ဒိုင်နိုဆော
ဒိုင်နိုဆော ဆိုသည်မှာ အာခိုဆော အမျိုးအစား တွားသွားသတ္တဝါတစ်မျိုးဖြစ်ပြီး မီဆိုဇိုးရစ် ကာလအတွင်းက ကုန်းပေါ်တွင် အများအပြားရှိသော သတ္တဝါမျိုးလည်း ဖြစ်သည်။
Dinosaurs Temporal range: Upper Triassic – Upper Cretaceous | |
---|---|
Triceratops skeleton | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Sauropsida |
မျိုးပေါင်းသေး: | Diapsida |
Infraclass: | Archosauromorpha |
Superorder: | Dinosauria Owen 1842 |
Orders and suborders | |
|
ဒိုင်နိုဆောဆိုသော စကားလုံးမှာ ဂရိဘာသာစကားမှ ဆင်းသက်လာပြီး ကြောက်မက်ဖွယ်ရာ ပုတ်သင်ညို (terrible lizard) ဟု အဓိပ္ပါယ်ရသည်။ အင်္ဂလိပ်လူမျိုး ဇီဝဗေဒ ပညာရှင် ရစ်ချက်အိုဝင်က ၁၈၄၂ ခုနှစ်တွင် တီထွင်ခဲ့ခြင်း ဖြစ်သည်။
ဒိုင်နိုဆောများကို လွန်ခဲ့သော နှစ်သန်းပေါင်း ၂၃၀ ခန့် အားပါး ထရိုင်ဆစ်ခေတ်က ကျောက်ဖြစ်ရုပ်ကြွင်းများတွင် တွေ့ရှိရသည်။ ဂျူရက်ဆစ်ခေတ် အစောပိုင်းတွင် သူတို့သည် ကုန်းမြေပေါ်ရှိ ဒေသအများစုတွင် လွှမ်းမိုးလာခဲ့သည်။ သူတို့သည် လွန်ခဲ့သော နှစ်ပေါင်း ၆၅ သန်းခန့်အထိ ရှိလာခဲ့ကြပြီး ရုတ်တရက် မျိုးတုံးပျောက်ကွယ် သွားခဲ့ကြသည်။
ငှက်များသည် သာရိုပေါ့ ဒိုင်နိုဆောများမှ ဆင်းသက်လာကြပြီး ကုန်းမြေပေါ်ရှိ ဒိုင်နိုဆောအားလုံးမှာ မျိုးတုံးပျောက်ကွယ်သွားပြီ ဖြစ်သည်။
ဒိုင်နိုဆောများသည် ဘူမိဗေဒ သက်တမ်းအရ Triassic Period (ထရိုင်ယဆစ်ယုဂ်)အတွင်း လွန်ခဲ့သောနှစ်သန်းပေါင်း ၂၂၅ သန်းက ပြောင်းလဲ ဖြစ်ပေါ်လာခဲ့ကြခြင်း ဖြစ်သည်။ အချို့သော သတ္တဝါများသည် ကြက်တစ်ကောင်၏ အရွယ်အစားခန့်သာ ရှိကြ၏။အချို့သော သတ္တဝါများကမူ ကမ္ဘာပေါ်၌ ရှိခဲ့ဖူးသော အရွယ်အစား အကြီးဆုံး သတ္တဝါများ ဖြစ်ခဲ့ကြ၏။ ၎င်းတို့သည် ကမ္ဘာမြေကြီးပေါ်တွင် Jurassic Period (ဂျူရက်ဆစ်ယုဂ်)တစ်လျှောက်လုံးနှင့် Cretaceous Period (ခရီးတေးရှတ်ယုဂ်)ကုန်ဆုံးသည်အထိ လှည့် လည်သွားလာနေခဲ့ကြ၏။ ထရိုင်ယဆစ်ယုဂ်၊ ဂျူရက်ဆစ်ယုဂ်နှင့် ခရီးတေးရှတ်ယုဂ်တို့ကိုတွားသွားသတ္တဝါများခေတ် ဟု သတ်မှတ် ထားကြ၏။
ခန္ဓာဗေဒ
