ဒန့်သလွန်
ဒန့်သလွန်သီး' ၊ ဒန့်သလွန်ရွက်ကို မြန်မာလူမျိုးများက နှစ်သက်စွာ ချက်ပြုတ်စားသောက်လေ့ရှိကြပါတယ်။ ဒန့်သလွန်သီးကို ချဉ်ရည်ဟင်း ချက်ပြုတ်လေ့ရှိပြီး ဒန့်သလွန်ရွက်ကို ကြော်လို့ တဖုံ၊ ဟင်းခါးရည် ချက်လို့ တမျိုး စားကြပါတယ်။
ဒန့်သလွန် | |
---|---|
မျိုးရိုးခွဲခြားခြင်း | |
လောက: | |
(unranked): | Angiosperms |
(unranked): | Eudicots |
(unranked): | Rosids |
မျိုးစဉ်: | Brassicales |
မျိုးရင်း: | Moringaceae |
မျိုးစု: | Moringa |
မျိုးစိတ်: | M. oleifera |
ဒွိနာမ | |
Moringa oleifera | |
ဒန့်သလွန်ရဲ့ ရုက္ခဗေဒအမည်က Moringa Oleifera ဖြစ်ပြီး horseradish tree, drumstick tree, Ben Oil tree လို့ အရပ်အမည် ခေါ်တွင်ပါတယ်။ ဒန့်သလွန်ရဲ့ ဇာတိနေရာကတော့ အိန္ဒိယနိုင်ငံ ဖြစ်ပြီး အပူပိုင်းဒေသနိုင်ငံများကို ပျံ့နှံ့ပေါက်ရောက်နေပါတယ်။ ယနေ့အခါမှာ အာဖရိကနိုင်ငံများ ၊ တောင်အမေရိက ၊ သီရိလင်္ကာ ၊ မက်ဆီကို ၊ မလေးရှား ၊ ဖိလစ်ပိုင်နိုင်ငံတို့မှာ အများအပြား စိုက်ပျိုးကြပါတယ်။ ဒန့်သလွန်ကို နိုင်ငံအလိုက် သက်ဆိုင်ရာ ဘာသာစကားနဲ့ အမည်တွင်ပေမဲ့ အသီး ပုံသဏ္ဌာန်ကြောင့် drumstick tree လို့ လူသိများပါတယ်။
ဒန့်သလွန်ပင် တစ်ပင်လုံးဟာ လွှင့်ပစ်စရာမရှိအောင်ကို အဖိုးတန်လှ ပါတယ်။ ရှေးနှစ်ပေါင်းများစွာကတည်းကပင် ဆေးဖက်ဝင်အပင် အဖြစ် ဒန့်သလွန်ဟာ ယနေ့ထက်တိုင် အကျိုးပြုနေဆဲ ဖြစ်ပါတယ်။ ဒန့်သလွန်ရွက်မှာ ပိုတက်ဆီယမ်၊ သံဓာတ်၊ ပရိုတိန်း ၊ ဗီတာမင်စီ ဓာတ်များ ပါရှိနေပါတယ်။ မြန်မာနိုင်ငံမှာတော့ ဒန့်သလွန်ရွက်ဟင်းရည်ကို သွေးတိုးရောဂါရှင်များအတွက် ချက်ပြုတ်ပေးလေ့ရှိကြပါတယ်။ အခြား နိုင်ငံများတွင်မှာတော့ အရွက်ခြောက်ကို အမှုန့်ပြုလုပ်ကာ ဟင်းရည်များတွင် ထည့်ကာ ချက်ပြုတ်လေ့ရှိကြပါတယ်။
ဒန့်သလွန်သီး အသီးနုများကို ဟင်းချက်စားကြပြီး ရင့်သောအသီးမှ အစေ့များကို မြေပဲကဲ့သို့ စားကြပါတယ်။ ဒန့်သလွန်သီး အစေ့မှ ဆီ ထုတ်ယူပြီး စားသုံးဆီ ၊ စက်သုံးဆီ အဖြစ် အသုံးပြုကြပါတယ်။ ဒန့်သလွန်အပွင့်များကိုလည်း ချက်ပြုတ်စားကြပါတယ်။ ဒန့်သလွန်ပွင့်မှာ လည်းပဲ ကယ်လစီယမ်၊ သံဓာတ် ၊ ဗီတာမင် အေ ၊ ဗီတာမင် ဘီ ၊ ဗီတာမင် စီ နှင့် ပရိုတိန်းဓာတ်များ ကြွယ်ဝနေပါတယ်။ ဒန့်သလွန်ပွင့်ကို ဟင်းချက်လျှင် အရသာမှာ မှိုနှင့်ဆင်တူပါတယ်။ ဒန့်သလွန်ပင်ရဲ့ အခေါက်၊ အမြစ် ၊ အရွက် ၊ အသီး ၊ အပွင့် အားလုံးတို့ဟာ ရိုးရာတိုင်းရင်းဆေးအဖြစ် နိုင်ငံ အတော်များများမှာ အသုံးဝင်ပါတယ်။
