တွံတေးသိန်းတန်

တွံတေးသိန်းတန်သည် မြန်မာနိုင်ငံသား အဆိုတော်၊ စာရေးဆရာ၊ တေးရေးဆရာ၊ ရုပ်ရှင် သရုပ်ဆောင်၊ ရုပ်ရှင် ဒါရိုက်တာ၊ ဇာတ်ဆရာတစ်ဦး ဖြစ်သည်။ သူသည် ပြည်သူ့အကျိုးကို သယ်ပိုးခဲ့သူဖြစ်သောကြောင့် ပြည်သူချစ်သော အနုပညာသမား တစ်ဦး ဖြစ်ခဲ့သည်။ ၎င်းပါဝင်သရုပ်ဆောင်ထားသော ကိုယ်ရယ် မင်းရယ် ပန်းပိတောက်ရယ် ရုပ်ရှင်သည် လူကြိုက်များ ကျော်ကြားသော ရုပ်ရှင်တစ်ကားဖြစ်သည်။

တွံတေးသိန်းတန်

တွံတေးသိန်းတန်ကို ရှမ်းနွယ်ဖွား [1]မြန်မာသမားတော်ကြီး ဦးဖိုးဦးနှင့် ဒေါ်ညိုတို့မှ မြန်မာသက္ကရာဇ် ၁၃၀၃-ခုနှစ်၊ သီတင်းကျွတ်လဆန်း (၇)ရက်၊ ခရစ်နှစ် ၁၉၄၁-ခု၊ စက်တင်ဘာလ (၂၆) ရက်၊ သောကြာနေ့တွင် ရန်ကုန်တိုင်းတွံတေးမြို့နယ်ရှမ်းစုကြီးကျေးရွာ၌ မွေးဖွားခဲ့သည်။ မွေးချင်း ခြောက်ယောက်အနက် ပဉ္စမမြောက် ဖြစ်သည်။ မွေးချင်းများမှာ ကိုထွန်းရီ၊ မအုန်းကျင်၊ ကိုထွန်းအေး၊ မဝင်း၊ သိန်းတန်၊ မောင်ကြည်ငွေတို့ ဖြစ်သည်။ သောကြာသားဖြစ်သောကြောင့် နေ့သင့်နံသင့် မောင်သိန်းတန်ဟု အမည်ပေးခဲ့သည်။

ငယ်ဘဝ

အရွယ်ရောက်လာသောအခါ ရှမ်းစုကြီးကျေးရွာ မူလတန်းကျောင်း( ဆရာကြီး ဦးချန်ထွန်းကျောင်း)တွင် တတိယတန်းအထိ ပညာသင်ယူခဲ့သည်။ စတုတ္ထတန်းမှ သတ္တမတန်းအထိ ရန်ကုန်မြို့၊ စမ်းချောင်း၊ ဟုမ်းလမ်း (ယခု ပန်းလှိုင်လမ်း) ရှိ အစ်ကိုကြီး ဆေးဆရာ ဦးထွန်းရီ၏ နေအိမ်တွင် နေထိုင်ပြီး ကျောင်းတက် ပညာသင်ယူခဲ့သည်။ ရန်ကုန်တွင် ခုနှစ်တန်းအထိနေပြီး ဟယ်ရီတန်အရေးအခင်းဖြစ်၍ ခုနှစ်တန်းစာမေးပွဲ အောင်ကာ ဇာတိမြေ ရှမ်းစုရွာသို့ ပြန်လာခဲ့သည်။

ထိုမှတဖန် တွံတေး အခြေခံပညာ အထက်တန်းကျောင်းသို့ ပြောင်းရွှေ့ပညာ သင်ယူခဲ့ရာ ၁၉၅၉−ခုနှစ်တွင် နဝမတန်း စာမေးပွဲအောင်မြင်သည်။ တွံတေးသိန်းတန်သည် ငယ်စဉ်ကပင် ကဗျာရေးစပ် သီကုံးခြင်းနှင့် သီချင်းဆိုခြင်း၊ ဂီတကို ဝါသနာအထုံ ပါလာခဲ့၍ တွံတေးမယ်ဒလင် ဦးသန်းကြွယ်ထံတွင် တေးဂီတပညာကို သင်ယူသည်။

