တာဆန်းဆည်

သံလွင် ဆည်များ

တာဆန်းဆည်

တာဆန်းဆည်သည် မြန်မာနိုင်ငံ အရှေ့ပိုင်း သံလွင်မြစ်ပေါ်တွင် တည်ဆောက်ရန်လျာထားသည့် ဆည် ၅ ခုအနက်မှ အကြီးဆုံး ဆည်တခုဖြစ်ပါသည်။ အကယ်၍ တည်ဆောက်ပြီးစီးခဲ့ပါက အရှေ့တောင်အာရှဒေသတွင် အမြင့်ဆုံးဆည် ဖြစ်ပါလိမ့်မည်။ တရုတ်နိုင်ငံရှိ အမြင့်ဆုံးဆည်ဖြစ်သည့် ဧရာမ ကျောက်သုံးလုံးဆည် (Three George Dam) ထက်ပင် မြင့်ဖွယ် ရှိပါသည်။ မြန်မာစစ်အစိုးရက ပထမပိုင်းတွင် ထိုင်းနိုင်ငံမှ အမ် ဒီ အိက်စ် ကုမ္ပဏီအုပ်စု (MDX Group) နှင့် ရှမ်းပြည်နယ်အတွင်းတွင် တာဆန်းဆည် တည်ဆောက်ရန် သဘောတူညီ လက်မှတ်ရေးထိုးခဲ့ပါသည်။ အမ် ဒီ အိက်စ် အုပ်စုနှင့် မကျေလည်မှုများ ရှိခဲ့သည်ဟု ကောလာဟလများ ထွက်ပေါ်ခဲ့ပြီး၊ တရုတ်နိုင်ငံမှ ချိုင်းနာ ဂီဇောင်ဘား ကုမ္ပဏီ အုပ်စု China Gezhouba Co. က ဆည်တည်ဆောက်ရေး ပမာဏလုပ်ငန်းများအတွက် ၂၀၀၇ ခုနှစ် အစောပိုင်းတွင် သဘောတူစာချုပ် ချုပ်ဆိုနိုင်ခဲ့ပါသည်။ ၂၀၀၈ ခုနှစ်၊ နှစ်လယ်ပိုင်းတွင် ဆိုက်နို ဟိုက်ဒရို၊ တရုတ်နိုင်ငံ တောင်ပိုင်း ပါဝါ ဂရစ် ကုမ္ပဏီ၊ တရုတ်နိုင်ငံ ကျောက်သုံးလုံးဆည် စီမံကိန်း ဖွံ့ဖြိုးမှု ကော်ပိုရေးရှင်း China Three Gorges Project Development Corporation တို့က မြန်မာနိုင်ငံ သံလွင်မြစ်ဝှမ်း ဖွံ့ဖြိုးတိုးတက်မှုအတွက် သဘောတူစာချုပ် လက်မှတ် ရေးထိုးခဲ့ကြပါသည်။ အထူးသဖြင့် တာဆန်းဆည်ကိစ္စကို အလေးပေးဖော်ပြခဲ့ကြပါသည်။

ဆည်နှင့် ပတ်သက်သည့် အချက်အလက်များ

အမြင့်။ ၂၂၈ မီတာ တပ်ဆင်ထားသည့် စွမ်းအား။ ၇,၁၁၀ မဂ္ဂါဝပ် (MW) နှစ်စဉ်ထုတ်လုပ်နိုင်မှု။ ၃၅,၄၄၆ ကီလိုဝပ်နာရီသန်းပေါင်း (GhW)

ပတ်သက်နေသည့် ကုမ္ပဏီများ

မြန်မာနိုင်ငံမှ

အစိုးရပိုင် မြန်မာ့လျှပ်စစ်လုပ်ငန်း ကော်ပိုရေးရှင်း

ထိုင်းနိုင်ငံမှ

အမ် ဒီ အိက်စ် ကုမ္ပဏီအုပ်စု (MDX Group)

တရုတ်နိုင်ငံမှ

ချိုင်းနား ဂီဇောင်ဘား အုပ်စု ကုမ္ပဏီ - China Gezhouba Group Co. ဆိုင်နို ဟိုက်ဒရို ကော်ပိုရေးရှင်း - Sinohydro Corporation တရုတ်နိုင်ငံတောင်ပိုင်း ပါဝါဂရစ် ကုမ္ပဏီ လီမိတက် - China Southern Power Grid Co., Ltd. (CSG) တရုတ်နိုင်ငံ ကျောက် ၃ လုံးဆည် စီမံကိန်း ဖွံ့ဖြိုးမှု ကော်ပိုရေးရှင်း - China Three Gorges Project Development Corporation

