ထီးဖြူတော်

ထီးဖြူတော် ရာဇဘိသေကကျမ်း အလိုအရ မင်းမြောက်တန်ဆာငါးပါး အဝင်ဖြစ်သည်။

ထီးဖြူတော်မျိုး ၄ စင်း

(၁) ထီးရွက်ကိုးဆင့် ထီးရိုး ဆယ်တောင်ရှိသော 'နဝဒဏ္ဍထီး'၊

(၂) ထီးရွက် အမှတ်မရှိ ထီးရိုးခြောက်တောင်ရှိသော 'မနောဟရထီး'၊

(၃) ထီးရွက်အမှတ်မရှိ ထီးရိုးငါးတောင်ရှိသော 'အာတပတြထီး'၊

(၄) ထီးရွက်အမှတ်မရှိ ထီးရိုးလေးတောင်ရှိသော 'ဝိဇယတြထီး'။

မှတ်ချက် - ရှေ့သုံးစင်းကား ရာဇပလ္လင်မှာ ဆောင်းသော ထီးတော်များဖြစ်၏။ ဝိဇယတြထီးကား ယွန်းကြွ စက်ချီတော်မူရာ စသည်တို့၌ အမြဲဆောင်ဆောင်းသော ထီးတော်ဖြစ်၏။

မင်းခဏ်းလင်္ကာ ကဗျာစာတမ်းတို့၌လည်း ထီးဖြူတော် ၄ စင်းကို ဖော်ပြထားသည်။

'ကနကဒဏ်၊ ထီးမွန် ၂ စင်း၊ ဝင်းဝင်းလျှံပတ်၊ တမွတ်နှစ်ဆူ၊ ရောင်မူညီးညီး၊ ယာဉ်ထီးလေးပါး' ဟု စပ်ဆိုထားကြ၏။

မှတ်ချက် - ယာဉ်ထီးဟူရာ၌ ဧကရာဇ်မင်းမြတ်တို့စီးသော ဆင်ယာဉ် ရထားယာဉ် လှေယာဉ် သုံးပါး၌ ထီးဖြူတော်များ စိုက်ဆောင်ရသည်ကိုစွဲ၍ 'ယာဉ်ထီး' ခေါ်တွင်စေသည်။

ထီးဖြူတော် ၈ စင်း

ဒိသာဇေယျကျမ်းတွင် ထီးဖြူတော် ရှစ်ဖြာဟု ဖော်ပြ၏။

(၁) ကနက္ကဒဏ် ထီး၊

(၂) သူရိယထီး၊

(၃) ပဒုမာထီး၊

(၄) သမုတိထီး၊ ဟူ၍ လက်ဝဲထီးလေးစင်း၊

(၅) ကမ္ဗုထီး၊

(၆) စန္ဒထီး၊

(၇) ကုမုဒထီး၊

(၈) ဝိသကြုံထီးဟူ၍ လက်ယာထီး ၄ စင်းအားဖြင့် ရှစ်စင်းထီးဖြူ မှတ်ယူရာ၏။

[1] [2] [3]

ကိုးကား

  1. ရာဇဘိသေကကျမ်း
  2. ဒိသာဇေယျကျမ်း
  3. သုတေသန သရုပ်ပြ အဘိဓာန်
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.