ဒိုင်နိုဆောသည် အာခိုဆောမျိုးနွယ်တစ်ခုဖြစ်သည်။ ပုတ်သင်၏ ဘေးသို့ကားထွက်သည့် ခြေထောက်မျိုးကို ဒိုင်နိုဆော၌ မတွေ့ရပေ။ ဒိုင်နိုဆော၌ ပေါင်ရိုး၏ ပုံသဏ္ဌာန်ပြောင်းလဲသွားသည်။ ပေါင်ရိုးသည် တင်ပါးအရိုးနှင့် ထောင့်မှန်ချိတ်ဆက်ထားသဖြင့် မတ်မတ် လမ်းလျှောက်နိုင်သည်။ မိကျောင်းခြေထောက်များသည်လည်း မတ်မတ်လျှောက်နိုင်သော်လည်း ပေါင်ရိုးသည် တင်ပါးအရိုးအောက် တည့်တည့်မှ ချိတ်ဆက်ခြင်းဖြင့် တိုင်လုံးကဲ့သို့ ထောက်ပံ့ထားခြင်းသာ ဖြစ်သည်။ ဒိုင်နိုဆောသည် အထက်တွင် ဖော်ပြသကဲ့သို့ မတ်မတ် လမ်းလျှောက်နိုင်သည့်အပြင် နောက်ခြေတို့ကို ပိုမိုအားပြုလာသည်။ ထို့ကြောင့် ခြေထောက်သည် မတ်မတ်လမ်းလျှောက်ရုံသာမက ခြေနှစ်ချောင်းဖြင့် မတ်တပ် လည်း လျှောက်ပေသည်။ ရရှိလာသော သွက်လက်ဖျတ်လတ်သည့် လှုပ်ရှားနိုင်စွမ်းသည် ဒိုင်နိုဆောတို့ အောင်မြင်ရခြင်း၏ သော့ချက်တစ်ခုဖြစ်ပေသည်။
မျိုးကွဲများ
တင်ပါးရိုး တည်ဆောက်ပုံအရ အဆိုပါ ရှေ့ပြေးဒိုင်နိုဆောတို့မှ ဆော်ရစ်ချီးယား (Saurischia) နှင့် အော်နီသစ်ချီးယား (Ornithischia) ဟူ၍ အထင်ကရ အုပ်စုနှစ်ခု ကွဲထွက်လာခဲ့သည်။ ဆော်ရစ်ချီးယားသည် နဂိုတွားသွားသတ္တဝါတို့၏ တင်ပါးရိုး တည်ဆောက်ပုံကို ထိန်းသိမ်းထားသည်။ ၎င်းတို့၏ ဆီးစပ်ရိုးသည် ရှေ့ဖက်သို့ လှည့်နေသည်။ အော်နီသစ်ချီးယား၌ ဆီးစပ်ရိုးသည် အောက်ဖက်နှင့် အနောက်ဖက်သို့ လှည့်နေပြီး တင်ပါးခွက်ရိုးနှင့် အပြိုင်ဖြစ်နေကြသည်။
ဆော်ရစ်ချီးယားမျိုးနွယ်များ
ဆော်ရစ်ချီးယားမျိုးနွယ်၌ အသားစားသီရိုပေါ့ (Theropod) နှင့် အရွက်စားဆော်ရိုပေါ့ (Sauropod) တို့ပါဝင်ကြသည်။ သီရိုပေါ့သည် ခြေနှစ်ချောင်းထောက် သားရဲဒိုင်နိုဆောဖြစ်သည်။ အရိုးငြမ်း၌ အခေါင်းပေါက်များဖြင့် ပေါ့ပါးသည့် ခန္ဓာတည်ဆောက်ပုံ ရှိသော ဆီလိုဖိုင်ဆစ် (Coelophysis) နှင့် အမောက်တစ်ခုရှိပြီး အရွယ်ပိုကြီးသော ဒိုင်လိုဖိုဆော (Dilophosaur) တို့သည် ထရိုင်ယဆစ်ယုဂ်၏ အဓိကကျသော သီရိုပေါ့များ ဖြစ်၏။ သီရိုပေါ့မျိုးနွယ်တို့တွင် ထင်ရှားလှသည့် တယ်ရန်နိုဆောရပ်တို့သည် ၄၆ပေခန့် ရှည်လျှားပြီး ပေ၂၀ ခန့်အမြင့်ရှိသည်။
ဆောရိုပေါ့သည် အရွက်စားသည့် ဒိုင်နိုဆောများဖြစ်ကြသည်။ ၎င်းတို့သည် ခြေနှစ်ချောင်းထောက်နိုင်သော်လည်း ခြေလေးချောင်းထောက်၍လည်း သွားနိုင်သည်။ အရွက်စားရန်အတွက် မတူညီသည့် ဆီလျော်ပြောင်းလဲမှုများ ပေါ်ပေါက်ခဲ့သည်။ အစာအိမ်သည် ပါးစပ်ကိုယ်စား အစာချေပေးသည့် ပြောင်းလဲမှုများ ဖြစ်လာသည်။ အစာကြေရန်အတွက် ကျောက်ခဲမျိုချသည့် အကျင့်ရှိသည်။ ဤအစာအိမ်ကျောက်ခဲ (Gastrolith) သုံးစွဲမှုကို ယနေ့ခေတ် တွားသွားသတ္တဝါ၊ အပင်စား ငှက် နှင့် ဖျံအချို့တွင် တွေ့ရနိုင်သေး၏။
အော်နီသစ်ချီယန်မျိုးနွယ်များ
