နန္ဒမာလာဘိဝံသ၊ အရှင်

ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ သည် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်၏ ဒုတိယမြောက် ပါမောက္ခချုပ်ဆရာတော်အဖြစ် တာဝန်ထမ်းဆောင်တော်မူခဲ့သည့် ဆရာတော်တစ်ပါး ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ အဘိဓမ္မာမဟာသိပ္ပံ၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း) တို့၏ ပါမောက္ခချုပ် ဆရာတော် ဖြစ်သည်။ စစ်ကိုင်းမြို့၊ မဟာသုဗောဓာရုံကျောင်းတိုက်၏ ပဓာနနာယကဆရာတော် လည်းဖြစ်သည်။ အရှင်မြတ်သည် ကျမ်းစာရေးသားခြင်း၊ စာပေပို့ချခြင်း၊ တရားဟောပြောခြင်း၊ တရားပြသခြင်း၊ ယဉ်ကျေးလိမ္မာ လူငယ်သင်တန်းများ ဖွင့်လှစ်ခြင်း စသည်တို့ကို ဆောင်ရွက်လျက်ရှိပါသည်။

ဆရာတော် နန္ဒမာလာ ဘိဝံသ
ဆရာတော်၏ပုံ
ဘာသာဗုဒ္ဓဘာသာ
ဘာသာအုပ်စုထေရဝါဒ
ဂိုဏ်းရွှေကျင်နိကာယ
ကျောင်းတိုက်မဟာသုဗောဓာရုံကျောင်းတိုက် (စစ်ကိုင်း)
ဘွဲ့တံဆိပ်
ပညာ/လူမှု အဖွဲ့အစည်းမဟာသုဗောဓာရုံစာသင်တိုက် (စစ်ကိုင်း)
ကျော်ကြားမှုစာသင်၊ စာချ၊ တရားဟောခြင်
ပညာရေး
  • သကျသီဟ ပရိယတ္တိသာသနဟိတ
  • သာသနဓဇသီရိပဝရ ဓမ္မာစရိယ
  • သာသနာလင်္ကာရသာမဏေကျော်ဘွဲ့
  • စ​ေတိယင်္ဂဏ အဘိဝံသဘွဲ့ (ရန်ကုန်)
  • သာသနဓဇဓမ္မာစရိယ ဝိနယပါဠိပါရဂူဘွဲ့
  • ပါရဂူဘွဲ့ (မာဂဓတက္ကသိုလ်၊ အိန္နိယ)
အခြားအမည်များပါချုပ်ဆရာတော်
ဓမ္မအမည်နန္ဒမာလ
ရဟန်း အမည်နန္ဒမာလာဘိဝံသ
ပုဂ္ဂိုလ်ရေးရာ
နိုင်ငံသားမြန်မာ
မွေးဖွား (1940-03-22) ၂၂ မတ်၊ ၁၉၄၀
ညောင်ပင်ရွာ၊ စဉ့်ကူးမြို့နယ်မန္တလေးတိုင်းဒေသကြီး
မိဘဦးစံလှ(ဦးဂုဏောဒယ)နှင့် ဒေါ်ခင်(ဒေါ်ဝံသဂ္ဂီ)
ရာထူး တာဝန်
ဌာနအပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်နှင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်
ဂုဏ်ဒြပ်ပါမောက္ခချုပ် (တက္ကသိုလ်နှစ်ခုလုံး)
တာဝန်ယူကာလ၂၀၀၅-၂၀၁၉ (ထေရဝါဒတက္ကသိုလ်)၊ လက်ရှိ (သီတဂူ)
ခန့်အပ်ခြင်းသာသနာရေးဝန်ကြီးဌာန (ထေရဝါဒတက္ကသိုလ်))၊ သီတဂူဆရာတော် (သီတဂူ)
ယခင်ဒေါက်တာ သီလနန္ဒာဘိဝံသ (ထေရဝါဒတက္ကသိုလ်)၊ မရှိ (သီတဂူ)
ဆက်ခံမခန့်အပ်ရသေး (ထေရဝါဒတက္ကသိုလ်)၊ မရှိ (သီတဂူ)
နှုတ်ထွက်သည့်အကြောင်းကျန်း​မာရေး
ဘာသာရေးရာ
ဆရာ(များ)
လက်ရာများတရားဟောစဉ် စာအုပ်များစွာ
စတင်ဝင်ရောက်ခြင်းဝိပဿနာဂန္ဓာရုံချောင်၊ ၁၉၄၉ (စံကင်းဆရာတော်​ေ
ဝက်ဘ်ဆိုဒ်drnandamalabhivamsa.com.mm
ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ

