ဒါန

သူတော်ကောင်းတို့၏ အလှူသည် ငါးမျိုးရှိသည်။ ထိုငါးမျိုးမှာ

  1. သဒ္ဓါဒါန
  2. သက္ကစ္စဒါန
  3. ကာလဒါန
  4. အနုဂ္ဂဟိတဒါန
  5. အနုပဟစ္စဒါန တို့ဖြစ်ကြသည်။

သဒ္ဓါဒါန

ကံ - ကံ၏ အကျိုးကို ယုံကြည်၍ အလှူခံပုဂ္ဂိုလ်အား ပေးလှူခြင်းကို သဒ္ဓါဒါနဟု ခေါ်သည်။ ထိုသူသည် ဖြစ်လေရာ ဘုံဘဝ၌ ရရှိနိုင်သော အကျိုးကျေးဇူးများမှာ

  1. ဥစ္စာပစ္စည်း ကြွယ်ဝချမ်းသာ၏။
  2. များသောအသုံးအဆောင်ရှိ၏။
  3. ရှုချင်သဖွယ် ရှိ၏။
  4. စိတ်ကြည်လင်ဖွယ် ရှိ၏။
  5. လွန်ကဲသော အဆင်းသဏ္ဌာန်နှင့် ပြည့်စုံ၏။

သက္ကစ္စဒါန

လှူဖွယ်ဝတ္ထုပစ္စည်းတို့ကို သပ်ရပ်ကောင်းမွန်သန့်ရှင်းစွာ ပြုပြင်၍ အလှူခံပုဂ္ဂိုလ်အား ရိုသေစွာ လှူခြင်းကို သက္ကစ္စဒါနဟုခေါ်သည်။ ထိုသူသည် ဖြစ်လေရာ ဘုံဘဝ၌ ရရှိနိုင်သော အကျိုးကျေးဇူးများမှာ -

  1. ဥစ္စာပစ္စည်း ကြွယ်ဝချမ်းသာ၏။
  2. များသောအသုံးအဆောင် ရှိ၏။
  3. သား၊ မယား၊ ကျေးကျွန်၊ အခြွေအရံတို့ မိမိစကားကို နားထောင်၏။
  4. တတ်သိနားလည်လွယ်သော ဉာဏ်ရှိ၏။

လှူဖွယ်ဝတ္ထုကို ကောင်းမွန်စွာ မစီမံဘဲ ဖြစ်ကတတ်ဆန်း လှူသောသူသည် ဖြစ်လေရာ ဘုံဘဝ၌ ဥစ္စာစည်းစိမ်ရှိသော်လည်း သား၊ မယား၊ ကျေးကျွန်တို့ အပေါ်၌ ဩဇာမညောင်းဖြစ်တတ်၏။

ကာလဒါန

လှူဖွယ်ဝတ္ထုတို့ကို အချိန်ကာလနှင့် လျှော်ညီအောင် လှူဒါန်းခြင်းကို ကာလဒါနဟု ခေါ်သည်။ ထိုသူသည် ဖြစ်လေရာ ဘုံဘဝ၌ ရရှိနိုင်သော အကျိုးကျေးဇူးများမှာ -

  1. ဥစ္စာပစ္စည်း ကြွယ်ဝချမ်းသာ၏။
  2. များသောအသုံးအဆောင် ရှိ၏။
  3. အချိန်ကာလနှင့် လျှော်စွာ အကျိုးတရားများစွာ ရနိုင်၏။

အချိန်အခါမဟုတ်ဘဲ လှူသောသူသည် ဥစ္စာစည်းစိမ်ရှိသော်လည်း လိုအပ်သော အချိန်၌ လိုအပ်သော ပစ္စည်းများကို မရတတ်ပေ။

အနုဂ္ဂဟိတဒါန

အလှူခံ ပုဂ္ဂိုလ်အား ချီးမြှောက်လို၍ လှူခြင်းကို အနုဂ္ဂဟိတဒါနဟု ခေါ်သည်။ ထိုသူသည် ဖြစ်လေရာ ဘုံဘဝ၌ ရရှိနိုင်သော အကျိုးကျေးဇူးများမှာ

  1. ဥစ္စာပစ္စည်း ကြွယ်ဝချမ်းသာ၏။
  2. များသောအသုံးအဆောင် ရှိ၏။
  3. ရရှိသော စည်းစိမ်ဥစ္စာ အပေါ်၌ သုံးဆောင်လိစိတ်ရှိ၏။ သုံးလည်း သုံးဆောင်၏။