ဗြိတိန်နိုင်ငံမှ

မာလ်ကွမ် ဒန်စတန် နှင့် အပေါင်းပါများ ကုမ္ပဏီ Malcolm Dunstan & Associates

ဘဏ္ဍာငွေကြေး

တာဆန်းဆည် တည်ဆောက်ရေးအတွက် ကုန်ကျမှုစရိတ် ပဏာမခန့်မှန်းမှုမှာ အမေရိကန်ဒေါ်လာ သန်း ၆,၀၀၀ ဖြစ်ပါ သည်။ သို့သော်လည်း အမှန်တကယ်ကုန်ကျစရိတ်မှာ များစွာပို၍ မြင့်မားဖွယ် ရှိပါသည်။ ဆည်မှ ထုတ်လုပ်နိုင်မည့် လျှပ်စစ်ဓာတ်အားရောင်းချရငွေသည် နှစ်စဉ်ထုတ်လုပ်နိုင်မှု ပမာဏနှင့် ဝယ်ယူသည့် ဈေးနှုန်းအပေါ် မူတည်လိမ့်မည် ဖြစ်သည်။ လျှပ်စစ်ဝယ်ယူမည့် သဘောတူညီချက်ကို ယခုအချိန်တိုင် လက်မှတ်ရေးထိုးခြင်း မရှိသေးပါ။

လျှပ်စစ်များက မည်သည့်နေရာသို့ ပေးပို့မည်နည်း။ တာဆန်းဆည်မှ ထုတ်လုပ်မည့် လျှပ်စစ်များကို ထိုင်းနိုင်ငံသို့ ပေးပို့ရန် ရည်ရွယ်ထားသည်။

စီမံချက် လက်ရှိအခြေအနေ (၂၀၀၈ ခုနှစ် စက်တင်ဘာလ နောက်ဆုံးအခြေအနေ)

ဆည်အတွက် တရားဝင်အုတ်မြစ်ချပွဲကို ၂၀၀၇ ခုနှစ်၊ မတ်လတွင် ကျင်းပခဲ့ပြီး၊ ချိုင်းနား ဂီဇောင်ဘား အုပ်စု ကုမ္ပဏီ China Gezhouba Group Co. နှင့် အမ် ဒီ အိက်စ် ကုမ္ပဏီအုပ်စု (MDX Group) တို့က အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ ကြပါသည်။ သို့သော်လည်း ဤဖွင့်ပွဲအခမ်းအနားကျင်းပချိန်မှ စ၍ ဆည်တည်ဆောက်ရေး လုပ်ငန်းများမှာ တဝက်တပျက် နှင့် ရပ်ဆိုင်းနေပါသည်။ ဆည်တည်ဆောက်မည့်နေရာတွင် လုပ်ငန်း အနည်းငယ်သာ လုပ်ဆောင်နေသည်ကို တွေ့ရ သည်။ ဆည်တည်ဆောက်မှုကြောင့် ရေနစ်မြုပ်ခံရမည့် ဒေသများတွင် နေထိုင်ကြသည့် ပြည်သူများကို ကြိုတင်အသိပေး ခြင်း မရှိသလို၊ ဆည်တည်ဆောက်ရေးကိစ္စနှင့် ပတ်သက်၍လည်း တိုင်ပင် အကြံရယူခဲ့ခြင်း မရှိပါ။ တာဆန်းဆည်နှင့် နီးသည့် မိုင်းတုံနေ ဒေသခံပြည်သူများကို ဆည်အကြောင်းနှင့် ပတ်သက်၍ အသိပေးခဲ့သော်လည်း သူတို့၏ စိုးရိမ်ပူပန် မှုများကို ထုတ်ဖော်ပြောဆိုနိုင်ရန် အခွင့်မပေးခဲ့ပါ။ လျှပ်စစ်ပမာဏ ၇,၁၁၀ မဂ္ဂါဝပ် (MW) ထုတ်မည့် ဧရာမဆည်ကြီး ကိစ္စ နှင့် ပတ်သက်၍ ဆိုးကျိုးများကို အသိပေးခဲ့ခြင်း မရှိပါ။

ဆိုးကျိုးသက်ရောက်နိုင်မှုများ

တာဆန်းဆည် တည်ဆောက်မည့်နေရာသည် ယခုတိုင် ပဋိပက္ခများ ဖြစ်ပွားနေဆဲဖြစ်သည့် ရှမ်းပြည်နယ်အတွင်း၌ တည်ရှိ နေပါသည်။ ဆည်တည်ဆောက်မည့်နေရာနှင့် ရေလွှမ်းခံရမည့်နေရာများတွင် တိုင်းရင်းသားလူမျိုးများ ထောင်သောင်းချီ၍ နေထိုင်နေကြပြီး အဓမ္မရွှေ့ပြောင်းခံရခြင်းနှင့် မြန်မာစစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို တွေ့ကြုံခံစားကြရဖွယ် ရှိ ပါသည်။

