တမာပင်

တမာပင်သည် ရုက္ခဗေဒအလိုအားဖြင့် မီလီယေစီအီးမျိုးရင်းတွင် ပါဝင်၍၊ ယင်းကို'အဇက် ဒီရက်ခတာ အင်ဒီကာ'ဟုခေါ်သည်။ မြန်မာများက ယင်းကို သင်္ဘောတမာခါးဟုလည်း ခေါ်ကြသေးသည်။ တမာပင်သည် အမြဲစိမ်းအပင်မျိုးဖြစ်၏။ အမြင့်မှာ ပေ ၅ဝ ရှိ၍၊ အရွက်များနှင့် အုပ်ဆိုင်းဆိုင်းရှိသော အပင်ကြီး တစ်မျိုးဖြစ်သည်။ ရွက်တံတစ်ခုတွင် အစိမ်းရင့်ရောင်ရှိသော အရွက်ကလေးများ ၁ဝ တွဲခန့်ပါရှိသည်။ ယင်းတို့သည် ရွက်လွှဲများ ဖြစ်ကြသည်။ ငှက်မွှေးပုံသဏ္ဌာန်ရှိ၍၊ ခွေးသွားစိတ် ကဲ့သို့ အနားများရှိသည်။ ထိပ်ဖျားချွန်သည်။ တမာပွင့်သည် အဖြူရောင် ဖြစ်သည်။ တမာပွင့်သည် ငယ်၍ ချိုမွှေးသောအနံ့ရှိသည်။ တမာသီးသည် ဆီးသီးကဲ့သို့ အခွံအတွင်း၌ အစေ့တစေ့တည်းရှိသော အသီးမျိုး ဖြစ်သည်။ အရွယ်မှာ ပဲလုံးအကြီးစားခန့်ဖြစ်သည်။ တမာခေါက်သည် မွဲပြာတွင် အဖြူညှင်းပြောက်ထနေသော မွဲပြာတွင် အဖြူညှင်းပြောက်ထနေသော အရောင်အသွေးရှိသည်။ ဒေါင်လိုက်ရွှေ၍ ကျနေသော အစင်းများလည်း ရှိသည်။ တမာပင်သည် သဘာဝအလျောက် ပေါက်ရောက်သည်။ အတော်အသင့်လျင်မြန်စွာ ကြီးပြင်းလာနိုင်သော အပင်မျိုးဖြစ်သည်။ တမာပင်သည် နုံးမြေကို ပိုမိုနှစ်သက်သော်လည်း၊ မည်သည့်မြေမျိုးတွင်မဆို ဖြစ်ထွန်းနိုင်သည်။ ရေငွေ့ကိုလည်း များများမလိုချေ။ ထိုကြောင့်မိုးခေါင်ရေရှားရပ်ဝန်း၌ လမ်းဘေးတွင် စိုက်ပျိုးရန် အသင့်တော်ဆုံးဖြစ်သည်။ တမာပင်ကို စိုက်ပျိုးရန်အကောင်းဆုံးနည်းမှာ ပျိုးခင်းတွင် မျိုးစေ့များကို ပျိုးပြီးလျှင်၊ ပေါက်လာသော အပင်ပေါက်ကလေးများကို အလိုရှိသောနေရာသို့ ရွေ့ပြောင်းစိုက်ပျိုးခြင်းဖြစ်သည်။ မိုးတွင်း၌ မှည့်လာသော မျိုးစေ့များ မြေပေါ်သို့ မကြွေကျမီ စိုက်ပျိုးသင့်သည်။ အဘယ်ကြောင့်ဆိုသော် မျိုးစေ့များသည် လျင်မြန်စွာ ပျက်စီးသွားတတ်ခြင်းကြောင့် ဖြစ်သည်။ မျိုးစေ့များကို ပျိုးသည့်အချိန်သည် မိုးရွာနိုင်သောအချိန်ဖြစ် လျှင်၊ ရေလောင်းပေးရန်မလိုချေ။ တမာပင်ကို လမ်းဘေးတွင် စိုက်ပျိုးလျှင် တစ်ပင်နှင့်တစ်ပင်ကို ပေ ၃ဝ စီ ခြားထားသင့်သည်။