ဒန့်သလွန်ပင်ဟာ ၁၀ မီတာခန့် မြင့်ပြီး ကိုင်းများက ကျွတ်ဆတ်ပါတယ်။ အိန္ဒိယနိုင်ငံမှာတော့ ကိုင်းဖြတ် မျိုးပွားယူကြပါတယ်။ ဇွန်လ ၊ ဇူလိုင်လ ၊ ဩဂုတ်လများတွင် ဒန့်သလွန်ကိုင်းကို ကိုင်းအရှည် ၁ မီတာမှ ၂ မီတာ အတွင်း ဖြတ်ပြီး အပင်အသစ်အဖြစ် ပြန်လည် စိုက်ပျိုးကြပါတယ်။ စိုက်ပျိုးပြီး ၆ လမှ ၈ လ အကြာမှာတော့ အသီး စတင် သီးပါပြီ။
အပင်တစ်ပင်လုံး အသုံးဝင်သော ဒန့်သလွန်ပင်မှာ အသီး ၊ အရွက် ၊ အပွင့်တို့က အရသာလည်း ရှိတာကြောင့် အမျိုးမျိုး စီမံချက်ပြုတ် စားသောက်ခြင်းဖြင့် အစာလည်းဆေး ၊ ဆေးလည်းအစာ ဖြစ်နေပါတယ် ။
Horse-radish (ဒန့်သလွန်ပင်)
- Botany Term : Moringa oleifera Lamk
- Species/Family : Moringaceae
ပုံသဏ္ဌာန် :
အပင် - ပင်လတ် မျိုးဖြစ် သည်။ အမြင့် ၂၅ ပေ အထိ မြင့်သည်။ အခေါက် ထူ၍ ချောပြီး အဖြူ စက်ကလေး များရှိသည်။ အတွင်းသား ဖြူသည်။
အရွက် - သုံးခါ ငှက်မွေး ရွက်ပေါင်း ဖြစ်၍ ရွက်လွှဲ ထွက်သည်။ ရွက်မြွှာ များ သေးငယ်၍ ဘဲဥပုံ ရှိပြီး အရင်း အနည်းငယ် သွယ်သည်။ထိပ်ဝိုင်း သည်။ မျက်နှာ ချင်းဆိုင် ထွက်သည်။ ထိပ်ရွက် တစ်ရွက် ပါသည်။ ရွက်ပြား နူးညံ့ ချောမွေ့ ပြီး အနားညီ၏။
အပွင့် - အဖြူရောင် ရှိပြီး အနံ့ ရှိသည်။ တန်ခူး၊ ကဆုန် တွင် ပွင့်သည်။
အသီး - ရှည်လျား ၍ အစိမ်း ရင့်ရောင် ရှိပြီး အက်ကွဲသီး ဖြစ်သည်။ အမြောင်း ပါသည်။ အသီး အတွင်း တွင် အစေ့များ တန်းစီလျက် ၅-၇ စေ့ ခန့် ပါဝင် သည်။ အတွင်းသား ထူသည်။ အစေ့၌ အတောင် ပါသည်။ ကဆုန်၊ နယုန် လတွင် သီး၏။
အမြစ် - အမြစ်ခေါက် ထူသည်။ အမြစ် ဖြာသည်။
အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : ပဉ္စ ငါးပါး။
မြန်မာနိုင်ငံတွင်တွေ့နိုင်သောနေရာများ : မြန်မာ နိုင်ငံ အနှံ့ အပြားတွင် ပေါက်ရောက်သည်။ ဟင်းသီး ဟင်းရွက်ပင် အဖြစ် စိုက်ပျိုး ပေါက်ရောက်၏။ အသုံးဝင်ပုံ : အာနိသင် - မြန်မာ ဆေးကျမ်းများ အလို အရ ဒန့်သလွန် သည် အနည်းငယ် ချို၍ ဖန်သော အရသာ ရှိ၏။ ထက်မြက်၏။ ကြေလွယ်၏။ နှုတ်ကို မြိန်စေ၏။ ဝမ်းမီးကို တောက်စေ၏။ လေ၊ သလိပ်၊ သည်းခြေကို နိုင်၏။ အပူနာ၊ အဖျဉ်း၊ ဂူလုံး အကြော အခြင် ၊ ရောင်ရမ်းနာ တို့ကို နိုင်၏။ မျက်စိ ကို အကျိုးပြု၏။