ဝန်ထမ်းဘဝ

နဝမတန်း အောင်မြင်ပြီးနောက် ရန်ကုန်မြို့၊ အစိုးရပုံနှိပ်နှင့် စာရေးကိရိယာဌာနတွင် ဝင်ရောက်လုပ်ကိုင်ပြီး ၁၉၆၁−ခုနှစ်တွင် မြန်မာ့အသံသို့ အငယ်တန်းစာရေးအဖြစ် ပြောင်းရွှေ့တာဝန်ထမ်းဆောင်သည်။ ထိုမှ မြန်မာ့အသံ ဓာတ်ပြား၊ ပိဋကတ်တိုက်တွင် လက်ထောက်ပိဋကတ်တိုက်မှူး အဆင့်ထိ တိုးမြှင့်တာဝန်ထမ်းဆောင်ခဲ့သည်။

အနုပညာရှင်ဘဝ

တွံတေးသိန်းတန်သည် သီချင်းရေးသား သီဆိုခြင်း ဝါသနာအရ ဆရာဦးသန်းကြွယ်၊ တပ်မတော်(ရေ)မှ PO ဦးသန်းမြင့်၊ ဂီတာသိန်းစိုး၊ စန္ဒရားမောင်မောင်အေး၊ မောင်မောင်လေးတို့ထံမှ ဂီတပညာကို ဆည်းပူးခဲ့ပြီး ၁၉၅၆-ခုနှစ်တွင် မြန်မာ့အသံ ရေဒီယိုမှ တေးသီချင်း တစ်ပုဒ်စ၊ နှစ်ပုဒ်စ စတင်ထုတ်လွှင့်ခဲ့ရာ ၁၉၆၀-၆၁-ခုနှစ်က ကိုယ်တိုင်ရေး ကိုယ်တိုင်သီဆိုခဲ့သော မျက်ရည်စမ်းဖြင့် ခမ်းလေပြီ သီချင်းဖြင့် ဂီတနယ်သို့ စတင်ဝင်ရောက်ခဲ့သည်။

ထွေးညို

၁၉၆၂−နှစ်တွင် ကိုယ်တိုင်ရေးစပ်သီကုံးကာ မြန်မာ့အသံမှ ထုတ်လွှင့်သော ထွေးညို သီချင်းဖြင့် မြန်မာနိုင်ငံ အနှံ့ ပျံ့နှံ့ကျော်ကြား လူသိများလာသည်။ သို့နှင့် ဓာတ်ပြားလောကတွင် ပန်းနွယ်ကစိမ်း၊ နှမလက်လျှော့နေလေတော့၊ မြသီတာ အကြိုတော်ထောက်ပေမယ့်၊ အသီးတစ်ရာ အညှာတစ်ခု၊ မေတ္တာမီးအိမ်၊ ကိုယ်ရယ် မင်းရယ် ပန်းပိတောက်ရယ်၊ ဖိုးလမင်းကို အောင်သွယ်ခိုင်းမယ်၊ မှုန်နံ့သာ ခြယ်ကာသပါလို့ စသည့်သီချင်းများနှင့် တေးသံရှင် အဖြစ် ထင်ရှားကျော်ကြားခဲ့သည်။ သူ၏သီချင်းများသည် ကျေးလက်၏သဘာဝ အလှအပများနှင့် တောသူတောင်သားတို့၏ ခံစားမှုကို ကိုယ်စားပြုသည်က များသည်။