တမာ
Azadirachta indica, flowers & leaves
မျိုးရိုးခွဲခြားခြင်း
လောက:
Division:
Magnoliophyta
မျိုးစဉ်:
Sapindales
မျိုးရင်း:
မီလီယေစီအီး
မျိုးစု:
Azadirachta
မျိုးစိတ်:
A. indica
ဒွိနာမ
Azadirachta indica
Synonyms

Antelaea azadirachta (L.) Adelb.

တမာပင်ကို မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတွင် အနှံ့အပြားစိုက်ပျိုးကြသည်။ မုံရွာမြို့၊ မန္တလေးမြို့ စသည့်မြန်မာပြည်အညာ​ဒေသတွင် အ​လေ့ကျ​ပေါက်သည်။ မိုးရာသီတွင် တမာပင်​အောက် စိုစွတ်​သော​နေရာများတွင် တမာပင်​ပေါက်ငယ်​လေးများကို ​တွေ့နိုင်သည်။ တမာသားသည် အရောင်တင်ဆေး စွဲလွယ်သဖြင့် အိန္ဒိယနိုင်ငံတွင် ယင်းကို အိမ်ထောင်ပရိဘောဂ ပြုလုပ်ရာ၌ အသုံးပြုကြသည်။ အိန္ဒိယနိုင်ငံတွင် တမာခေါက်ကို စင်ကိုးနားအစား အဖျားပြတ်ဆေး အဖြစ် အသုံးပြုသည်။ မြန်မာနိုင်ငံတွင် အဖျားပြတ်ဆေးအဖြစ် အသုံးပြုသည်။ မြန်မာနိုင်ငံတွင် တမာပင်ကို ဆေးဖက်ဝင်သဖြင့် စိုက်ပျိုးကြသည်။ တမာခေါက် အားတိုးဆေးဖော်ရာတွင်၎င်း၊ တမာသီး တမာရွက် တမာဆီကို အင်းဆက်ပိုးသတ်ဆေးနှင့် အားကြွဆေးဖော်ရာ၌၎င်း၊ တမာပွင့်နှင့် တမာစေးကို အနာအကင်း သေစေသောဆေးနှင့် အစာကြေဆေးအဖြစ်လည်း အသုံးပြုကြသည်။ တမာရွက်ကို ကြိတ်၍အုံလျှင် ဝဲခြောက်နှင့် ပြည်တည်သော အဖုအပိမ့်တို့ ပျောက်ကင်း စေနိုင်သည်။[1]

Margosa or Nim tree (တမာပင်)

  • Botany Term : Azadirachta indica A Juss
  • Species/Family : Meliaceae

ပုံသဏ္ဌာန်

အပင်ကြီးမျိုး ဖြစ်သည်။ ငှက်မွှေးရွက်ပေါင်းဖြစ်၍ ရွက် မွှာများသည် ငါးစုံမှ ခြောက်စုံအထိ ရှိသည်။ လှံစွပ်ပုံအရွက်များ ရွက်ဆိုင်ထွက်သည်။ ရွက်ထိပ်ချွန်ပြီး ရွက်ရင်းအနားတစ်ဖက် သွယ်သည်။ အဖြူ ရောင် အပွင့်ငယ်လေးများ ပွင့်သည်။ တစ်စေ့ခွံသီးဖြစ်ပြီး လုံးဝိုင်း သည်။

  • အပင်

ပင်စည် ဖြောင့်သော အမြဲစိမ်း သစ်မာပင်မျိုး ဖြစ်၏။ အမြင့်ဆုံး ပေ ၅၀၀ ထိရှိတတ်သည်။

  • အခေါက်

မွဲပြာရောင်ရှိ၍ ကြမ်းသည်။

  • အရွက်

ငှက်မွေး ရွက်ပေါင်းဖြစ်၍ ရွက်လွှဲ ထွက်သည်။ အလျား ၈-၁၅ လက်မ ရှည်သည်။ ရွက်မြွာများ မျက်နှာချင်းဆိုင်ထွက်သည်။ လှံစွပ်ပုံရှိသည်။ ရွက်ထိပ်ချွန်ပြီး ရွက်ရင်းသွယ်သည်။ ရွက်နား ခွေးသွားစိပ် ရှိ၏။

