နက္ခတ် ၂၇ လုံး

နက္ခတ် ၂၇ လုံး

မြန်မာနက္ခတ်ကျမ်းများအရ ကောင်းကင်တွင် နက္ခတ် ၂၇ လုံးရှိသည်။ မြတ်စွာ ဘုရားလက်ထက် မတိုင်မီက အဘိဇိ ဟူသော နက္ခတ်တစ်လုံးပါ နက္ခတ် ၂၈ လုံးရှိခဲ့၍၊ နောင်တွင် အဘိဇိ နက္ခတ် ပျောက်ကွယ်သဖြင့်၊ နက္ခတ် ၂၇ လုံးသာ ကျန်သည်။ နက္ခတ် ၂၇ မှာ-

  1. အဿဝဏီ၊
  2. ဘရဏီ၊
  3. ကြတ္တိကာ၊
  4. ရောဟဏီ၊
  5. မိဂသီ၊
  6. အဒြ၊
  7. ပုဏ္ဏဖုသျှု၊
  8. ဖုသျှ
  9. အသလိဿ၊
  10. မာဃ၊
  11. ပြုဗ္ဗာ ဘရဂုဏ္ဏီ၊
  12. ဥတ္တရာဘရဂုဏ္ဏီ၊
  13. ဟဿဒ၊
  14. စိတြ၊
  15. သွာတိ၊
  16. ဝိသာခါ
  17. အနုရာဓ၊
  18. ဇေဋ္ဌ၊
  19. မူလ၊
  20. ပြုဗ္ဗာသဠ်၊
  21. ဥတ္တရာသဠ်၊
  22. သရဝဏ်၊
  23. ဓနသိဒ္ဓ၊
  24. သတ္တဘိသျှ၊
  25. ပြုဗ္ဗာ ပုရပိုက်၊
  26. ဥတ္တရာ ပုရပိုက်၊
  27. ရေဝတီဟူ၍ ဖြစ်သည်။


ထိုနက္ခတ် ၂၇ လုံးနှင့် စပ်လျဉ်း၍၊ နက္ခတ်လုံးရေနှင့် ပုံပန်းသဏ္ဌာန်တို့မှာ တစ်ကျမ်းနှင့် တစ်ကျမ်း မတူညီသော် လည်း၊ အများအသိအမှတ်ပြုသော လုံးရေနှင့် ပုံပန်းသဏ္ဌာန် တို့ကို အောက်တွင် ဖော်ပြထားသည်။ အဿဝဏီနက္ခတ်မှာ မြင်းခေါင်းသဏ္ဌာန် ခြောက်လုံးရှိ၍၊ တူရာသီစန်းယှဉ် နက္ခတ်ဖြစ်သည်။ အဿိ မည်သောနတ် အစိုးရသည်။

