နကုလမာတာ

နကုလမာတာ သည် ဘုရားရှင်နှင့် အကျွမ်းဝင်သည့် အရာတွင် အဂ္ဂဝိဿသီက ဧတဒဂ် ရ အမျိုးသမီး ဖြစ်သည်။ နကုလမာတာနှင့်အတူ ခင်ပွန်းဖြစ်သူ နကုလပိတာ သည်လည်း ရခဲ့ခြင်း ဖြစ်သည်။[1]

သောတာပန် ဖြစ်ခြင်း

ဘဝရေစက်

မြတ်စွာဘုရားရှင်သည် ဘဂ္ဂတိုင်း၊ သုသုမာရဂိရမြို့အနီးရှိ ဘေသကဠာတောအုပ်သို့ ကြွတော်မူလာသည်။ နကုလမာတာတို့ဇနီးမောင်နှံကို ချီးမြှင့်ရန် ကြွတော်မူလာခြင်း ဖြစ်သည်။ ဇနီးမောင်နှံ နှစ်ယောက်တို့သည် အသက်အရွယ် အိုမင်းသော်လည်း သားတော်ဘုရားရှိရာသို့ ကြိုးစားကာ ဖူးမြော်ရန် လာခဲ့ကြခြင်း ဖြစ်သည်။ နကုလမာတာတို့ ဇနီးမောင်နှံသည်ကား ဘဝမခြားဘဲ ဘဝပေါင်းငါးရာတိုင်တိုင် ဘုရားရှင်၏ အဖေ အမေ၊ ဦးလေး ဒေါ်လေး၊ ဘကြီး မေကြီး၊ဦးကြီး အရီး တော်ခဲ့ကြသည်။[1]

တရားနာရခြင်း

ဇနီးမောင်နှံတို့သည် ရှေးဘဝက သံယောဇဉ်တို့ကြောင့် မြတ်စွာဘုရားအား ယခုဘဝတွင် သားရင်းသဖွယ် ချစ်ခင်စိတ်များ ဖြစ်ပေါ်ကြသည်။ မြတ်စွာဘုရားရှင်ထံမှောက် ရောက်ကြသောအခါ ဇနီးမောင်နှံတို့သည် မြတ်စွာဘုရားအား ရင်းနှီးစွာ ပူဇော်ကြလေသည်။ မြတ်စွာဘုရားရှင်လည်း ဇနီးမောင်နှံတို့ကို တရားဟောကြားလေရာ တရားဆုံးသောအခါ နှစ်ဦးစလုံး သောတာပန် ဖြစ်ကြလေသည်။[1]

နောင်ဘဝတွင်ဆက်တိုင်း ပေါင်းဖက်နိုင်ရန်

နကုလမာတာတို့ ဇနီးမောင်နှံသည်လည်း ဘေသကဠာတောအုပ်သို့ နေ့စဉ်ရောက်လာမြဲ ဖြစ်သည်။ သားတော်ဘုရားအား စားသောက်ဖွယ်တို့ဖြင့် လှူဒါန်း၏။ ဝေယျာဝစ္စကိစ္စများကို ဆောင်ရွက်၏။ တရားတော်များကို နာကြားကာ ဘာဝနာကုသိုလ်များပွားများသည်မှာ ညနေမိုးချုပ်သည် အထိပင် ဖြစ်သည်။

တစ်နေ့သောအခါ မြတ်စွာဘုရားအား မိမိတို့ ဇနီးမောင်နှံသည် ငယ်ရွယ်စဉ်ကပင် သစ္စာစောင့်သိစွာ ချစ်ချစ်ခင်ခင် ပေါင်းသင်းလာခဲ့သည်မှာ ယနေ့ထက်တိုင် ဖြစ်ပါသည်။ တပည့်တော်တို့သည် ယခုဘဝမှာ မကွဲမကွာ အတူတူ နေလိုပါသည်။ နောင်ဘဝဆက်တိုင်းလည်း နှစ်ယောက်အတူ ပေါင်းဖက်မြဲ ပေါင်းဖက်လိုပါတယ်ဘုရားဟု နကုလပိတာသည် လျှောက်ထားလေသည်။ နကုလာမာတာသည်လည်း သားတော်ဘုရားထံသို့ ထပ်ဆင့် လျှောက်ထားလေသည်။ထိုအခါ မြတ်စွာဘုရားက ဇနီးမောင်နှံတို့သည် ရာသက်ပန် ပေါင်းဖက်လိုပါက တူညီသော သဒ္ဓါ ရှိမည်။ တူညီသောသီလ ရှိရမည်။ တူညီသော ပေးကမ်းစွန့်ကြဲမှု ရှိရမည်။ တူညီသော ဉာဏ်ပညာ ရှိရမည်။ ဤလေးချက်ဖြင့် ပြည့်စုံပါက ဘဝဆက်တိုင်း ပေါင်းဖက်ရမည်ဟု ဟောကြားတော်မူလေသည်။[1]

ကိုးကား

  1. မလေးငြိမ်။ အဆင့်မြင့် ဗုဒ္ဓဘာသာဝင် အမျိုးသမီးများ
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.