  • အပွင့်

ငယ်သည်။ ချိုမွှေးခါးသက်သော အနံ့ရှိ၍ ဖြူဝါဝါအရောင်ရှိ၏။ တပေါင်းလမှ ကဆုန်လအထိ ပွင့်၏။

  • အသီး

ရှည်မျောမျော ပုံဖြစ်သည်။ အစေ့ တစ်စေ့သာ ပါသည်။ အစေ့ အနီဖျော့ရောင်ရှိသည်။ အသီးအရောင်မှာ နုစဉ်စိမ်း၍ မှည့်လျှင် အဝါနုရောင်ရှိ၏။ ကဆုန်၊ နယုန်တွင် သီးသည်။

အသုံးပြုနိုင်သည့်အစိတ်အပိုင်းများ

အပွင့် ၊ အစေး ၊ အဆီ ၊ အခေါက် ၊ အရွက် ၊ အသီး ၊ အခက်အရိုး။

မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ

မြန်မာနိုင်ငံ အပူပိုင်းဒေသတွင် ပေါက်ရောက်သည်။

ပေါက်ရောက်ပုံ

သဘာဝအလျောက် ပေါက်ရောက်သည်။

အသုံးဝင်ပုံ

အာနိသင် မြန်မာဆေးကျမ်းများ အလိုအရ တမာသည် ခါးသော အရသာ ရှိ၏။ ကြေကျက်သောအခါ စပ်ဖျဉ်းဖျဉ်းရှိ၏။ အေး၏။ လေ၊ သည်းခြေ သလိပ်တို့ကို ပယ်တတ်၏။ အသုံးပြုပုံ-

  • အပွင့် - အပွင့်ကို ရှူရှိုက်လျှင် အမူးအမော် ပြေစေသည်။
  • အစေး - တမာစေးကို အားဆေး၊ အစာကြေဆေး ဖော်စပ်ရာတွင် ထည့်သွင်းအသုံးပြုသည်။
  • အဆီ - အသီးဆီကို ယားယံသော အနာများ ပျောက်ကင်းရန် လည်းကောင်း၊ သန်ချဆေးအဖြစ် လည်းကောင်း သုံးနိုင်သည်။
  • အခေါက် -
  1. တမာခေါက်ကို သွေး၍ ဆားနှင့် သောက်သော် အဖျားပျောက်၏။
  2. တမာရွက်ပြုတ်၍ ရေချိုးက အယားအယံ ပျောက်၏။
  3. တမာရွက်ရည်ကို မျက်စိ၌ ခတ်ပေးခြင်းဖြင့် မျက်စိ ယားယံခြင်း၊ ပူခြင်း၊ မျက်ရည်ပူကျခြင်း ပျောက်၏။
  4. တမာရွက်ကို ကျွမ်းအောင်လှော်၊ အမှုန့်ပြုပြီး ဆားအနည်းငယ် ထည့်၍ နေ့စဉ် သွားတိုက်ပေးသော် သွားကိုက်သွားနာ ရောဂါကင်းဝေး၍ သွားများကို ဖြူစင် ခိုင်မာ စေ၏။
  • အသီး - တမာသီးကို နေ့စဉ် စားပေးလျှင် ဆီးရောဂါ ပျောက်ကင်း၏။
  • အခက်အရိုး - တမာအရိုးတံကို သွားကြား ထိုးတံအဖြစ် အသုံးပြုခြင်းဖြင့် သွားရောဂါ ကင်းစင်စေသည်။ [2]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)
  2. http://arogyamonline.com/commodity/materials/?raw=100%5Bလင့်ခ်သေ%5D
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.