ထာ၊ ဆရာ(တေးရေးဆရာ)

ဆရာထာ (၁၉၀၁-၁၉၇၉) သည် မြန်မာ ဂီတပညာရှင်နှင့် တေးရေး ဖြစ်သည်။

ငယ်ဘဝနှင့် ပညာရေး

၁၉၀၁ ခု၊ စက်တင်ဘာလ ၃၀ ရက်တွင် ဦးစံခိုင်၊ ဒေါ်မတို့မှ မွေးသည်။

ငယ်စဉ်က အင်းကန်တိုက် ရွှေကျောင်းတွင် မြန်မာစာသင်ပြီး ဦးထွန်းရင်ထံမှ သီချင်းရေးခြင်းနှင့် အကပညာကို ယူသည်။

အနုပညာခရီး

အစ်မဖြစ်သူ မစိန်သုံ အငြိမ့်တွင် စည်တီး၊ ဒိုးတီး လုပ်ကိုင်ရင်း ထိုအငြိမ့်၌ပင် စန္ဒရားတီးသူ ဆရာမောင်ထံမှ စန္ဒရားသင်ပြန်သည်။

သရဲလေး အောင်စိန်၊ စိန်အုပ်၊ အောင်မောင်း၊ စိန်ကတုံးနှင့် စိန်အောင်မင်းတို့အတွက် ဇာတ်သီချင်းများ ရေးစပ်ပေးခဲ့သည်။ စိန်အောင်မင်း၏ နာမည်ကျော် ဘဒ္ဒကလျာဏီ သီချင်းသည် ဆရာထာ ရေးစပ်ခဲ့သော သီချင်းဖြစ်သည်။

အငြိမ့်မင်းသမီးများဖြစ်သော ယူနီဗာစီတီ မြသန်းကြည်၊ ရွှေလိပ်ပြာနှင့် မကြည်အောင်တို့အတွက် အငြိမ့်သီချင်းများ ရေးစပ်ပေးခဲ့သည်။

မန္တလေးမှ ဥဩမယ်တင်၊ ဥက္ကလာ အေးကြည်၊ ဩဘာသောင်းလေဘာတီ မြရင်၊ လှကလေးစိန်၊ ပျော်တော်ဆက် မတင်အောင်တို့ အငြိမ့်များတွင် ပတ္တလားဝင်တီးပေးရင်း သီချင်းရေးစပ်ပေးခဲ့သည်။

ဆရာထာသည် ရွှေမန်းဇာတ်သဘင်တွင် မန်နေဂျာအဖြစ် ဝင်ရောက်ရင်း ရွှေမန်းဇာတ်အတွက် သီချင်းပေါင်းများစွာ ရေးစပ်ပေးခဲ့သည်။

မိသားစုဘဝ

ဒေါ်မမလေးနှင့် အိမ်ထောင်ကျခဲ့ပြီး ခင်အုန်းမြိုင် (မင်းသမီး ရွှေမန်းသူ ခင်အုန်းမြင့်)၊ အေးကို (စန္ဒယား အေးကို)၊ ခင်ဝင်းမေ (ကောလိပ် ခင်ဝင်းမေ) နှင့် ဇာနည်ဝင်းမော် (မင်းသမီး) ဟူသော သားသမီးလေးယောက် ထွန်းကားသည်။

ဘဝနိဂုံး

၁၉၇၉ ခု၊ ဇန်နဝါရီလ ၂၄ ရက်တွင် ကွယ်လွန်သည်။

ကိုးကား

    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.