ထင်းရှူး

ထင်းရှူး (အင်္ဂလိပ်: Pine) မျိုးရင်း၏ ရုက္ခဗေဒ အမည်မှာ ပိုင်နေစီအီး Pinaceae ဖြစ်ပြီး မျိုးစိပ်ပေါင်း ၁၁၅ မျိုးရှိသည်။ ထင်းရှုးမျိုးရင်းဝင်အပင်တို့သည် ကတော့ပုံ အသီးသီးသော အမြဲစိမ်း အပင်များဖြစ်ကြသည်။ ထိုမျိုးရင်းတွင်ပိုင်း၊ လာ့ချ၊ စပရု၊ ဆီဒါ၊ ဖား၊ ယူး၊ ကွန်နီဖါးပင်တို့ပါဝင်ကြ သည်။ ပိုင်းထင်းရှုး၌ မျိုးစိတ်အလွန်များသည်။ မျိုးစိတ်ပေါင်း ၇ဝ ခန့်ကို အမျိုးအစားနား ခွဲခြားပြီးဖြစ်သည်။ ပိုင်းထင်းရှူးသည် ကမ္ဘာမြောက်ဘက်လုံးခြမ်း တစ်ခုလုံးလိုလို၌ အနှံ့အပြားပေါက် ရောက်သည်။ အာရှတိုက်၊ ဥရောပတိုက်နှင့် အမေရိကတိုက်တို့ တွင်လည်း ပိုင်းထင်းရှူးပင် အများအပြား ပေါက်ရောက်သည်။ ပိုင်းထင်းရှူးပင်တို့သည် ပေအနည်းငယ်သာမြင့်သော အပင်များ မှာ ပေ ၂၃ဝ သို့မဟုတ် ထိုမျှမကမြင့်သော အပင်များထိရှိ သည်။ ပိုင်းထင်းရှူး၏ပင်စည်မှာ ဖြောင့်သည်။ အခြားအပင် များနှင့် အနည်းအကျဉ်းရောနှော၍ ထင်းရှူးတောကြီး ဖြစ်သည်အထိ မြောက်မြားစွာ ပေါက်နေိုင်သည်။ ပိုင်းထင်းရှူး၌ အပ်ပုံသဏ္ဌာန် အမြဲစိမ်းအရွက်များ ရှိသည်။ အသီးသည် ကတော့ပုံဖြစ်သည်။ အသီးများသည် သီးပြီးသည်မှ ၂ နှစ် သို့ မဟုတ် ၃ နှစ်ကြာမှ မှည့်ကြသည်။ အသီးအရှည်မှာ ၁ လက်မမှ ၁၈ လက်မထိရှိသည်။ အရွက်များသည် တစ်လက်မ သာသာမှ တစ်ပေကျော်ထိ ရှိနိုင်သည်။ မျိုးစိတ်ကိုလိုက်၍ အရွက် ၂ ရွက်မှ ၅ ရွက်အထိ စု၍ထွက်ကြသည်။ အရွက်၏ အရင်းပိုင်းတွင် ဖွဲကြမ်းကဲ့သို့သော အခွံပါးဖြင့် ဖုံးအုပ်လျက် ရှိသည်။ အသီးများသည် တွဲလျားကျ၍ သီးပြီးလျှင်၊ အသားများသော အကြေးခွံများသည် ထိပ်ပိုင်းတွင် ကတော့ပုံကဲ့သို့ ချွန်၍နေသည်။

ထင်းရှူး
Maritime Pine (Pinus pinaster)
မျိုးရိုးခွဲခြားခြင်း
လောက:
Plantae
Division:
Pinophyta
မျိုးပေါင်း:
Pinopsida
မျိုးစဉ်:
Pinales
မျိုးရင်း:
Pinaceae
မျိုးစု:
Pinus

L.

