တောလားရတု ၉ − ပုဒ်
ဆရာတော် ရေးဖွဲ့ခဲ့သော စာတို့အနက် နှောင်းသူတို့ အခိုင်အမာ ရှာဖွေတွေ့ရှိသမျှမှာ တောလား ၉-ပုဒ်သာ ရှိသည်။ နှောင်းသူတို့ ရှာဖွေမတွေ့ရှိဘဲ တိမ်မြုပ်နေသော ဆရာတော်၏ စာများ ရှိလိမ့်ဦးမည်ဟု ပညာရှင်အချို့က ခန့်မှန်းကြသည်။ မည်သို့ပင်ဖြစ်စေ ထိုတောလား ၉-ပုဒ်ဖြင့်ပင် ဆရာတော်သည် မြန်မာစာပေလောက၌ ထင်ရှားနေပေသည်။ ဆရာတော်၏ တောလား ၉-ပုဒ်ကို ဒေါက်တာဘဟန်က အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခဲ့သည်။
ဆရာတော်သည် တောလား ၉-ပုဒ်အနက် နောက်ဆုံးအပိုဒ်တွင် မိမိ ဘုရားဆုကို ပန်ကြောင်းဖွဲ့ဆိုသည်။ အခြား ၈-ပုဒ်တွင်ကား ဗုဒ္ဓမြတ်စွာ ဘုရားသခင် ကပ္ပိလဝတ်ပြည်ကို ဝင်တော်မူရာတွင် တောခြေစုံတခွင်ကို ဖြတ်သန်းကြွချီပုံ ဖွဲ့ဆိုသည်။ သို့ဖွဲ့ဆိုရာ၌ ဘုရားသခင်အား လောကဓာတ်အလုံး ညွှတ်ပျောင်းပူဇော်ဟန်ကို ပြဆိုလိုသဖြင့် တော၊ တောင်၊ ရေ၊ မြေ၊ သစ်ပင်၊ ပန်းမန် စသော သဘာဝအလှတို့ကို အသားပေး ဖွဲ့ဆိုလေသည်။
ဆရာတော်သည် တောတောင်ဒေသတခွင်တွင် လှည့်လည်သီတင်းသုံးသူဖြစ်ရာ သဘာဝအလှကို ကောင်းစွာခံစားသိရှိသူ ဖြစ်သည်။ ထို့ပြင် ကဗျာဉာဏ်ခံလည်း ကြီးမားသူဖြစ်ရာ သဘာဝအလှကို ဖွဲ့ဆိုရာ၌ လွန်စွာပိုင်နိုင် ထိမိလှသည်။ ထို့ကြောင့် ပညာရှင်များက ဆရာတော်ကို သဘာ၀ စာဆို-ဟူ၍ပင် ခေါ်ဝေးသမုတ်ကြသည်။
ဆရာတော်သည် ကောင်းကင်၌ အရောင်အမျိုးမျိုး၊ အသွင်အမျိုးမျိုး၊ ပုံသဏ္ဌာန်အမျိုးမျိုး ပြောင်းနေသော တိမ်တို့၏ တင့်တယ်ဟန်ကို- တိမ်ညိုမိလ္လာ၊ တိမ်စူကာနှင့် တိမ်ပြာရောယှက်၊ မရန်းဖက်၍ တိမ်သက်တန့်ရောင်၊ အဝါပေါင်ဝယ် မှောင်ခဲ့တခါ၊ ပြာခဲ့တချို့ ညိုခဲ့တလီ၊ ရီခဲ့တဖုံ မှုန်ခဲ့တချက်၊ ယုဂန်ထက်က လေးဘက်လုံးခြုံ၊ တိမ်ဂဠုန်လည်း နဂါးရုံကြွေ့၊ ရန်ချင်းတွေ့သော် ခိုးငွေ့လွှတ်ပြိုင်၊ ဂုဏ်ချင်းဆိုင်ခဲ့---
ဟူ၍ ဖွဲ့ဆိုထားရာ လွန်စွာထိမိပိုင်နိုင်လှပေသည်။ ပန်းချီဆရာများပင် နည်းမှီ အတုယူခဲ့ရပေသည်။
ဆရာတော်သည် သဘာဝအလှကို ရေးဖွဲ့ခဲ့ငြားလည်း လူသားတို့ကို မပစ်ပယ်ခဲ့။ အထူးသဖြင့် လယ်သမား၊ ယာသမားများကို မပစ်ပယ်ခဲ့။ သူ့ကဗျာတွင် တောတောင်အရပ်ဒေသ၌ သူ့နည်းတူ မထင်မရှားနေကြသော တောင်ပေါ်သား၊ တောင်ယာသမားများ၏ အမူအရာကို --
ဝသန်ကာလ၊ ရာသီစဝယ် ထွန်ချမင်္ဂလာ၊ တောင်သူမှာလည်း ဘာသာဓလေ့၊ ပျော်မွေ့စိုက်ပျိုး၊ ကောက်ပဲမျိုးကို အားကြိုးလုံ့လ၊ ဂုဏ်စွမ်းပြလျက်
စသည်ဖြင့် ဖွဲ့ဆိုခဲ့ပေသည်။
သျှှင်ဥတ္တမကျော်သည် သက္ကရာဇ် ၈၁၅-ခုနှစ်၌ ဖွားမြင်၍ သက်တော် ၈၉-နှစ်အရွယ် သက္ကရာဇ် ၉၀၄-ခုနှစ်တွင် ပျံလွန်တော်မူသည်ဟု ဆိုလေသည်။[1]
- ဝင်းစုထက်(မင်္ဂလာမောင်မယ် ၂၀၁၁-ခု ဧပြီလ)