တသက်စိန်၊ ဦး (ဇာတ်မင်းသားကြီး)
ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ တော်ဝင်ပန်တျာကျောင်းမှ အကပညာ ဒီပလိုမာဘွဲ့ရ ဇာတ်မင်းသားကြီး ဦးတသက်စိန် (သောမတ်ဘိုးစိန်) ကို ရန်ကုန်မြို့၌ အဖ ဘုရားဒါယကာ သဘင့် ဦးသျှောင် ဂရိတ် ဦးဖိုးစိန်၊ အမိ ဒေါ်ကြင်ယုံတို့မှ ၁၉၃ဝ ပြည့်နှစ် ဧပြီလ ၂၅ ရက်နေ့တွင် မွေးဖွားသည်။
ဦးတသက်စိန်သည် စစ်ကြိုခေတ်တွင် Diocesan Boys High School ကျောင်းတွင်ခြောက်တန်းအထိ ပညာသင်ကြားခဲ့ပြီးဂျပန်ခေတ်တွင် ဥတ္တမဂျပန်စာသင်ကျောင်း၌ ဂျပန်စာကို ခင်ခရုခမ် အဆင့် အောင်မြင် သည်အထိ သင်ကြားခဲ့သည်။ စစ်ပြီးခေတ်၌ တီတီစီကျောင်းတွင် ၁ဝ တန်းအထိ ပညာဆက်လက်သင်ကြားခဲ့သည်။
ပညာသင်ကြားနေစဉ်ကပင် ဦးတသက်စိန်သည် ဇာတ်ပွဲများတွင် အိမ်ရှေ့မင်းသားအခန်းနှင့် လိုအပ်သော ဇာတ်ကောင် နေရာများ၌ ပါဝင်ကပြခဲ့သည်။ ထို့နောက် ၁၉၅၁ ခုနှစ်ခန့်က သူငယ်ချင်း တစ်ဦး၏ လမ်းညွှန်မှုဖြင့် ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ ဆောက်ဟမ်တန် (အေအက်စ်တီ) ကျောင်းတွင် လေယာဉ်မောင်း သင်ရန် ရန်ကုန်မြို့သို့ ထွက်ခွာသွားခဲ့သည်။
သို့သော် ဖခင်ဖြစ်သူ ဘုရားဒါယကာ ဦးဖိုးစိန်က လေယာဉ်မောင်းသင်တန်း တက်ရောက်ခြင်းကို မနှစ်မြို့သဖြင့် လန်ဒန်မြို့သို့ လိုက်သွားပြီး လွတ်လပ်ရေးမရမီက မြန်မာနိုင်ငံ တွင် မဟာမိတ်တပ်ပေါင်းစုံ သေနာပတိချုပ်အဖြစ် ဆောင်ရွက် ခဲ့ဖူးသော လော့မောင့်ဘက်တန်ထံမှ ထောက်ခံစာကို ရယူ၍ သာမန်လူများ တက်ရောက်နိုင်ခဲသည့် တော်ဝင်ပန်တျာကျောင်းကို သားဖြစ်သူ ဦးတသက်စိန်အား အပ်နှံပညာသင်ကြားစေခဲ့သည်။
ဦးတသက်စိန်သည် အဆိုပါပန်တျာကျောင်းမှ တော်ဝင်နန်းသုံး ဓားခုတ်ပညာဒီပလို မာဘွဲ့ကိုလည်း ကောင်း၊ Tap Dancing ခေါ် အသံထွက်စေရန် ဖိနပ်တွင် သံခွာ တပ်၍ ကရသောခြေက ပညာဒီပလိုမာဘွဲ့ကို လည်းကောင်း ရရှိခဲ့သည်။ ထို့ပြင် ခြေကပညာတွင် ဆရာဖြစ်အဆင့်အထိ ထူးချွန်ခဲ့သောကြောင့် ဤThe imperial society of Teachers Dancing ဆုတံဆိပ်ကို ၁၉၅၂ ခုနှစ်တွင် ချီးမြှင့်ခြင်းခံခဲ့ရ သည်။
ဦးတသက်စိန်သည် ဖခင်ဖြစ်သူ ဂရိတ်ဦးဖိုးစိန်နှင့် အတူ ဇာတ်ကခဲ့ရာ သူ၏ ခြေကပညာကို အခြေခံ၍ မြန်မာ့မူ မြန်မာ့ဟန်မပျက် ဆန်းသစ်တီထွင်ကပြခဲ့သည်။ ဖခင်ကွယ်လွန် ပြီးနောက် အစ်ကိုကြီး ဖြစ်သူဦးကက်နက်စိန်နှင့် အတူ စိန်မဟာ သဘင်ဇာတ်တည်ထောင်ပြီး ကပြခဲ့သည်။ ထိုသို့ စိန်မဟာ သဘင် လှည့်လည်ကပြရာတွင် တပ်မတော်သားများ အပန်းဖြေ နိုင်ရန်အတွက် တပ်သဘင်ပွဲအဖြစ် ကပြခဲ့ဖူးသည်။ ထို့အပြင် ဦးတသက်စိန်သည် ဆေးရုံရန်ပုံငွေ အလှူပွဲများ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အလှူပွဲများ အဖြစ်လည်း ကပြပေးခဲ့ပြီး လူမှုရေးလုပ်ငန်းကို တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ခဲ့သည်။
မန္တလေး၊ ရသေ့ကြီး ဦးခန္တီပြတိုက် ရန်ပုံငွေအတွက် ကပြဖျော်ဖြေ ပေးခဲ့သဖြင့် ဦးတသက်စိန်အား သာသနာ့ အကျိုးဆောင် ရွှေတံဆိပ်နှင့် ဂုဏ်ထူးဆောင်လက်မှတ်ကို ချီးမြှင့်ခဲ့သည်။
ဦးတသက်စိန်သည် နောက်ပိုင်းတွင် ဇာတ်သဘင် လောကမှအနားယူ၍ Tourist Burma ၌ ကမ္ဘာလှည့်ခရီးသည် များ လမ်းညွှန်လုပ်ငန်းကို ဂျပန်၊ အင်္ဂလိပ်နှင့် ဂျာမန် ဘာသာ သုံးမျိုး ကျွမ်းကျင်စွာအသုံးပြုလျက် လုပ်ကိုင်ဆောင်ရွက်ခဲ့သည်။
ဦးတသက်စိန်သည် ၁၉၈၈ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။ ကွယ်လွန်ချိန် တွင် ဇနီး ဒေါ်ရင်ရင်စိန်နှင့် သားသမီးခြောက်ယောက် ကျန်ရစ် သည်။
ကိုးကား
မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)