ပိုင်းထင်းရှူး မျိုးစိတ်အားလုံးကို အဓိကအားဖြင့် နှစ်မျိုးခွဲ ခြားနိုင်သည်။ ထိုသို့ ခွဲခြားသည်မှာ ထင်းရှူးသား၏ အမျိုးအစားကိုကြည့်၍ ခွဲခြားခြင်းဖြစ်၏။ အသားပျော့၍ အရောင်ဖျော့သည့် ထင်းရှူးပင်များကို ထင်းရှူးပျော့ဟုခေါ်သည်။ အသားမာ၍ အရောင်မည်းသည့်အမျိုးကို ထင်းရှူးမည်းဟု ခေါ်သည်။ ထင်းရှူးပျော့မျိုးတွင် အရွက်၏ အရင်းပိုင်းရှိ အခွံပါးများသည် အရွက်ကြီးထွားလာသည်နှင့် တပြိုင်နက် ကြွေကျကုန်သည်။ ထင်းရှူးမည်းမျိုးတွင်မူ ထိုအခွံပါးများသည် အရွက် မကြွေမချင်း ရှိနေကြသည်။ ပိုင်းထင်းရှူးသည် အများအားဖြင့် မည်သည့်မြေဆီလွှာမျိုး၌မဆို ပေါက်နိုင်သည်။ သဲများသည့် ကုန်းမြင့်များတွင် အဖြစ် ထွန်းဆုံးဖြစ်သည်။ မီးခိုးထူထပ်သည့် မြို့ကြီးများတွင် ထင်းရှူးပင်များ တာရှည်အသက်မရှင်နိုင်ကြချေ။ မီးခိုးအတွင်းရှိ ဓာတ်ငွေ့များက ထိုအပင်များကို သေစေသည်ဟု ယုံကြည်ကြသည်။ လာ့ချထင်းရှူးသည် နှစ်စဉ်အရွက်ကြွေသော ထင်းရှူးမျိုး ဖြစ်သည်။ ဆောင်းဥတုတွင် အပင်၌အကိုင်းများသာ ကျန်ရစ်သည်။ ဥရောပတိုက် တောင်ပေါများရာဒေသတွင် ပေါက်သော လာ့ချပင်တို့သည် အမြင့်ပေ ၈ဝ မှပေ ၁၃ဝ ထိရှိကြသည်။ အာရှတိုက်တွင်လည်း လာ့ချပင်များပေါက်သည်။ လာ့ချ ထင်းရှူးသည် လှပသော အပင်မျိုးဖြစ်သည်။ နွေကူးဥတုတွင် အရွက်များ၏အရောင်မှာ စိမ်းဖျော့ဖျော့ရောင်ဖြစ်သည်။ ပွင့်မ တို့၏အရောင်မှာ ကြက်သွေးရောင်ဖြစ်၏။ ပွင့်ဖိုတို့၏အရောင်မှာ အဝါရောင်ဖြစ်၏။ ကတော့ပုံအသီး၏အရောင်မှာ အညိုရောင်ဖြစ်၏။ ရိုးရိုးလာ့ချထင်းရှူးသည် ကမ္ဘာဟောင်းတွင် မူရင်းဒေသအဖြစ် ပေါက်ခဲ့သည်။ အလွန်လှပသဖြင့် ယင်းကို ထိုဒေသမှ အမေရိကတိုက်သို့ယူကာ စိုက်ပျိုးခဲ့ကြသည်။ လာ့ချ ထင်းရှူးအသားသည် အဆီများသော်လည်း၊ မီးမလောင် လွယ်ချေ။ အလွန်ခိုင်ခံ့သဖြင့် လာ့ချအသားကို ကြေးနန်းတိုင်၊ မီးရထားလမ်းခင်းတုံး၊ ဝင်းခြံတိုင်၊ ထင်းအတွက် အသုံးချကြသည်။ အမေရိကတိုင်းရင်းသားများသည် လှေများကို လာ့ချပင်၏ တောင့်တင်းသော အမြစ်များနှင့် ချည်လေ့ရှိကြသည်။ လာ့ချပင်၏ အခေါက်နှင့်လည်း သားရေနယ်ခြင်း၊ ဆေးဆိုးခြင်း ပြုလုပ်ကြသည်။ လာ့ချထင်းရှူးပင်၏ ကတော့ပုံအသီးသည် တစ်လက်မခန့်ရှည်၏။ မှည့်သောအခါ ပထမဦးစွာ တောက်ပသည့် အနီရောင်ရှိသည်။ ထိုနောက်တွင် အညိုရောင်ဖြစ်သွားသည်။ အသီးများသည် အရွက်ကြွေပြီးသော်လည်း အပင်၌ ကျန်ရစ်ကြသည်။