ထေရုပ္ပတ္တိ

၁၃၀၁ ခုနှစ် တပေါင်းလပြည့်၊ (၁၉၄၀ ခုနှစ်၊ မတ်လ ၂၂ ) စနေနေ့တွင် မန္တလေးတိုင်းဒေသကြီးစဉ့်ကူးမြို့နယ်၊ ညောင်ပင်ရွာ၊ ခမည်းတော် ဦးစံလှ(ဦးဂုဏောဒယ)နှင့် မယ်တော် ဒေါ်ခင်(ဒေါ်ဝံသဂ္ဂီ) တို့မှဖွားမြင်သည်။ ၁၃၀၅ (၁၉၄၄) ခုနှစ်၊ အသက်(၅)နှစ်သားအရွယ်တွင် စဉ့်ကူးမြို့နယ်၊ ညောင်ပင်ရွာ၊ ပေါ်တော်မူ ကျောင်းဆရာတော် ဦးကေလာသ (ဦးလေးဘုန်းကြီး)ထံတွင် မြန်မာစာနှင့် ဗုဒ္ဓစာပေများကို စတင်သင်ကြားခဲ့သည်။ ၁၃၁၁ (၁၉၄၉) ခုနှစ်၊ ဝါဆိုလဆန်း(၁၁)ရက်၊ အသက် (၁၀)နှစ်အရွယ်တွင် စစ်ကိုင်းတောင်ရိုး၊ ဝိပဿနာဂန္ဓာရုံချောင်၌ အဘိဓဇမဟာရဋ္ဌဂုရု၊ နဝမရွှေကျင်သာသနာပိုင် စံကင်းဆရာတော်ဘုရားကြီးကို ဥပဇ္ဈာယ်ပြုလျက် ရှင်သာမဏေပြုခဲ့သည်။ ၁၃၁၄ (၁၉၅၃) ခုနှစ်၊ အသက် (၁၃)နှစ်တွင် အဘိဓမ္မာစာမေးပွဲ (၃)ဆင့် စတင်အောင်မြင်ခဲ့သည်။

၁၃၂၀ (၁၉၅၈) ခုနှစ်တွင် စစ်ကိုင်းမြို့၊ မဟာသုဗောဓာရုံတိုက်ကို နောင်တော်များနှင့်အတူ တည်ထောင်ကာ ပဓာနစာချ၊ တိုက်ကြပ် အဆင့်ဆင့် တာဝန်များထမ်းဆောင်ခဲ့သည်။ ၁၃၂၁ (၁၉၆၀) ခုနှစ်တွင် နဝမရွှေကျင်သာသနာပိုင် စံကင်းဆရာတော်ဘုရားကြီးကို ဥပဇ္ဈာယ်ပြု၍ ရဟန်းဘဝသို့ရောက်ရှိခဲ့သည်။ နောင်တော်ရင်းဖြစ်သော ဘဒ္ဒန္တနာရဒထံ၌ သဒ္ဒါ၊ ပိဋက အခြေခံစာများ၊ ပထမပြန်စာမေးပွဲဆိုင်ရာ ကျမ်းစာများသင်ယူခဲ့ပြီး၊ ဇယမေဒနီဝါဆိုကျောင်းဆရာတော် ဘဒ္ဒန္တအဂ္ဃိယ (စုဒ္ဒသမ ရွှေကျင်သာသနာပိုင်၊ အဘိဓဇမဟာရဋ္ဌဂုရု)ထံ ဓမ္မာစရိယတန်းဆိုင်ရာ ကျမ်းစာများကို သင်ယူခဲ့သည်။ စစ်ကိုင်းမြို့၊ မဟာသုဗောဓာရုံတိုက်၌ နောင်တော်များဖြစ်ကြသည့် နာယက၊ တိုက်အုပ်၊ တိုက်ကြပ်ဆရာတော်များထံ၌ သကျသီလ၊ စေတိယင်္ဂတန်းဆိုင်ရာကျမ်းစာများကို သင်ယူခဲ့သည်။ ရန်ကုန်မြို့၊ ဇမ္ဗူဒီပကျောင်းဆောင်၌ တိပိဋ္ဋက ပါဠိ+မြန်မာ အဘိဓာန်ကျမ်းပြုအဖြစ်ဆောင်ရွက်နေစဉ် ချမ်းမြေ့ရိပ်သာဆရာတော် ဘဒ္ဒန္တ ဇနကာဘိဝံသထံတွင် အင်္ဂလိပ်ဘာသာကို စတင်သင်ယူခဲ့သည်။