အသုံးပြုပုံ-
အရွက်
- ဒန့်သလွန်ရွက်၊ ကြက်သွန်ဖြူ၊ ပတဲ ကောမြစ်၊ မိဿလင် ဟင်းခါး ချက်သောက် သော် ရာသီထိမ် ခြင်း ပျောက်၏။
- ဒန့်သလွန် ရွက်ကို ၃ ခွက် တစ်ခွက်တင် ဟင်းချို အဖြစ် ပြုတ်သောက်သော် သွေးတိုး ကျ၏။
အမြစ်
- ဒန့်သလွန် မြစ်ကို ထုထောင်း ကြိတ်ခြေ၍ အရည်ကို ညှစ်ကာ စားပွဲဇွန်း နှင့် တစ်ဇွန်း ခန့် သောက်က အသံဝင် အသံကပ် လည်ချောင်းနာ ပျောက်၏။
- ဒန့်သလွန် မြစ်နှင့် မုန်ညင်းစေ့ အမျှ ပေါင်းစပ်၍ ရောကြိတ်ပြီး ရေတွင် ၂ နာရီ ကျော်မျှ စိမ်ကာ တစ်ခါသောက် စားပွဲဇွန်း တစ်ဇွန်း တစ်နေ့ ၃ ကြိမ်သောက် က အစာ မကြေ ဝမ်းဖော ဝမ်းရောင် ပျောက်၏။
- ဒန့်သလွန် မြစ်ကို သုံးခွက် တစ်ခွက်တင် ကျို၍ စားပွဲဇွန်း တစ်ဇွန်း မှန်မှန် သောက်သော် ဝမ်းတွင်း သက်တန့် ပျောက်၏။
- ပန်းနာ ရောဂါ အတွက် ဒန့်သလွန် မြစ်ကို ကြိတ်၍ ရသော အရည်ကို ချင်းရေနှင့် ရောသောက် ရ၏။
- ဒန့်သလွန် မြစ်မှုန့်နှင့် ပရန္နဝါ မြစ်မှုန့် ဆတူကို အုန်းနို့ ပျားရည် တို့နှင့် ရောစပ် ချက်ပြီး နံနက် ည တစ်ဇွန်း စီ သောက်သော် အားအင် ပြည့်ဖြိုး ခွန်အား တိုး၍ အသက် ရှည်စေ၏။
- အမြစ် ကိုကြိတ်၍ စည်းပေးသော် ရောင်တင်းခြင်း ပျောက်၏။ အမြစ် ကြိတ်ညှစ် ရည်ကို နို့နှင့် ရောသောက်သော် ဆီးချို ရောဂါ ပျောက်၏။
အသီး
- ဒန့်သလွန်သီး ကို ဟင်းချက် ကျွေးက ကလေး များ သန်ကောင်၊ တုတ်ကောင် ကင်းရှင်း စေ၏။
- အသီး ကို အမှုန့် ပြု သကြားနှင့် ရောသောက်သော် ဆီးများခြင်း ပျောက်၏။
အစေ့
- အစေ့ သည် အဆိပ် သင့်ခြင်းနှင့် ခေါင်းကိုက် ရောဂါ ဖြစ်ခြင်း ကို ပျောက်ကင်းစေ တတ်၏။ အစေ့ ကို အမှုန့် ပြု၍ နား၌ ထည့်ပေးသော် နားကိုက်ခြင်း၊ နားပြည်ယို ခြင်း ပျောက်၏။
- အစေ့ဆီကို အနာပေါက် နှင့် ယားနာ အမျိုးမျိုး တို့၌ သုံး၏။
အစေး
- အစေးကို ပါးစပ်၌ ငုံပေး သော် သွားပုပ်ခြင်း ပျောက်၏။
အပွင့်
- အပွင့်ကို ဖောရောင် ခြင်း၊ အဖျဉ်း ကြီးခြင်း နှင့် အကြော ရောဂါ ၊ သက်တန့် ရောဂါ၊သလိပ် ရောဂါ၊ လေဖောက် ပြန်သော ရောဂါ များအတွက် ဆေးဖော်စပ် သုံးရ၏။
အခေါက်
- လတ်ဆတ် သော အခေါက်ရည် ကို နား၌ ထည့်ပေး သော် နား နာကျင် ကိုက်ခဲခြင်း၊ နား ပြည်ယို ခြင်း များကို ပျောက်ကင်း စေတတ်၏။