တောင်ပိုင်း သမုဒ္ဒရာ

တောင်ပိုင်း သမုဒ္ဒရာကို မဟာ တောင်ပိုင်း သမုဒ္ဒရာ၊ အန္တာတိက သမုဒ္ဒရာ၊ တောင်ဝင်ရိုးစွန်း သမုဒ္ဒရာ စသည်ဖြင့်လည်း ခေါ်ဆိုလေ့ ရှိကြပြီး ကမ္ဘာ့သမုဒ္ဒရာများ၏ တောင်ဘက် အကျဆုံး ရေထုများ ပါဝင်သည်။ ယေဘုယျအားဖြင့် တောင်လတ္တီကျု ၆၀ ဒီဂရီမှစ၍ သတ်မှတ်လေ့ရှိကြပြီး အန္တာတိကကို စက်ဝိုင်းပုံသဏ္ဌာန် ဝိုင်းပတ်နေသော နေရာကို သတ်မှတ်ခြင်း ဖြစ်သည်။ အဓိက သမုဒ္ဒရာဒေသကြီး ၅ ခု အနက်တွင် စတုတ္ထမြောက် အကြီးဆုံး အဖြစ် မှတ်ယူကြသည်။ ထိုသမုဒ္ဒရာဇုန်သည် အန္တာတိကမှ မြောက်ဘက်သို့ စီးဆင်းလာသော ရေအေးများနှင့် အန္တာတိကမြောက်ပိုင်းရှိ ပိုနွေးသော ရေများ ရောနှောပေါင်းစပ်ရာ နေရာ ဖြစ်သည်။

တောင်ပိုင်းသမုဒ္ဒရာ၏ တည်နေရာ

ပထဝီဝင်အများစုက တောင်ပိုင်းသမုဒ္ဒရာ၏ မြောက်ဖက် နယ်နိမိတ် သို့မဟုတ် တည်ရှိမှုကိုပင် သဘောမတူညီကြပေ။ အများစုက ထိုရေထုကို ပစိဖိတ်သမုဒ္ဒရာအတ္တလန္တိတ် သမုဒ္ဒရာနှင့် အိန္ဒိယသမုဒ္ဒရာ၏ အစိတ်အပိုင်း အဖြစ်သာ မှတ်ယူကြသည်။ အခြားသူများကမူ အန္တာတိကကို ဝိုင်းပတ်စီးဆင်းနေပြီး ရာသီဥတုအလိုက် ပြောင်းလဲမှု ဖြစ်ပေါ်နေသော ရေထု အဖြစ် တောင်သမုဒ္ဒရာကို အခြားသမုဒ္ဒရာများမှ ခွဲခြား စဉ်းစားကြသည်။ ဩစတြေးလျ အစိုးရကမူ ဩစတြေးလျနိုင်ငံ တောင်ပိုင်းကို တောင်ပိုင်းသမုဒ္ဒရာ အဖြစ် မှတ်ယူလေ့ ရှိကြသည်။

အပြည်ပြည်ဆိုင်ရာ ဟိုင်ဒရိုဂရပ်ဖ်ဖစ် အဖွဲ့ (အိုင်အိတ်ချ်အို) က တောင်လတ္တီကျု ၆၀ ဒီဂရီ၏ တောင်ပိုင်းကို သမုဒ္ဒရာ တစ်ခု အဖြစ် သီးသန့် သတ်မှတ်ထားသော ၎င်း၏ ၂၀၀၀ ခုနှစ် သမုဒ္ဒရာ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို အတည်ပြုမှု မရယူရသေးပေ။ ၎င်း၏ နောက်ဆုံး ထုတ်ပြန်ထားသော အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ ၁၉၅၃ တွင် ဖြစ်သည်။ သို့သော်လည်း အဓိပ္ပာယ်ဖွင့်ဆိုချက် အသစ်ကို အိုင်အိတ်ချ်အိုနှင့် အခြား အဖွဲ့အစည်းများက အသုံးပြုလျှက် ရှိကြသည်။