အလှူခံ ပုဂ္ဂိုလ်ကို ချီးမြှောက်လိုသောစိတ်မရှိဘဲ လှူသောသူသည် ဥစ္စာစည်းစိမ်ရှိသော်လည်း မွန်မြတ်သော အသုံးအဆောင်တို့ကို သုံးဆောင်လိုစိတ် မရှိ။ မသုံးဆောင်ရဲဘဲ ရှိတတ်သည်။ အညံစားတို့ကိုသာ သုံးဆောင် ရတတ်၏။

အနုပဟစ္စဒါန

မိမိကိုလည်းကောင်း၊ သူ၏တစ်ပါးကိုလည်းကောင်း မငြိစွန်း မထိခိုက်စေဘဲ အလှူပြုခြင်းကို အနုပဟစ္စဒါနဟာ ခေါ်သည်။ ထိုသူသည် ဖြစ်လေရာ ဘုံဘဝ၌ ရရှိနိုင်သော အကျိုးကျေးဇူးများမှာ -

  1. ဥစ္စာပစ္စည်း ကြွယ်ဝချမ်းသာ၏။
  2. များသော အသုံးအဆောင်ရှိ၏။
  3. မိမိဥစ္စာကို ရန်သူမျိုးငါးပါးကို မဖျက်ဆီးနိုင်။
  4. အမွေခံသားဆိုး၊ သမီးဆိုးတို့ မဖျက်ဆီးနိုင်။

မိမိနှင့် သူတစ်ပါးကို ငြိစွန်းထိခိုက်၍ လှူသူသည် ဥစ္စာစည်းစိမ်ရှိသော်လည်း ရန်သူမျိုးငါးပါးတို့၏ ဖျက်ဆီးနှိပ်စက်ခြင်းကို ခံရသည်။

အလှူဒါန၏ မျက်မှောက်အကျိုး (၅) ပါး

မြတ်စွာဘုရားရှင်သည် ဝေသာလီပြည်၊ မဟာဝုန်တော စုလမ်းမွန်ချွန် အထွတ်တက်သောကျောင်း၌ သီတင်းသုံးစဉ် ဖြစ်သည်။ သီဟစစ်သူကြီး မေးလျှောက်ချက်အရ ဒါန၏ မျက်မှောက်အကျိုး (၅) မျိုးကို ဟောတော်မူခဲ့သည်။ ၎င်းတို့မှာ −

ဒါနဝတ္ထုလှူဒါန်းသော အလှူရှင်သည်

  1. လူအများတို့ မျက်နှာမြင်လျှင် ချစ်ခင်နှစ်သက်ခြင်း၊
  2. သူတော်ကောင်းတို့ မှီခို ဆည်းကပ်လာခြင်း၊
  3. ဂုဏ်ကျေးဇူးသတင်း ပျံ့နှံ့ကျော်ဇောလာခြင်း၊
  4. ပရိတ်သတ်လေးပါသို့ ရွံရှာခြင်းကင်းပြီး ရဲတင်းစွာ ချဉ်းကပ်နိုင်ခြင်း၊
  5. သေသည်၏ အခြားမဲ့၌ နတ်ပြည်သို့ လားရခြင်း စသည့်အကျိုးထူးတို့ကို ခံစားရသည်။ (အံ၊ ၂။ ၃၃−၅)


ထို့ပြင်

  1. ကိလေသာကင်းစွာ ရဟန္တာအရှင်မြတ်တို့၏ အချီးအမြှောက်ကို ရှေးဦးစွာ ခံယူရရှိခြင်း၊
  2. ရဟန္တာအရှင်မြတ်တို့ ရှေးဦးစွာ ချဉ်းကပ်ခံရခြင်း၊
  3. လှူဖွယ်ဝတ္ထုကို ရှေးဦးစွာ လှူဒါန်းခွင့်ရခြင်း၊
  4. တရားတော်ကို ရှေးဦးစွာ နာယူခွင့်ရခြင်း၊
  5. ကောင်းသော ဂုဏ်သတင်းဖြင့် ပျံ့သင်းကျော်ကြားခြင်း၊
  6. ပရိတ်သတ် ၄ ပါးသို့ ရဲဝံ့စွာ ချဉ်းကပ်နိုင်ခြင်း၊
  7. သေသည်၏ အခြားမဲ့၌ နတ်ပြည်သို့ လားရခြင်း စသည့် အကျိုးထူးတို့ကို ခံစားရသည်။ (အံ၊ ၂။ ၄၅၇−၉)

[1]

ကိုးကား

  1. အရှင်သုမန (ကန့်ဘလူ) (မေလ ၂၀၀၅)။ အလှူဒါနဆိုင်ရာသိမှတ်ဖွယ်ရာများ (ပထမအကြိမ် ed.)။ အမှတ် ၁၁၊ ဒဂုဏ်သီရိလမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့: ခင်မြတ်သူစာပေ။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)CS1 maint: location (link)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.