ဒီးဒုတ်
ဦးချိုကဲ့သို့ အမွေးဖုတ်ရှိသော ဇီးကွက်နွယ်ဝင် ညဉ့်ငှက်ကြီး။[1] မသူတော်ခုနစ်ပါးဟုဆိုရိုးရှိသည့် တိရစ္ဆာန်ခုနစ်မျိုးတွင် တစ်မျိုးအပါအဝင် ဖြစ်သည်။
ဒီးဒုတ် | |
---|---|
Adult of subspecies leschenault in Madhya Pradesh (India) | |
သဘာဝထိန်းသိမ်းခြင်း အခြေအနေ | |
Least Concern (IUCN 3.1) | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Aves |
မျိုးပေါင်းသေး: | Neornithes |
Infraclass: | Neognathae |
Superorder: | Neoaves |
မျိုးစဉ်: | Strigiformes |
မျိုးရင်း: | Strigidae |
မျိုးစု: | Bubo (but see text) |
မျိုးစိတ်: | B. zeylonensis |
ဒွိနာမ | |
Bubo zeylonensis (Gmelin, 1788) | |
Diversity | |
[[#Subspecies|3-4 living subspecies, and see text]] | |
Synonyms | |
Ketupa zeylonensis (Gmelin, 1788) (but see text) |
ဇီဝဗေဒအလိုအရ တီးတုတ်ငှက်ကို ‘ကီတူးပါဇီလုံနင်ဆစ်’ ဟုခေါ်သည်။ ‘စတြစ် ဂျီဒီး’မျိုးရင်း တွင်ပါဝင်သည်။ တီးတုတ်ငှက်သည် ကိုယ်ထည်ကြီးမားတုတ်ခိုင်သည်။ ကိုယ်အလျား လက်မ ၂၀ ရှိသည်။ အမွေးအရောင်မှာ အညိုဖြစ်သည်။ ကိုယ်အောက်ပိုင်းရှိ အမွေးများသည် ပို၍အရောင်ဖျော့သည်။ အထူးသဖြင့် ရင်ပိုင်း၌ထောင်လိုက် အမည်စင်းများရှိသည်။ဦးခေါင်းဖက်တွင် အပေါ်သို့ထိုးထွက်နေသော အမွေးစုများသည် နားရွက်နှင့်တူသည်။ မျက်စိများသည် ကြီး၍ဝိုင်းလျက် အဝါရောင် ရှိသည်။ ခြေများတွင် အမွေးမရှိချေ။ တီးတုတ်အဖိုနှင့်အမသည် ရုပ်ချင်းဆင်တူ၏။ နေဝင်ရီတရောအချိန်၌ တောထူထပ်ရာ အရပ်တွင် တစ်ကောင် ချင်းတွေ့ရသည်။
တီးတုတ်ငှက်ကို အိန္ဒိယနှင့် မြန်မာနိုင်ငံတို့တွင် တွေ့ရသည့်ပြင် သီဟိုဠ်ကျွန်း၌လည်း တွေ့ရသည်။ မြန်မာနိုင်ငံတွင် တောင်ခြေရှိ သစ်တောများ၌၊ နေလေ့ရှိသည်။ ကုန်းမြင့်များပေါ်တွင် နေဟန်မတူချေ။
ထိုငှက်သည် တောများတွင် နေလေ့ရှိပြီးလျှင် ချောင်းကြီး ချောင်းငယ်များသို့ လာရောက်ကျက်စားတတ်သည်။ ညဉ့်ငှက် ဖြစ်သဖြင့် နေ့အချိန်တွင်အိပ်၍၊ မှောင်စပျိုးသည့်အချိန်ကျမှ စားကျက်ရှိရာသို့ သွားရောက်သည်။ တီးတုတ်ငှက်၏အော်သံ သည် ကျယ်လောင်၍ လူတစ်ယောက်၏နှုတ်ခမ်းကိုပိတ်လျက် အူအူအူဟု မြည်သော အသံမျိုးနှင့်တူသည်။ ထိုအသံမျိုးကို သုံးခွန်းဆင့်အော်တတ်သည်။
တီးတုတ်ငှက်သည် ငှက်ကလေးများ၊ နို့တိုက်သတ္တဝါများ၊ ငါးနှင့် ကနန်းတို့ကို စားသောက်တတ်သည်။ ခြေသည်းများသည် အစာကို မြဲမြံစွာကိုင်ဖမ်းထားနိုင်ရန် ချွန်ထက်နေသည်။ ရေစပ်နားရှိ သစ်ကိုင်းပေါ်တွင်နား၍ အစာကို ရှာဖွေတတ်သည်။ ရေစပ်တွင်ဆင်း၍ ရေချိုးလျက် အမွေးအတောင်များကို ပြုပြင်ပေးလေ့ရှိသည်။
ဒေသအလိုက် သားပေါက်ချိန် အမျိုးမျိုးရှိသော်လည်း၊ များသောအားဖြင့် ဒီဇင်ဘာလနှင့် မတ်လအကြားတွင် သား ပေါက်တတ်သည်။ ဥများကို ကမ်းပါးကျောက်ဆောင်များ၌ ဖြစ်စေ၊ သစ်ခေါင်းများ၌ဖြစ်စေ အုတတ်သည်။ အသိုက်များကို ရေနှင့်နီးသော နေရာများတွင် ဖွဲ့လေ့ရှိသည်။ စွန်နှင့် လင်းတ များ စွန့်ပစ်သွားသော အသိုက်ဟောင်းများကို ဆက်လက်၍ အသုံးပြုတတ်သည်။ တမြုံလျှင် ဥတစ်လုံးမှ၊ ၂ လုံးရှိတတ်သည်။ ဥမှာ ဖြူ၍ လုံးသယောင်ယောင်ရှိသည်။
စတြစ်ဂျီဒီး မျိုးရင်းဝင် တီးတုတ်ငှက်မျိုး များပြားစွာရှိ၏။ ယင်းတို့အနက် ထင်ရှားသော တီးတုတ် ငှက်မျိုးများမှာ ကုပ်ကလူငှက်၊ မြီးဝန်၊ တောလုံငှက်၊ ဇီးကွက်တို့ဖြစ်ကြသည်။ ထိုငှက်များကို မြန်မာနိုင်ငံ အနှံ့အပြား၌ တွေ့ရသည်။[2]
ကိုးကား
- Burmese Orthography, Myanmar Language Commission, 1993.
- မြန်မာ့စွယ်စုံကျမ်း အတွဲ(၄)