စပရုထင်းရှူးနှင့် အခြားထင်းရှူးမျိုး ကွဲလွဲချက်မှာ ဤ ထင်းရှူးမျိုး၏ ကတော့ပုံအသီးများသည် အောက်သို့ မတ်မတ် စိုက်၍ သီးကြခြင်းပင်ဖြစ်၏။ အပ်သဏ္ဌာန်အရွက်များသည် သစ်ကိုင်း၏ပတ်လည်တွင် ခရုပတ်ပုံထွက်ကြသည်။ စပရု ထင်းရှူးမျိုးပေါင်း ၄ဝ ခန့်ရှိ၏။ မြောက်ဘက်ကမ္ဘာလုံးခြမ်း သည် ထိုထင်းရှူးပေါက်ရာ မူရင်းဒေသဖြစ်သည်။ ဤထင်းရှူး မျိုးသည် ဥရောပတိုက်၊ အာရှတိုက်နှင့် မြောက်အမေရိကတိုက် တို့တွင်လည်း အနှံ့အပြားပေါက်သည်။ ဥရောပတိုက်တွင်ပေါက်သည့် စပရုထင်းရှူးမျိုးအနက် အလှပဆုံးအမျိုးမှာ နော်ဝေး စပရုထင်းရှူးမျိုးဖြစ်သည်။ ထိုထင်းရှူးမျိုးသည် ပေ ၈ဝ မှ ပေ ၁၅ဝ ထိမြင့်သည်။ ဗြိတိန်နိုင်ငံတွင် ထိုထင်းရှူးမျိုးကို အလှစိုက်ပျိုးသည့်အပြင် သစ်သားရလိုသည့်အတွက်လည်း စိုက်ပျိုးကြသည်။ စပရုထင်းရှူးသည် အခြားထင်းရှူးမျိုးများထက် ဖားထင်းရှူးနှင့် ပို၍နီးစပ်သည်။ သို့သော် ဖားထင်းရှူး၏ ကတော့ပုံအသီးများသည် အပေါ်သို့မတ်မတ်ထောင်၍ သီးကြသည်။ အရွယ်ရောက်သော စပရုထင်းရှူးပင်သည် အလွန်မြင့်၍ ပုံသဏ္ဌာန်မှာ အများအားဖြင့် ကတော့ကိုမှောက်ထား သည့် ပုံသဏ္ဌာန်ဖြစ်သည်။ အရွယ်ကြီးရင့်သည့် စပရုထင်းရှူးပင်၏ အောက်ကိုင်းများသည် မြေကြီး၌တရွတ်တိုက်လျက် ရှိတတ်ကြသည်။ ဆီဒါထင်းရှူးပင်သည် အာဖရိကတိုက်မြောက်ပိုင်း၊ အာရှမိုင်းနားနှင့် ဟိမဝန္တာတောင်တန်းတစ်လျှောက်တွင် ဖြစ်ထွန်းသည်။ ဆီဒါပင်၌ အကိုင်းများသည် ဘေးဘက်သို့ဖြာထွက်လျက်ရှိသည်။ ဆီဒါသားသည် သိပ်သည်း၍ ခိုင်ခံ့သည်။ ထိုအပင်၏ အပ်ပုံသဏ္ဌာန်အရွက်သည် မာ၍ ၁ လက်မမှ ၂ လက်မထိရှည်သည်။ ထို အရွက်၏အရောင်သည် အများအားဖြင့် စိမ်းပြာရောင်ဖြစ်သည်။ အချို့ဆီဒါပင်များ၌ ငွေရောင် သို့မဟုတ် အဝါရောင်အရွက်များရှိသည်။ အစေ့ပါသည့် ကတော့ပုံအသီးများသည် အရှည် ၃ လက်မမှ ၅ လက်မအထိ ရှိကြသည်။ ဆီဒါပင်၏အမြင့်သည် ပေ ၅ဝ မှ ပေ ၈ဝ ထိရှိသည်။ ပေ ၆ဝဝဝ မြင့်ရာအရပ်တွင် ပေါက်လေ့ရှိသည်။ အပင်ငယ်၏ပင်စည်သည် ဖြောင့်မတ်လျက်ရှိသည်။ ပထမဦးစွာထွက်သည့် အကိုင်းများသည် အများအားဖြင့် အခြားအကိုင်းများ အပေါ်၌ စီးလျက်နေတတ်သည်။ သို့သော် အပင်ကြီးလာသောအခါ အပေါ်ကအကိုင်းများသည် အောက်ကအကိုင်းများနှင့် ရောပြီးလျှင် သစ်ပင်အုပ်ကလေးသဖွယ် ဖြစ်သွားသည်။ ဆီဒါပင်သည် မြင့်သော်လည်း ဘေးသို့ရှည်ထွက်နေသော အကိုင်း များကြောင့် တစ်ပင်လုံးသည် ပုဝိုင်းဝိုင်းဖြစ်နေ တတ်သည်။ ဆီဒါပင်သည် အမြဲစိမ်းအပင်မျိုးဖြစ်သည်။ နွေကူးဥတုတိုင်းတွင် ရွက်သစ်များထွက်လာသည်။ အရွက်များသည် တဖြည်းဖြည်းသာ ကြွေကျသည်။ ဆီဒါပင်၌ ပွင့်ဖိုနှင့် ပွင့်မများသည် တကိုင်းစီ၌ပွင့်သည်။ ကတော့ပုံအသီးများသည် ထိပ်ပိုင်းပြား၍ မှည့်ရန် ၂ နှစ်ကြာသည်။ ကြီးထွားနေစဉ်အတွင်း ထင်းရှူးဆီ အမြောက်အမြားကို ထုတ်ယူရရှိနိုင်သည်။ အနီရောင် အကြေးခွံများသည် တစ်ခုနှင့်တစ်ခု ကပ်လျက်ရှိကြသည်။ အသီးမှည့်သောအခါ အကြေးခွံများ ကွာကျကုန်သည်။ ဖားထင်းရှူးပင်များကို အာရှတိုက်၊ ဥရောပတိုက်နှင့် မြောက်အာဖရိကတိုက်တို့တွင် တွေ့နိုင်သည်။ ဖားထင်းရှူး ပင်သည် မြောက်သမပိုင်းဇုန်အတွင်းရှိ အထူးသဖြင့် ပို၍အေးသောဒေသများနှင့် မြင့်သောဒေသများတွင်ပေါက်သည်။ ထိုအပင်၏ပုံသဏ္ဌာန်သည် မှောက်ထားသော ကတော့ပုံသဏ္ဌာန်နှင့် ခပ်ဆင်ဆင်တူသည်။ ဖားထင်းရှူးအရွက်များသည် ပိုင်းထင်းရှူးအရွက်များကဲ့သို့ စု၍မထွက်ဘဲ၊ တရွက်စီ အကိုင်းတွင် ပတ်၍ထွက်သည်။ ထိုအရွက်များသည် အများအားဖြင့် အပေါ်ပိုင်းတွင် အစိမ်းရင့်ရောင်ရှိ၍ အောက်ပိုင်းတွင် အစိမ်းနုရောင် ရှိသည်။ ကတော့ပုံအသီးများသည် အကိုင်းပေါ်တွင် ထောင်လျက်သီးကြသည်။ ဖားထင်းရှူးပင်ကို ထင်းရှူးသားနှင့် ထင်းရှူးဆီအတွက် တန်ဖိုးထားကြသည်။ ဥရောပတိုက်၊ ပြင်သစ် ကမ်းခြေတွင်ပေါက်သည့် ဖားထင်းရှူးပင်၏အမြင့်သည် ပေ ၁၅ဝ ရှိ၍ လုံးပတ် ၆ ပေရှိသည်။ မြောက်အမေရိကတိုက်၊ ပစိဖိတ်ကမ်းခြေ တွင်ပေါက်သည့် ဖားထင်းရှူးပင်သည် ပေ ၂ဝဝ မျှပင်မြင့်လေသည်။ ကနေဒါနိုင်ငံတွင် ဖားထင်းရှူးပင်များသည် လျင်မြန်စွာ ကြီးထွားကြသော်လည်း၊ တာရှည် အသက်မရှင်ကြချေ။ ထို ထင်းရှူးပင်၏ အသားကို အသုံးနည်း၏။ သို့သော် ထိုထင်းရှူး အခေါက်မှရသည့် ဗောလဆမ်ခေါ် ထင်းရှူးဆီကို ဆေးအဖြစ် ၎င်း၊ အရောင်တင်ဆီအဖြစ်၎င်း အသုံးချနိုင်သည်။ အမေရိကန် ပြည်ထောင်စုအနောက်ပိုင်းနှင့် ကနေဒါနိုင်ငံတို့တွင်ပေါက်သည့် ဖားထင်းရှူးပင်ကြီးများမှ အဖိုးတန်သစ်ကိုရသည်။

ယူးထင်းရှူးကို ကျောက်ထင်းရှူးဟူ၍ သိကြ၏။ ထိုထင်းရှူးပင်သည် ကြီးထွားရာ၌ ကြန့်ကြာသော်လည်း အလွန်အသက်ရှည်သည်။ အင်္ဂလန်ပြည်တွင် နှစ်ပေါင်း ၁ဝဝဝ ခန့် အသက်ရှည်၍ လုံးပတ် ပေ ၃ဝ ခန့်ရှိသော ယူးထင်းရှူးပင်များ ယခုတိုင်ရှိသေးသည်။ ယူးထင်းရှူးပင်၏ အသားကို အထူးသဖြင့် လေးကိုင်းပြုလုပ်ကြသည်။ ယူးထင်းရှူးအသားမှာ ကျစ်လစ်၍ နီကြန့်ကြန့်အရောင်ရှိ၏။ အရောင်တင်လိုက်လျှင် အလွန်တောက်ပပြောင်လက်လာ၍၊ အိမ်သုံးပရိဘောဂများ ပြုလုပ်ရန် အထူးကောင်းမွန်သည်။ ယူးထင်းရှူးပင်များကို အင်္ဂလန်ပြည်ရှိ ဘုရားရှိခိုးကျောင်းဝင်းများအတွင်း၌ စိုက်ပျိုးထားသည် ကို တွေ့ရသည်။ အရွက်များမှာ ပြားချပ်၍၊ အလျား ၁/၂ လက်မမှ ၃/၄လက်မခန့်အထိရှည်၏။ အရွက်၏အောက် ဘက်သည် အစိမ်းနုရောင်ဖြစ်သည်။ ထိုအရွက်များတွင် အဆိပ် ရှိ၏။ အသီးမှာ ထင်းရှူးသီးမျိုးနှင့် လုံးဝမတူချေ။ ရိုးရိုးသစ်သီးများနှင့် ပုံသဏ္ဌာန်တူ၍ အလယ်တွင် အစေ့တစ်ခုသာ ရှိသည်။ ထိုအစေ့မှာလည်း အဆိပ်ရှိသည်။ ယူးထင်းရှူးပင်များသည် နွေကူးဥတုဦးတွင် အပွင့်ငယ်ကလေးများ ပွင့်လေ့ ရှိကြသည်။

ကွန်နီဖားထင်းရှူးပင်မျိုးသည် အများအားဖြင့် အလွန်မြင့်မား၍၊ ၁၂ ရာသီ စိမ်းလန်းသော အပင်များဖြစ်၏။ ထိုထင်းရှူးပင်မျိုးသည် အေးသောအရပ် ဒေသနှင့် တောင်ကုန်းဒေသများ၌ အများအပြားပေါက်လေ့ရှိသည်။ ကမ္ဘာပေါ်တွင် ထင်းရှူးတောများသည် အရေးကြီးသော သစ်တောများဖြစ်၍၊ ကမ္ဘာလုံး၏ မြောက်ဘက်ခြမ်း၌ ကနေဒါနိုင်ငံ၊ အမေရိကန် ပြည်ထောင်စု၊ ဥရောပတိုက်မြောက်ပိုင်း၊ ရုရှနိုင်ငံတို့တွင် ထူထပ်စွာ ပေါက်ရောက်ကြသည်။ ဂျပန်နိုင်ငံ၊ ဩစတြေးလီးယားတိုက်အပြင် အာရှတိုက်၌ ဟိမဝန္တာတောင်တန်းနှင့် အခြား ဒေသများတွင်လည်း ပေါက်ရောက်ကြသည်။ မြန်မာနိုင်ငံတွင် ရှမ်းကုန်းပြင်မြင့်၌ များစွာပေါက်ရောက်သည်ကို တွေ့ရ၏။ ကွန်နီဖားထင်းရှူးပင်များသည် အများအားဖြင့် အပင်ကြီးများဖြစ်၍ အချို့တို့မှာ ကမ္ဘာပေါ်တွင် အကြီးဆုံး အမြင့်ဆုံးနှင့် အသက်အရှည်ဆုံး အပင်များဖြစ်ကြသည်။ ဗြိတိန်နိုင်ငံတွင် ပေ ၁၇ဝ အထိမြင့်သော အပင် ရှိ၍၊ ဥရောပတိုက်တွင် ပေ ၂ဝဝ ထက်မြင့်သော အပင်များရှိ၏။ မြောက်အမေရိကတိုက် ကာလီဖိုးနီးယားပြည်နယ်ရှိ ထင်းရှူးတောတွင်မူ ပေပေါင်း သုံးလေးရာအထိမြင့်သော အပင်များပင်ရှိလေသည်။ အမေရိကန်ပြည်ထောင်စုရှိ ရက်ဒဝုသစ်တောတွင် ခုတ်လှဲသည့် ကွန်နီဖား ထင်းရှူးပင်များ၏ အသက်ရစ်များကို ကြည့်ခြင်းအားဖြင့် အသက် ၁၁ဝဝ မှ ၁၅ဝဝ နှစ်အထိရှည်ခဲ့သော အပင်များကိုပင် တွေ့ရသည်။ အပင်ကြီးတစ်ပင်မှာ အချင်း ၉၃ ပေမျှ ရှိလေသည်။ အခြားတစ်ပင်မှာမူ ပင်စည်ရင်းကိုဖောက်ထွင်း၍ မော်တော်ကားလမ်းမကြီးကို ဖောက်လုပ်ထားနိုင်လောက်အောင်ပင် ကြီးမားလေသည်။

ကွန်နီဖားထင်းရှူးပင်မျိုးသည် စီးပွားရေးတွင် အခြားသော အပင်များထက် ပို၍အသုံးဝင်သည်။ အသုံးဝင်ရခြင်းမှာ အထူးသဖြင့် အလွန်ရှည်လျား၍ အကြောသိမ်မွေ့သည့် သစ်အမြောက်အမြားကို ရရှိနိုင်သောကြောင့်ဖြစ်၏။ အချို့ကို စက္ကူလုပ်ငန်းတွင် သစ်ပျော့ဖတ်ပြုလုပ်၍ အပင်မှရသော ထင်းရှူးဆီကို လည်း တာရပင်ဆီ ချက်လုပ်ရေးနှင့်တကွ အခြားကိစ္စများတွင် အများအစား အသုံးပြုကြလေသည်။ မြန်မာစသော အရှေ့တိုင်းသားများ၏ ဗိန္ဓောကျမ်းများ၌သာမက အနောက်သိုးဆောင်းတို့၏ ဆေးကျမ်းများ၌လည်း ထင်းရှူးဆီ၏ ဆေးဘက်ဝင်ပုံများကို ဖော်ပြထားသည်။ ထင်းရှူးကို မြန်မာနိုင်ငံ အချို့ဒေသ များ၌ ထင်းရူးဟု ဟထိုးသံမပါဘဲ ခေါ်ဝေါ်ကြသည်။[1]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၅)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.