ရုပ်ရှင်ရိုက်ကူးခြင်း

ထွေးညိုသီချင်းက တွံတေးသိန်းတန်ကို နိုင်ငံကျော် ရုပ်ရှင်မင်းသားဘဝသို့ ပို့ဆောင်ပေးခဲ့သည်။ ၁၉၆၄-ခုနှစ်တွင် မြတ်ကဝိန်ရုပ်ရှင်မှ ဒါရိုက်တာဦးလှအောင် ရိုက်ကူးသော ထွေးညို ဇာတ်ကား၌ မင်းသမီး ခင်သန်းနု၊ သရုပ်ဆောင် ဌေးဝင်းတို့နှင့် အတူ ပါဝင်သရုပ်ဆောင်ခွင့် ရရှိခဲ့ရာ တေးသံရှင် သရုပ်ဆောင်အဖြစ် ထင်ရှားကျော်ကြားလာသည်။ ထို့နောက် ရုပ်ရှင်ဇာတ်ကားများ ဆက်လက်ရိုက်ကူးရန် မြန်မာ့အသံမှ အလုပ်ထွက်ခဲ့ပြီး ချစ်သူပေးသော တေးတပုဒ်ဇာတ်ကားကို ဆက်လက်ရိုက်ကူးသည်။ တွံတေးသိန်းတန်သည် ရုပ်ရှင်ကုမ္ပဏီပေါင်းများစွာက ကမ်းလှမ်းရိုက်ကူးသော ဇာတ်ကားများတွင် အဓိကဇာတ်ကောင်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ရာ မြတ်လေး၊ ဝါဝါဝင်းရွှေနှင့် ချစ်သူပေးသော တေးတပုဒ်၊ ခင်သန်းနုနှင့် မေတ္တာဇာတ်လမ်း ဆုံရာဝယ်၊ ရှုမဝစမ်းစမ်းအေးနှင့် ပန်းနွယ်ကစိမ်း၊ ဇော်လွင်၊ ဝါဝါဝင်းရွှေတို့နှင့် အရွှေတို့ရွာ၊ တင်တင်ညိုနှင့် အညာသားလေး၊ ဒေစီကျော်ဝင်းနှင့် ပန်းကလေးများ မနွမ်းစေချင်၊ မြင့်မြင့်ခိုင်နှင့် မုန်းစရာကြီး၊ မဉ္စူသင်းနှင့် ချမ်းမြေ့သီတဂူ၊ စံရှားတင်နှင့် ချစ်ရက်ကယ်နှောင်း၊ ခင်သန်းနုနှင့် အသက်ကိုနှင်း၍၊ ကြည်ကြည်ဌေး၊ မေယုတို့နှင့် သတ္တိသွေးနှင့် တေးလုလင်၊ နှင်းဆီနှင့် နန်းကြာရိပ်မြိုင်၊ အပါအဝင် ရုပ်ရှင်ဇာတ်ကားပေါင်း (၆၇)ကား ရိုက်ကူးခဲ့သည်။ တွံတေးသိန်းတန်သည် ဝတ္တု၊ ဇာတ်ညွှန်း၊ ဒါရိုက်တာအဖြစ်လည်း ရိုက်ကူးထုတ်လုပ်ခဲ့ရာ မင်းသမီး စန္ဒာနှင့် တွဲဖက်သရုပ်ဆောင်သည့် ကိုယ်ရယ် မင်းရယ် ပန်းပိတောက်ရယ်နှင့် ချစ်မိတော့လည်း အရူးအမူး ဇာတ်ကားတို့မှာ ပရိသတ်၏ နှစ်ခြိုက်အားပေးခြင်း ခံရသည်။

ဓာတ်ပြားသီချင်း

ဓာတ်ပြားတေးသီချင်းများ အနေနှင့် ထွေးညို ထွက်ရှိပြီး နောက်ပိုင်း အဆက်မပြတ် သီဆိုထုတ်လွှင့်ခဲ့ရာ အဆိုတော် တွံတေးသိန်းတန်ကိုယ်တိုင် အရေအတွက် မှတ်မိခြင်း မရှိတော့ဟု ဆိုသည်။ တိတ်ခွေ (၂၉)ခွေ ထွက်ရှိခဲ့ပြီး သီချင်းပုဒ်ရေ ၃၂၀−ခန့်၊ ပြဇာတ်တေးများ ပါဝင်လျှင် ၃၅၀ခန့် ရှိမည်ဟု ခန့်မှန်းကြသည်။