အော်နီသစ်ချီယန်မျိုးနွယ်သည် ခြေနှစ်ချောင်းထောက် အရွက်စားသတ္တဝါများဖြစ်သည်။ ဥပမာအားဖြင့် ထရိုင်ယဆစ်ယုဂ်နှောင်းပိုင်းတွင် နေထိုင်သည့် အော်နီသစ်ချီယန်တို့မှာ ဟက်ထရိုဒွန်တိုဆော (Heterodontosaur) ဖြစ်သည်။ ဟက်ထရိုဒွန်တိုဆော၌ အခြားတွားသွားသတ္တဝါများနှင့် မတူပဲ သွားသုံးမျိုးရှိသည်။ နှုတ်သီးနှင့် ကပ်လျက်ရှိသည့် သွားတစ်စုံမှာ ကိုက်ဖြတ်သွား(Incisor) မျိုးဖြစ်သည်။ အသားကိုက်ဖြတ်ရန် သင့်လျော်သည်။ အံဆုံးဖက်၌ ပြားပြီးထုထည်ရှိသည့် အံသွား (Molar) တို့ရှိကြသည်။ ၎င်းကမူ အရွက်ကိုကြိတ်ဝါးရန် အသုံးဝင်သည်။ နောက်ဆုံး သွားမျိုးမှာ ကိုက်ဖြတ်သွားစုံ၏ အနောက်ဖက်တွင် ရှိသည့် အစွယ်တစ်စုံဖြစ်သည်။ မိတ်ဖက်ရှာရန်၊ သားရဲတို့ကိုခြောက်လှန့်ရန်ဖြစ်နိုင်သည်။ တဖန်ကိုက်ဖြတ်သွားနှင့် အံသွားနှစ်မျိုး လုံးရှိနေ၍ အစုံစားကောင်ဟုလည်း သတ်မှတ်နိုင်ပေရာ အစွယ်သည် အမဲလိုက်ရာတွင် အသုံးဝင်ကောင်း ဝင်ပေမည်။
သိပ္ပံဆိုင်ရာယူဆချက်များ
၁၉၂၅ တွင် မွန်ဂိုးလီးယား၌ ဒိုင်နိုဆောဥများကို ကျောက်ဖြစ်ရုပ်ကြွင်းအနေဖြင့် တူးဖော်ရရှိသည်။ ထို့ကြောင့် ဒိုင်နိုဆောတို့သည် ဥဥ သောသတ္တဝါများဖြစ်သည်ဟု လက်ခံထားကြသည်။ ဒိုင်နိုဆောတို့သည် မည်သည့်အရောင်များဖြစ်သည်ကို သိပ္ပံပညာရှင်များ မရှာဖွေနိုင်ကြသေးပေ။ သိပ္ပံဇာတ်လမ်းများတွင်ပြသထားသော ဒိုင်နိုဆောတို့၏ ပုံပန်းသဏ္ဍန်များမှာ ကျောက်ဖြစ်ရုပ်ကြွင်း ဖွဲ့စည်းပုံများကို အခြေခံ၍ဖန်တီးထားကြခြင်းဖြစ်သည်။ ဒိုင်နိုဆောမျိုးနွယ်တို့၏ ခန့်မှန်းပုံသဏ္ဍန်များမှာ ရှာဖွေတွေ့ရှိမူ့ အသစ်များပေါ်မူတည်၍ အချိန်နှင့်အမျှ ပြောင်းလဲနေသည်။ ဥပမာ - ဗလော်ဆီရပ်တာခေါ် ဒိုင်နိုဆောမျိုးကို ယခင်က ပုတ်သင်ကဲ့သို့ အရေခွံရှိသည်ဟုယူဆခဲ့ကြသော်လည်း လေ့လာတွေ့ရှိချက် အသစ်များအရ ၎င်းသည် ငှက်များကဲ့သို့ အမွေးအတောင်များပါရှိသည်ဟု ပြောင်းလဲ လက်ခံထားကြသည်။
မျက်မှောက်ခေတ် ဒိုင်နိုဆောများ
ဒိုင်နိုဆောမျိုးနွယ်အများစုသည် လူများမပေါ်မှီခေတ်ကပင် ပျောက်ကွယ်သွားကြပြီဖြစ်သည်။ ကျန်ရှိသော အချို့မျိုးနွယ်တို့မှာ ငှက်များအဖြစ် ဆင့်ကဲပြောင်းလဲလာကြသည်။ သိပ္ပံပညာရှင်တို့သည် မျိုးတုန်းသွားပြီဖြစ်သော ဒိုင်နိုဆောများကို DNA နည်းပညာဖြင့် ပြန်လည်မွေးထုတ်နိုင်စေရန်ကြိုးပမ်းနေကြသည်။ ထို့ကြောင့် မကြာတော့သော အချိန်ကာလတွင် ကမ္ဘာပေါ်၌ ဒိုင်နိုဆောတို့ကို ပြန်လည်မြင်တွေ့ရဖွယ် ရှိသည်။