တို့ဗမာ ဆင်းရဲသား အစည်းအရုံး

ဖြစ်ပေါ်လာပုံသမိုင်းကြောင်း

ဂျပန်ခေတ်အတွင်း ၁၉၄၂၊ ဇူလိုင်-၂၇ ရက်နေ့မှာ တို့ဗမာဆင်းရဲသား အစည်းအရုံးကို ဖွဲ့စည်းခဲ့ပါတယ်။ သခင်ကိုယ်တော်မှိုင်း တို့ဗမာအစည်းအရုံး၊ သခင်ထွန်းအုပ်၊ သခင်ဗစိန် တို့ဗမာအစည်းအရုံးနဲ့ ဒေါက်တာဘမော်ရဲ့ ဆင်းရဲသားပါတီတို့ ပူးပေါင်းလိုက်ကြပြီး (တသွေးထဲ-တသံထဲ-တမိန့်ထဲ) တသွေးတသံတမိန့် ဆိုတဲ့ ကြွေးကြော်သံ နဲ့အတူ တို့ဗမာဆင်းရဲသားအစည်းအရုံး ပေါ်ပေါက်လာခဲ့ပါတယ်။

ခေါင်းဆောင်များ

တို့ဗမာဆင်းရဲသားအစည်းအရုံးရဲ့ ခေါင်းဆောင် (အာဏာရှင်) အဖြစ် ဒေါက်တာဘမော်ကို ရွေးချယ် တင်မြှောက် ပါတယ်။ အစည်းအရုံးရဲ့နာယကအဖြစ် သခင်ကိုယ်တော်မှိုင်း ဖြစ်ပါတယ်။ အာဏာရှင်ရဲ့ အတိုင်ပင်ခံ အဖွဲ့ဝင်များဖြစ် သခင်မြ၊ ဦးဘဝင်း၊ ဗန္ဓုလဦးစိန်၊ သခင်သန်းထွန်း၊ သခင်ဗစိန်၊ သခင်ထွန်းအုပ်တို့ ဖြစ်ပါတယ်။ အစည်းအရုံးရဲ့ တာဝန်ခံအဖြစ် သခင်နုဖြစ်ပါတယ်။

ဖွဲ့စည်းပုံ

အစည်းအရုံးကို အဖွဲ့ (၃) ဖွဲ့ကပုဂ္ဂိုလ်တွေ ပါဝင် ဖွဲ့စည်း ဦးဆောင်ခဲ့ပါတယ်။ ဖွဲ့စည်းပုံမှာ

  • (၁) သခင်ကိုယ်တော်မှိုင်း နာယက
  • (၂) ဒေါက်တာဘမော် ခေါင်းဆောင် (ဆင်းရဲသား ဝံသာနု)
  • (၃) သခင်နု ဌာနချုပ်မှူး (မှိုင်း-တို့ဗမာ)
  • (၄) သခင်ညီ ဒု-ဌာနချုပ်မှူး (သခင်ထွန်းအုပ်-ဗစိန် တို့ဗမာ)
  • (၅) သခင်ချစ် ဒု-ဌာနချုပ်မှူး (မှိုင်း-တို့ဗမာ)
  • (၆) ဦးသန့်ဇင် ဘဏ္ဍာရေးမှူး (ဆင်းရဲသား ဝံသာနု)
  • (၇) သခင်သင် စီးပွားရေးမှူး (သခင်ထွန်းအုပ်-ဗစိန် တို့ဗမာ)
  • (၈) သခင်တင် ဝါဒဖြန့်ချိရေးမှူး (မှိုင်း-တို့ဗမာ)
  • (၉) သခင်တင်ထွန်း လူငယ်ဌာနမှူး (မှိုင်း-တို့ဗမာ)
  • (၁၀) သခင်စံဝေ စုံစမ်းရေးမှူး (မှိုင်း-တို့ဗမာ)
  • (၁၁) သခင်၀တင် စည်းရုံးရေးမှူး (သခင်ထွန်းအုပ်-ဗစိန် တို့ဗမာ) တို့ ဖြစ်ကြပါတယ်။

ဖွဲ့စည်းရခြင်း ရည်ရွယ်ချက် နှင့် လုပ်ဆောင်ချက်များ

ဂျပန်တို့နဲ့ဆက်ဆံရာမှာ မြန်မာများစည်းစည်းလုံးလုံးရှိမှ ဂျပန်ကလေးစားမယ်။ ဒါကြောင့် မြန်မာများ တစည်း တလုံးတည်း ရှိကြောင်းပြသတဲ့အနေနဲ့ တို့ဗမာဆင်းရဲသားအစည်းအရုံး ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါတယ်။

စစ်အတွင်း ကာလဖြစ်တဲ့ အပြင် ဂျပန်တို့ရဲ့ ဓားမိုးအုပ်ချုပ်မှုအောက်မှာ မယ်မယ်ရရ နိုင်ငံရေး လှုပ်ရှားမှုများ မလုပ်ဆောင်နိုင်ပဲ ဂျပန်တပ်မတော်အတွက် အလုပ်သမားနဲ့ ရိက္ခာစုဆောင်းပေးရတဲ့ အလုပ်တွေ လောက်ပဲ လုပ်ရတဲ့အဖွဲ့အစည်း ဖြစ်ပါတယ်။ ဒေါက်တာဘမော် ကိုယ်တိုင်က ဂျပန်ခေတ်အတွင်း အစိုးရအဖွဲ့ရဲ့အဓိပတိကြီးဖြစ်နေတဲ့အတွက် ဒေါက်တာ ဘမော် ဦးဆောင် ဖွဲ့စည်းထားတဲ့ အစည်းအရုံးကြီးဟာ အာဏာရ နိုင်ငံရေး အဖွဲ့အစည်းတခု သဖွယ်တော့ ဖြစ်ခဲ့ပါတယ်။ ဒေါက်တာဘမော် ရုပ်သေးအစိုးရနဲ့ အရပ်ဘက်အုပ်ချုပ်ရေးတွေအတွင်းမှာ အစည်းအရုံးဝင်များ ပါဝင် နေရာရခဲ့ကြတာတော့ ရှိပါတယ်။

မဟာဗမာ အစည်းအရုံး

၁-၈-၁၉၄၃ နေ့ ဂျပန်က ပေးတဲ့ လွတ်လပ်ရေးကို ကြေညာပြီးနောက်ပိုင်း တို့ဗမာဆင်းရဲသား အစည်းအရုံးကို မဟာဗမာအစည်းအရုံးလို့ အမည်ပြောင်းလဲ မှည့်ခေါ်ပါတယ်။

ကိုးကား

  • ဝင်းတင့်ထွန်း (ဩဂုတ် ၂၀၁၀)။ ဗမာပြည် နိုင်ငံရေးပါတီအဖွဲ့အစည်း အသင်းအပင်းများ အညွှန်း။ ပထမ အကြိမ်။ နေ့သစ်အင်အားစု၊ ဂျပန်။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.