပ်ဖွဲ့ဝင်များကမူ ဤထိုးစစ်အား နအဖတပ်နှင့် ပူးတွဲတိုက်ခိုက်ခြင်းဖြစ်သည်ဟု ပြောသည်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၇) ဘားအံခရိုင်ဒေသကို နအဖနှင့်ဒီကေဘီအေ ပူးပေါင်းအဖွဲ့က ယခုလဆန်း (၂) ရက်နေ့မှစတင် ထိုးစစ်ဆင်ရာတွင် ဗိုလ်ဆန်ပြုတ်သည် ဒီကေဘီအေတပ်ဖွဲ့ကို အဓိကဦးဆောင်ပြီး တိုက်ခိုက်ခဲ့သူဖြစ်သည်။

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.