အန္တာတိကတိုက်ကို ဝန်းရံလျက်ရှိ သော သမုဒ္ဒရာကို အန္တာတိတ်သမုဒ္ဒရာ ဟုခေါ်သည်။ အချို့ပထဝီဝင်ပညာရှင်တို့ကမူ အန္တာတိတ်သည် သမုဒ္ဒရာတစ်စင်း သက်သက်မဟုတ်ဘဲ အတ္တလန္တိတ်၊ ပစိဖိတ်နှင့် အိန္ဒိယသမုဒ္ဒရာ တို့၏ တောင်ဘက်ဆုံးအပိုင်းဖြစ်သည်ဟု ဆိုကြလေသည်။ အန္တာတိတ်သမုဒ္ဒရာသည် အပိုင်းအခြားမရှိသောရေပြင် တစ်ပြင်တည်းဖြစ်၍ကျယ်ဝန်းသည်။ အမျိုးမျိုးဖြစ်သည်။တောင် အမေရိကတိုက်၏ တောင်ဘက်ဆုံးအစွန်းဖြစ်သော ကိပ်ဟွန်း အငူ၏အလွန်တွင် မိုင် ၆ဝဝ မျှသာကျယ်ဝန်း၍ အာဖရိက တိုက်၏ တောင်ဘက်စွန်းဖြစ်သော ကိပ်အဂါးလတ်အငူ၏ အလွန်တွင်မူ မိုင်ပေါင်း ၂,၄ဝဝ ခန့်ကျယ်လေသည်။ နေရာအမျိုးမျိုးတွင် ရေအတိမ်အနက်လည်း အမျိုးမျိုး ဖြစ်သည်။ ရော့စပင်လယ်အတွင်းရှိ တောင် ဂျော်ဂျီယာကျွန်း၏ ဝန်းကျင်တွင် ပင်လယ်ရေပြင်၏ အောက်မြေပြင်သို့မရောက်မီ ပင် အလံ ၄,ဝဝဝ (၂၄,ဝဝဝပေ) ခန့်နက်သည်ကို တွေ့ရသည်။ ဩစတြေးလီးယားတိုက်၏ တောင်ဘက်၊ အန္တာတိတ်စက် ဝန်းမျဉ်းအနီးတွင် အလံ ၁,၃ဝဝ (၇,၈ဝဝ ပေ)မှ အလံ ၁ယ၉၅ဝ (၁၁,၇ဝဝ ပေ) အထိနက်သည်။ အန္တာတိကတိုက်၏ ကမ်းခြေ ဘက်သို့နီးကပ်လေ ရေပြင်သည် တိမ်လိုက်လာလေ ဖြစ်၍၊ တဖြည်းဖြည်း သောင်များလည်းထွန်းလာသည်။ ထို့ကြောင့် ကမ်းခြေတစ်ဝိုက်အချို့နေရာများတွင် အလံ ၅ဝဝ (ပေ ၃,ဝဝဝ) မှ အချို့နေရာတွင် အလံ ၃ဝဝ (ပေ ၁,၈ဝဝ)၊ အချို့နေရာ တွင်အလံ ၂ဝဝ (ပေ ၁,၂ဝဝ) မျှသာနက်ကြောင်း တွေ့ရလေသည်။


အန္တာတိတ်သမုဒ္ဒရာ၌ အဓိက ပင်လယ်ရေစီးကြောင်း တစ်ခုသာရှိသည်။ ထိုရေစီးကြောင်းသည် တောင်အမေရိကတိုက် သို့ ရောက်ရှိသောအခါ နှစ်သွယ်ဖြာ၍ထွက်သည်။ တစ်သွယ် သည် မြောက်ဘက်သို့ဆက်လက်စီးသွားရာ အန္တာတိကတိုက်၏ အရှေ့ဘက်ကမ်းခြေကို တိုက်စီးသွားသည်။ အခြားတစ်သွယ် ကမူ တောင်အမေရိကတိုက်၏ ကိပ်ဟွန်းအငူစွန်းကို ဖြတ်သန်း ၍ အရှေ့ဘက်သို့ ဆက်လက်စီးသွားလေသည်။ အန္တာတိကတိုက်၏ကမ်းခြေမှ ပဲ့၍ပြတ်ထွက်လာသော ရေခဲတောင်ကြီးများစွာတို့သည် အန္တာတိတ် ရေပြင်ထက်ဝယ် မျောလျက်ရှိကြသည်။ အချို့သော ရေခဲတောင်ကြီးများသည် စတုရန်းမိုင်တစ်ရာကျော်ကျယ်ဝန်း၍ အချို့မှာ ပေတစ်ထောင်မျှ အထူရှိသည်ကို တွေ့ရလေသည်။ ရေပြင်ကျယ်ကြီး၏ မျက်နှာ ပြင် အပူချိန်သည် ဖာရင်ဟို်က် ၂၉ ့၈ ဒီဂရီဖြစ်၍ ရေပြင်၏ အောက်ဘက်တွင်မူ ၃၂ ဒီဂရီမှ ၃၅ ဒီဂရီ အထိရှိလေသည်။ အန္တာတိကတိုက်ကိုဝန်းရံလျက်ရှိ၍ အန္တာတိတ်သမုဒ္ဒရာ ၌ပါဝင်သော ရော့စပင်လယ်၊ ဝက်ဒယ်ပင်လယ်စသော ရေပြင် ကျယ်ကြီးများတွင် ဝေလငါးကြီးအမျိုးမျိုး၊ ပင်လယ်ဖျံကြီး အမျိုးမျိုးတို့ဖြင့် ပြည့်နှက်လျက်ရှိသည်။ ထိုငါးကြီးများ၏အစာ ဖြစ်သော ငါးများ၊ ထိုငါးများ၏ အစာဖြစ်သော ရေပိုးရေမွှား ကလေးများလည်းရှိသည်။ အချို့ဝေလငါးသည် အာတိတ်ဒေသမှ ငါးမျိုးနှင့်တူ၍ အချို့မှာမူ အန္တာတိကဒေသ၌သာ တွေ့ရသော အမျိုးအစားများဖြစ်လေသည်။ ဝေလငါးကြီးများပေါများသဖြင့် ဗြိတိန်နှင့်နော်ဝေး စသောနိုင်ငံများမှ အန္တာတိတ်သမုဒ္ဒရာရေ ပြင်သို့ လာရောက်၍ ဝေလငါးဖမ်းသည့်လုပ်ငန်းကို ကြီးကြီး ကျယ်ကျယ်လုပ်ကိုင်ကြလေသည်။[1]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.