၁၃၃၂ (၁၉၇၃) ခုနှစ်မှ စတင်၍ ကျမ်းစာများ ရေးသားပြုစုခဲ့ရာ အင်္ဂလိပ်၊မြန်မာ နှစ်ဘာသာဖြင့် ကျမ်းစာများကို ထုတ်ဝေခဲ့ပြီးဖြစ်သည်။ ၁၃၃၉ (၁၉၈၀) ခုနှစ်တွင် ပထမအကြိမ်သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်အတွက် စစ်ကိုင်းသံဃာနယကအဖွဲ့(ရွှေကျင်)အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ဓမ္မာစရိယစာမေးပွဲအကျိုးတော်ဆောင်အဖြစ်လည်းကောင်း၊ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် (ရွှေကျင်)အဖြစ်လည်းကောင်း၊ ပဌမပြန်စာမေးပွဲ ပြဋ္ဌာန်းကျမ်းစာပြင်ဆင်ရေးအဖွဲ့ အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ နိကာယ်စာမေးပွဲစည်းမျဉ်းစည်းကမ်း ရေးဆွဲရေးအဖွဲ့ဝင်၊ နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၁/၉၈) ၏ ဝိနည်းဓိုရ်၊ ပဌမပြန် စာမေးပွဲကျင်းပရေးအဖွဲ့ (စစ်ကိုင်း)၏ ပုစ္ဆာကအဖွဲ့ ဥက္ကဋ္ဌအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။ ၁၃၄၇ (၁၉၈၆) ခုနှစ်တွင် အိန္ဒိယနိုင်ငံ အာသံနှင့် အရုဏပရာဒေ့ရှ်မှ ရဟန်း၊ သာမဏေကျောင်းသားငယ်များအား မြန်မာစာနှင့် အဘိဓမ္မာတို့ကို ပို့ချပေးခဲ့သည်။ ၁၃၅၅ (၁၉၉၄) ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၊ မေရီလင်းပြည်နယ် ဆီလ်ဗားစပရင်းမြို့ မင်္ဂလာရာမကျောင်း၌ မြန်မာဗုဒ္ဓဘာသာဝင်တို့အား အဘိဓမ္မာဘာသာရပ်ကို ပို့ချပေးခဲ့သည်။ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၌ ပါမောက္ခချုပ်အဖြစ် ဆောင်ရွက်ကာ၊ Department of Language Studies ၌ English Diploma တန်းနှင့် B.A တန်များ၌ ဆိုင်ရာဘာသာရပ်များကိုလည်းကောင်း၊ အမေရိက၊ ကိုရီးယား၊ မက္ကဆီကို၊ ဂျာမနီ၊ ပြင်သစ်စသောနိုင်ငံများမှ ကျောင်းသား၊ ကျောင်းသူများအား ပါဠိဘာသာ အဘိဓမ္မာဘာသာရပ်များကိုလည်းကောင်း သင်ကြားပို့ချပေးခဲ့သည်။ ၁၃၅၈ (၁၉၉၉) ခုနှစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ထေရဝါဒသာသနာပြုတက္ကသိုလ်၏ ဩဝါဒါစရိယ ဧည့်ပါမောက္ခအဖြစ် ပြည်တွင်းပြည်ပ ကျောင်းသားများအား စာပေပို့ချပေးခဲ့သည်။ (၂၀၀၃)တွင် အိန္ဒိယနိုင်ငံ မဂဓ တက္ကသိုလ်မှ ပါရဂူဘွဲ့ (Ph.D).ရရှိခဲ့သည်။[1] ၂၀၀၃ ခုနှစ်မှ စတင်၍ ဂျာမနီ၊ နယ်သာလန်၊ ဩစတြေးလျ၊ အင်္ဂလန်၊ စင်္ကာပူ၊ မလေးနိုင်ငံများသို့ နှစ်စဉ်မပြတ် ကြွရောက်၍ အဆိုပါနိုင်ငံများအား အဘိဓမ္မာသင်တန်းများ သင်ကြားပို့ချပေးလျက်ရှိသည်။ [2]