ဇာတ်သဘင်

၁၉၇၄ ခုနှစ်တွင် တွံတေးသိန်းတန် ဂီတရုပ်ရှင် ပြဇာတ် သဘင် ဇာတ်သဘင်အဖွဲ့ကို ဖွဲ့စည်းကာ ဇာတ်မင်းသားအဖြစ်နှင့်လည်း အနယ်နယ် အရပ်ရပ်သို့ လှည့်လည်ကပြခဲ့ရာ ရုံပြည့်ရုံလျှံ ပရိသတ်အားပေးခြင်းကို ခံခဲ့ရသည်။ မြန်မာ့ယဉ်ကျေးမှု တေးသီချင်းများကို သီဆိုလေ့ရှိသော တွံတေးသိန်းတန်သည် ဂီတပရိသတ်အားပေးမှု အများဆုံးရရှိသော တေးပြုအဆိုတော်အဖြစ် မြန်မာ့ဂီတသမိုင်းမှတ်တမ်းများတွင် ဖော်ပြသည်။ ကိုယ်တိုင်ရေး၊ ကိုယ်တိုင်သီဆို အသံလွှင့်ခဲ့သော တေးသီချင်းများစွာအနက် ဖိုးလမင်းကို အောင်သွယ်ခိုင်းမယ်နှမလက်လျှော့ နေလေတော့ဝဏ္ဏပဘာအသီးတစ်ရာ အညှာတစ်ခုအမေ့ပါးက သနပ်ခါး တို့မှာ ခေတ်အဆက်ဆက် မရိုးနိုင်သော တေးများအဖြစ် ဂန္ထဝင်တွင် ကျန်ရစ်သည်။

စာရေးဆရာ

ထို့ပြင် တွံတေးသိန်းတန်သည် ဂီတရုပ်ရှင်သာမက သီးသန့် လုံးချင်းဝတ္တုရှည်များကိုလည်း ရေးသားခဲ့ရာစာအုပ် (၂၀)ခန့်ထိ ရှိခဲ့သည်။ မခေါ်သာ တော်ရာကပြုံးပါမယ်အချစ်ကစနေ ကိုယ်ကစနေ စသော ဝတ္တုစာအုပ်များက ထင်ရှားသည်။

မိသားစုဘဝ

အဆိုတော် တွံတေးသိန်းတန်သည် ဒေါ်စန်းမြင့်နှင့် လက်ထပ်ခဲ့ပြီး သားသမီး (၄)ဦးထွန်းကားခဲ့သည်။ ထို့ပြင် ဘဝအချိုးအကွေ့ အပြောင်းအလဲ၌ ဒေါ်သန်းချစ် (ခေါ်) အဆိုတော်ချစ်စပါယ်နှင့် လက်ထပ်ခဲ့သည်။ ၎င်းတို့၌ သမီးတစ်ဦးရှိပြီး ၎င်းသမီးသည် ယခုအခါ ဖခင်နှင့် မိခင်ကဲ့သို့ပင် ရွှေရည်သိန်းတန် အမည်ဖြင့် အဆိုတော်တစ်ဦးဖြစ်လာသည်။[2]

ဘဝနိဂုံး

တစ်သက်တာ ကာလပတ်လုံး အနုပညာနှင့် နေထိုင်ခဲ့သော တွံတေးသိန်းတန်သည် ၁၉၉၉ခု၊ ဇန်နဝါရီလ (၁၁)ရက်နေ့တွင် ရန်ကုန်မြို့၌ အသည်းကင်ဆာဖြင့် ကွယ်လွန်ခဲ့သည်။ [3]

ကိုးကား

  1. ရဲသွေးထက် ရေး ပြည်သူချစ်သော တွံတေးသိန်းတန်၊ ၂၀၁၅ အောက်တိုဘာလ၊ မြတ်ပန်းရဂုံ စာပေ၊ စာ -၃
  2. မြန်မာ့စွယ်စုံကျမ်းအနှစ်ချုပ်(၂၀၁၆)
  3. ကာတွန်းဝင်းအောင် - အောင်မြင်သော မြန်မာအနုပညာရှင်များ
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.