၂၀၀၇ ခုနှစ်၊ ဇွန်လတွင် မြန်မာစစ်တပ်က မိုင်းတုံမြို့နယ်၊ ဝမ်းမိုင်းကျေးရွာရှိ မြေကွက်များကို သိမ်းဆည်း၍ အမ် ဒီ အိက်စ် ကုမ္ပဏီအုပ်စု (MDX Group) သို့ ရုံးခန်း တည်ဆောက်ရန် ချပေးခဲ့ပါသည်။ ဆည်တည်ဆောက်မှု အုတ်မြစ်ချပွဲအခမ်း အနားကို ၂၀၀၇ ခုနှစ်တွင် ကျင်းပရာ ဒေသခံကျေးရွာလူထု ၄၀၀ ကျော်ကို အဓမ္မတက်ရောက်စေခဲ့ပါသည်။

ဆည်ကြောင့် ရေလွှမ်းခံရမည့်နေရာသည် တရုတ်နိုင်ငံ နယ်စပ်သို့တိုင် နီးကပ်သွားဖွယ် ရှိပါသည်။ သို့အတွက်ကြောင့် ရှမ်း ပြည်နယ်ကို ပိုင်းခြားလိုက်သည့်နှယ် ရှိစေပါလိမ့်မည်။ ယခုအချိန်တိုင် ထိခိုက်နစ်နာရဖွယ်ရှိသည့် ပြည်သူများ၏ အခြေ အနေနှင့် ပတ်သက်၍ သုတေသနပြုမှုများ မရှိသေးပါ။

သံလွင်မြစ်ပေါ်တွင် တည်ဆောက်ရန် လျာထားသည့် ဆည်များအားလုံးသည် မြစ်ကြောင်း၏ ဂေဟစနစ်ကို အကြီး အကျယ် ထိခိုက်စေလိမ့်မည် ဖြစ်ပါသည်။ ထို့အပြင် မြစ်ကြောင်းတလျှောက်တွင် နေထိုင်ကြသည့် ပြည်သူများ၏ အသက်မွေးဝမ်းကျောင်းမှု လုပ်ငန်းများကို ပျက်စီးစေပါလိမ့်မည်။ မြစ်တလျှောက်ရှိ မြေနေရာများစွာတွင် မိရိုးဖလာ အရ တိုင်းရင်းသားလူမျိုးများ နေထိုင်ခဲ့ကြပြီး လယ်ယာစိုက်ပျိုးရေးနှင့် တိုင်းရင်းဆေးဝါးများ ရှာဖွေရေးအတွက် အသုံးပြုနေခဲ့ ကြပါသည်။ ဤနေရာများမှာ ရေလွှမ်းမိုးခံရမည် ဖြစ်ပြီး၊ မြစ်ကြောင်းတလျှောက် နေထိုင်ကြသူများသည်လည်း လျှော်ကြေး များ ရရှိခြင်း မရှိဘဲ အဓမ္မ ရွှေ့ပြောင်းနေရာချထား ခံရဖွယ် ရှိနေပါသည်။ ထိုမျှမက မြန်မာနိုင်ငံရှိ အကြီးစားဖွံ့ဖြိုးရေးစီမံ ကိန်းများကြောင့် စစ်တပ်တိုးချဲ့ချထားမှုနှင့်အတူ အဓမ္မလုပ်အားခိုင်းစေမှုများလည်း ဖြစ်ပေါ်လာစေလိမ့်မည်။ စစ်အစိုးရ နှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင်တစုကသာ ဆည်အနီးတဝိုက်ရှိ သစ်တောများကို စတင်ခုတ်လှဲ၍ အကျိုးအမြတ်ဖြစ်ထွန်း နေကြပါသည်။

မြစ်အကြေ ပိုင်းတွင် နေထိုင်ကြသည့် ပြည်သူများအတွက်လည်း အခက်အခဲများ တွေ့ရဖွယ် ရှိပါသည်။ မြစ်ရေစီးကြောင်း ပြောင်းလဲ သွားမှုကြောင့် မြစ်အောက်ပိုင်းရှိ မြစ်လက်တက်များကို ထိခိုက်စေမည်ဖြစ်ပြီး၊ မြစ်၀ကျွန်းပေါ်ဒေသကို မှီခိုနေ ကြရသည့် စိုက်ပျိုးရေးနှင့် ငါးဖမ်းလုပ်ငန်းများကိုလည်း ထိခိုက်စေပါလိမ့်မည်။ [1]

ကိုးကား

  1. http://www.burmariversnetwork.org/burmese/2008-09-23-12-55-12/2008-09-24-16-03-28/2008-09-24-16-25-33.html
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.