၁၃၆၇ (၂၀၀၅) ခုနှစ်တွင် ရန်ကုန်မြို့၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒသာသနာပြုတက္ကသိုလ်၏ ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ယခုအခါ ဒေါက်တာနန္ဒမာလာဘိဝံသသည် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ မဟာသုဗောဓာရုံစာသင်တိုက်၌ စာသင်သား ၁၈၀ကျော်တို့အား ငယ်၊ လတ်၊ ကြီး စာဝါများ၊ ဓမ္မာစရိယစာဝါများ၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၌ ပါမောက္ခချုပ် တာဝန်ကိုထမ်းဆောင်ရင်း ဒီပလိုမာသင်တန်းများနှင့် B.A, M.A တန်းများ၌ စာပေပို့ချပေးတော်မူရင်း ပြည်တွင်း၌ တရားဓမ္မများ ဟောပြောကာ စစ်ကိုင်းမြို့၊ မဟာသုဗောဓာရုံတိုက် ပဓာနနာယက ဆရာတော်အဖြစ် သာသနာပြုလျက်ရှိသည်။

ဆရာတော်သည် ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် ကျန်းမာရေးအခြေအနေအရ ရန်ကုန် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်၏ ပါမောက္ခချုပ်အဖြစ်မှ အနားယူခဲ့သည်။[3]

ဆက်ကပ်ခံရသော ဘွဲ့တံဆိပ်တော်များ

၁၃၁၇ (၁၉၅၆) ခုနှစ်၊ အသက် (၁၆)နှစ်တွင် အစိုးရ ဓမ္မာစရိယတန်းကို ဂုဏ်ထူးကျမ်း (၂)ကျမ်းနှင့်တကွ အောင်မြင်၍ သာသနဓဇသီရိပဝရ ဓမ္မာစရိယ ဘွဲ့ရရှိခဲ့သည်။ ၁၃၁၉ (၁၉၅၇) ခုနှစ်တွင် သာသနာလင်္ကာရသာမဏေကျော်ဘွဲ့ကို ရရှိခဲ့သည်။ ၁၃၂၄ (၁၉၆၃) ခုနှစ်တွင် ရန်ကုန်စေတိယင်္ဂဏ အဘိဝံသဘွဲ့ကို ရရှိခဲ့သည်။ ၁၃၂၅ (၁၉၆၄) ခုနှစ်တွင် သာသနဓဇဓမ္မာစရိယ ဝိနယပါဠိပါရဂူဘွဲ့ကို ရရှိခဲ့သည်။ ၁၃၂၅ (၁၉၆၄) ခုနှစ်တွင် မန္တလေး သကျသီလ အဘိဝံသဘွဲ့ကိုရရှိခဲ့သည်။ ၁၃၄၈ (1989) ခုနှစ်တွင် University Of Kelaniya မှ M.A (Buddhist Studies) ဘွဲ့ကို ရရှိခဲ့သည်။ ၁၃၅၇ (၁၉၉၆) ခုနှစ်တွင် နိုင်ငံတော်မှ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်ကို ဆက်ကပ်ခဲ့သည်။ ၁၃၆၁ (၂၀၀၀) ခုနှစ်တွင် နိုင်ငံတော်မှ အဂ္ဂမဟာပဏ္ဍိတဘွဲ့ကို ဆက်ကပ်ခဲ့သည်။ ၁၃၆၄ (၂၀၀၃) ခုနှစ်တွင် အိန္ဒိယနိုင်ငံ မဂဓတက္ကသိုလ်မှ Ph.D ဒေါက်တာဘွဲ့ကို ရရှိခဲ့သည်။ ၂၀၂၀ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲ၌ အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်ကို ဆက်ကပ်ခဲ့သည်။[4]

ကိုးကား

  1. ဓမ္မအသံမဂ္ဂဇင်း (သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆယ်နှစ်ပြည့် အထိမ်းအမှတ်)၊ P-6၊ (၂၀၀၇) မတ်လ
  2. ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ထေရုပ္ပတ္တိ အကျဉ်း 20 February 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 October 2014 တွင် ပြန်စစ်ပြီး။
  3. ငြိမ်းချမ်း (၁၃ နိုဝင်ဘာ ၂၀၁၉)။ ပါမောက္ခချုပ် ဆရာတော် ထေရဝါဒ တက္ကသိုလ်မှ အနားယူ 7Day Daily။ ၆ ဇန်နဝါရီ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  4. မြန်မာ့အလင်းသတင်းစာ။ "၂၀၂၀ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲ မဟာမင်္ဂလာ အခမ်းအနားကျင်းပ"၊ 9-3-2020။

ပြင်ပလင့်ခ်များ

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.