ဘရဏီနက္ခတ်မှာ ခုံလောက်သဏ္ဌာန် ၃ လုံး၊ ဗီရဏီ နတ်သမီး၏ ဘုံဗိမာန်ဖြစ်သည် ဆိုသည်။ ထိုနက္ခတ်ကို ယမမင်း အစိုးရကြောင်းလည်း ဆိုသည်။ ကြတ္တိကာ နက္ခတ်မှာ ကြယ်ငယ်စု သဏ္ဌာန် ၇ လုံး ရှိသည်။ ဖျောက်ဆိပ်ကြယ်ဟု၎င်း၊ သူခိုးနက္ခတ် ဟူ၍၎င်း ခေါ်သည်။ ယင်းနက္ခတ်ကို မီးနတ်မင်း အစိုးရကြောင်း ဆို၏။ ဤနက္ခတ်သုံးလုံးသည် ကျီးတာရာနှင့် ယှဉ်၍ သွား၏။ ရောဟဏီ နက္ခတ်မှာ ငါးကြင်းသဏ္ဌာန် ၁ဝ လုံးရှိသည်။ ထိုနက္ခတ်ကို ဗြဟ္မာနတ် အစိုးရကြောင်းဆိုသည်။ မိဂသီ နက္ခတ်မှာ လိပ်ခေါင်းသဏ္ဌာန် ၃ လုံးရှိသည်။ ထိုနက္ခတ်ကို သသီ အမည်ရှိသော လနတ်သား စောင့်ကြောင်း ဆိုသည်။ အဒြနက္ခတ်မှာ လိပ်လက်သဏ္ဌာန် ၁ လုံး ရှိသည်။ ထိုနက္ခတ်ကို ပရိမိသွာနတ်မင်း အစိုးရကြောင်း ဆိုသည်။ အထက်ပါ နက္ခတ်သုံးလုံးကား ဟင်္သာတာရာနှင့် ယှဉ်၍ သွား၏။ ပုဏ္ဏဖုသျှုနက္ခတ်မှာ အဖန်တလဲလဲ မိုးကို ရွာစေတတ် သောကြောင့် ထိုသို့ ခေါ်သည်။ လုံးရေ ၅ လုံးရှိ၍၊ ပုံသဏ္ဌာန်မှာ သင်္ဘောသဏ္ဌာန် ဖြစ်၏။ ထိုနက္ခတ်ကို အဒိတိ နတ်သမီးအစိုးရကြောင့် ဆိုသည်။ ဖုသျှနက္ခတ်မှာ ကျွေးမွေးခြင်း၊ ပွားများခြင်းအနက်ကို စွဲ၍၊ ဖုဿ၊ ဖုသျှဟု ခေါ်ဆိုခြင်း ဖြစ်သည်။ နက္ခတ်လုံးရေ ၁ဝ လုံး ရှိ၍၊ ငှက်ချေးခံသဏ္ဌာန်ကို ဖြစ်၏။ ထိုနက္ခတ်ကို ဇီဝဂြိုဟ် နတ်မင်းအစိုးရကြောင်း ဆိုသည်။ အသလိဿ နက္ခတ်မှာ ခက်ရင်းသဏ္ဌာန် ၄ လုံးရှိ၏။ ထိုနက္ခတ်ကို ဖဏိမည်သော မြွေနတ်မင်းအစိုးရကြောင်း ဆိုသည်။ ဤနက္ခတ်သုံးလုံးကား ပုစွန်တာရာနှင့် ယှဉ်၍ သွား၏။ မာဃနက္ခတ်မှာ သံကောက်သဏ္ဌာန် ၄ လုံးရှိသည်။ ထိုနက္ခတ်ကို ပီတရာနတ်မင်း အစိုးရကြောင်း ဆိုသည်။ ပြုဗ္ဗာဘရဂုဏ္ဏီ နက္ခတ်မှာ ဥတ္တရာဘရဂုဏ္ဏီနက္ခတ်နှင့် ပေါင်း၍၊ ညောင်စောင်းသဏ္ဌာန် ၄ လုံးရှိသည်။ ထိုနက္ခတ်ကို ယောနိနတ် အစိုးရကြောင်း ဆိုသည်။ ဥတ္တရာဘရဏ္ဏီနက္ခတ်မှာ ပြုဗ္ဗာဘရဏ္ဏီနက္ခတ်နှင့် ပေါင်း၍၊ ညောင်စောင်းသဏ္ဌာန် ၄ လုံးရှိကြောင်း ဆိုသည်။ ထိုနက္ခတ်ကို အယမနတ် အစိုးရကြောင်းလည် ဆိုသည်။ ဤနက္ခတ် သုံးလုံးကား ချိန်တာရာနှင့် ယှဉ်၍သွား၏။ ဟဿဒနက္ခတ်မှာ လက်ဝါးနှင့်တူ၍ ခေါ်ခြင်းဖြစ်သည်။ လက်ငါးချောင်း သဏ္ဌာန် ၅ လုံးရှိကြောင်း ဆိုသည်။ ထိုနက္ခတ်ကို နေနတ်မင်း အစိုးရကြောင်းလည်း ဆိုသည်။ စိတြနက္ခတ်မှာ ပုလဲသဏ္ဌာန် ၁ လုံးရှိသည်။ ထိုနက္ခတ်ကို တဗ္ဗနတ် အစိုးရသည်ဟု ဆိုသည်။ သွာတိ နက္ခတ်မှာ ကသစ်ပွင့် သဏ္ဌာန် ၂ လုံးရှိသည်။ ထိုနက္ခတ်ကို ပဝနမည်သော လေနတ်မင်း အစိုးရသည်ဟု ဆိုသည်။ ယင်းနက္ခတ် သုံးလုံးကား ဆံကျင်တာရာနှင့် ယှဉ်၍ သွား၏။ ဝိသာခါ နက္ခတ်မှာ ပတ်ဆိုင်းဝိုင်းသဏ္ဌာန် ၁၄ လုံး ရှိသည်။ ထိုနက္ခတ်ကို သက္ကာနီမည်သော သိကြား မိဖုရား သုဇိတာ အစိုးရကြောင်း ဆိုသည်။ အနုရာဓ နက္ခတ်မှာ နဂါးလည်ဆစ်သဏ္ဌာန် ၁၅ လုံး ရှိသည်။ ထိုနက္ခတ်ကို မိတ္တမည်သော နတ်အစိုးရကြောင်း ဆိုသည်။ ဇေဋ္ဌနက္ခတ်မှာ နဂါးချက်မဟု ခေါ်၍၊ ၅ လုံးရှိ၏။ ထိုနက္ခတ်ကို သိကြားမင်း အစိုးရကြောင်း ဆိုသည်။ ဤနက္ခတ်သုံးလုံးကား တံငါတာရာနှင့် ယှဉ်၍သွား၏။ မူလနက္ခတ်မှာ ၄ လုံး ရှိ၍၊ နဂါးအမြီးဟု ခေါ်သည်။ ထိုနက္ခတ်ကို နိရတိ ရက္ခိုသ် အစိုးရကြောင်း ဆိုသည်။ ပြုဗ္ဗာသဠ် နက္ခတ်မှာ ဥတ္တရာသဠ် နက္ခတ်နှင့် ပေါင်း၍၊ ဆင်မလှမ်းဟန် ၄ လုံး ရှိကြောင်း ဆိုသည်။ ထိုနက္ခတ်ကို တောယရေနတ် အစိုးရကြောင်းလည်း ဆိုသည်။ ဥတ္တရာသဠ်နက္ခတ်မှာ ပြုဗ္ဗာသဠ်နက္ခတ်နှင့် ပေါင်း၍၊ ဆင်မလှမ်းဟန် ၄ လုံး ရှိကြောင်း ဆိုသည်။ ထိုနက္ခတ်ကို အဿိဒေဝနတ် အစိုးရကြောင်းလည်း ဆိုသည်။ ဤနက္ခတ်သုံးလုံးကား ဆင်တာရာနှင့် ယှဉ်၍ သွား၏။ သရဝဏ်နက္ခတ်မှာ မြားသဏ္ဌာန် (ဝါ) မောင်ရင်ဆိုင်းထမ်း သဏ္ဌာန် သုံးလုံးတန်းလျက် ရှိသည်။ ထိုနက္ခတ်ကို ဟရိ မည်သော ပိဿနိုးနတ်မင်း အစိုးရကြောင်း ဆိုသည်။ ဓနသိဒ္ဓနက္ခတ်မှာ အင်ကြင်းသီးသဏ္ဌာန် ၄ လုံးရှိသည်။ ထိုနက္ခတ်ကို ဝသုနတ်မင်း အစိုးရကြောင်း ဆိုသည်။ သတ္တဘိသျနက္ခတ်မှာ ဆုံကြီးသဏ္ဌာန် ၆ လုံး ရှိသည်။ ထိုနက္ခတ်ကို ဝရုဏနတ်မင်း အစိုးရကြောင်း ဆိုသည်။ ယင်းနက္ခတ်သုံးလုံးကား မြင်းတာရာနှင့် ယှဉ်၍သွားလေ သည်။ ပြုဗ္ဗပုရပိုက်နက္ခတ်မှာ နွားခြေ နွားလက်နှင့် တူ၍ ခေါ်ဆို ခြင်းဖြစ်သည်။ ဥတ္တရာ ပုရပိုက်နက္ခတ်နှင့် ပေါင်း၍၊ အင်းပျဉ် သဏ္ဌာန် ၄ လုံးရှိသည်ဟုဆိုသည်။ ထိုနက္ခတ်ကို အဇဒေဝ နတ်မင်း အစိုးရကြောင်းလည်း ဆိုသည်။ ဥတ္တရာပုရပိုက်နက္ခတ်မှာ ပြုဗ္ဗာပုရပိုက်နက္ခတ်နှင့် ပေါင်း၍၊ အင်းပျဉ်သဏ္ဌာန် ၄ လုံးရှိကြောင်း ဆိုသည်။ ထိုနက္ခတ်ကို အဟိပြနနတ်မင်း သို့မဟုတ်၊ အဟိဗုဓနတ်မင်း အစိုးကြောင်း လည်း ဆိုသည်။ ရေဝတီနက္ခတ်မှာ မြှုံးသဏ္ဌာန် ၉ လုံးရှိကြောင်း ဆိုသည်။ ထိုနက္ခတ်မှာ အဿဝဏီမှစ၍ ရေသော် ၂၇ လုံးမြောက် နောက်ဆုံး နက္ခတ်ဖြစ်သည်။ ထိုနက္ခတ်ကို ပုမာနတ်အစိုးရ ကြောင်းဆိုသည်။ ဤနက္ခတ် သုံးလုံးကား ဗျိုင်းတာရာနှင့် ယှဉ်၍ သွား၏။ နက္ခတ် ၂၇ လုံးတို့သည် ရာသီစက်လှည့်၍၊ အစဉ်အတိုင်း တစ်ရာသီမှ တစ်ရာသီသို့ ကူးဝင်ကြရာ၊ တစ်ရာသီလျှင် ၂ လုံး တစ်ပါဒ်အားဖြင့်၊ ၁၂ ရာသီတွင် နက္ခတ်စက်တစ်ပတ်လည်မိ၍၊ တစ်နှစ်ဟု ခေါ်သည်။ ၁၂ ရာသီ စန်းယှဉ်နက္ခတ်များမှာ ရာသီ အလိုက် ၁၂ လုံးရှိသည်။[1]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ( )
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.