တောင်ငူနဝဒေး
လှော်ကားသုံးထောင်မှူး
တောင်ငူခေတ် စာဆိုတော် လှော်ကားသုံးထောင်မှူးသည် အင်းဝမြို့သားဖြစ်ပြီးလျှင် အင်းဝရွှေနန်းကြော့ရှင် နရပတိလက်ထက်မှစတင်၍ စာဆိုခဲ့သူ ဖြစ်၏။ သက္ကရာဇ် ၈၆၃ ခုနှစ်က ရေတွင်ဖျောက်၍ အသတ်ခံခဲ့ရသော ရွှေနော်ရထာ၏ ကျွန်းရင်းဖြစ်သည်။ ရွှေနော်ရထာ အသတ်ခံရပြီးနောက် တောင်ငူမင်းကြီးညိုထံ ဝင်ရောက်၍ စာဆိုတော်အဖြစ်ဖြင့် ခစားလေသည်။ ထိုသို့ခစားရာ ရေတပ်ဖွဲ့ စစ်သည်တော် ၃ဝဝဝ အပေါ်တွင် အကြီးအမှူး ခန့်ထားခြင်းခံရသောကြောင့် လှော်ကားသုံးထောင်မှူးဟုတွင်၏။
လှော်ကား သုံးထောင်မှူးသည် အင်းဝတွင်ရှိစဉ်က ရတုမော်ကွန်းများကို ဖွဲ့ဆိုခဲ့၏။ မင်းကြီးညို လက်ထက် သက္ကရာဇ် ၈၇၈ ခုနှစ်တွင် မင်းတရားရွှေထီး ဧချင်း၊ သက္ကရာဇ် ၈၉၂ ခုနှစ် မင်းတရားရွှေထီး သက်တော် ၁၄ နှစ်အရွယ်တွင် တောင်ငူရွေနန်းကို သိမ်းမြန်းတော်မူသည့် အကြောင်းပါသည့် မင်းတရားရွှေထီး ရွှေနားတော်သွင်း၊ မင်းရဲသင်္ခသူ ဧချင်း၊ မင်းရဲကျော်စွာ စုန်ဧချင်းတို့ကို ရေးသားခဲ့၏။ ဧချင်းများအပြင် (၂၈) စီး မြင်းယာဉ်တက်လင်္ကာ ဘုန်းတော်ဘွဲ့ရတုနှင့် အင်းဝဘုရင် သတိုးမင်းစော၏ ဆင်တော်သန်မြင်စွာ မော်ကွန်းကိုလည်း ရေးသားခဲ့၏။
ထိုသို့ စာပေအရာ၌ ပြောင်မြောက်လှသဖြင့် ရာဇဒေဝဘွဲ့၊ ရာဇဗလဘွဲ့၊ ရာဇာဗာဟု ဘွဲ့၊ တောင်ငူနဝဒေးဘွဲ့တို့ကိုပင် ရခဲ့လေသည်။ သို့သော် နဝဒေးဘွဲ့နှင့် ကောင်းစွာ မကျော်ကြားခဲ့ပေ။ ရတုများကို လည်းဆိုခဲ့သေး၏။ ထိုရတု များအနက် မေရုဗဟိုချီ ဘုန်းတော်ဘွဲ့ရတုသည် အကောင်းဆုံးဖြစ်၏။ သို့ရာတွင် ရတုစာဆိုကျော် နဝဒေးကြီးနှင့် တစ်ခေတ်တည်းတွင် ပြိုင်၍ စာဆိုခဲ့ရသူဖြစ်သဖြင့် နဝဒေး၏ ရတုများက လွှမ်းမိုးသွားသောကြောင့် ရတုအဖွဲ့၌ မကျော်စောခဲ့ပေ။ အာဘော်ချင်းမှာကား မတိမ်းမယိမ်းရှိ၏။ အချို့အဖွဲ့အနွဲ့များတွင် လှော်ကားသုံးထောင်မှူးက နဝဒေးကြီးထက် သာမယောင်ရှိသည်ကိုတွေ့ရ၏။[1]
ကိုးကား
- မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)