နာမ်စား
ဥပမာ − ငါ၊ ကျွန်တော်၊ ကျွန်မ၊ ကျွန်ုပ်၊ ကျုပ်၊ သင်၊ မင်း၊ ခင်ဗျား၊ ရှင်၊ နင်၊ ညည်း၊ သူ၊ သင်း၊ ဤ၊ သည်၊ ထို၊ ၎င်း၊ အဘယ်၊ ဘယ်၊ အချို့၊ အားလုံး။[1]
နာမ်၏ အစားသုံးသောပုဒ်ကို နာမ်စား ဟုခေါ်သည်။
နာမ်စား (၄) မျိုး
နာမ်စား (၄) မျိုးရှိသည်။ ၎င်းတို့မှာ −
(က) ပုဂ္ဂလနာမ်စား
(ခ) အညွှန်းနာမ်စား
(ဂ) အမေးနာမ်စား
(ဃ) သင်္ချာနာမ်စား[1]
ပုဂ္ဂလနာမ်စား
ပုဂ္ဂိုလ်၏ အစားသုံးသော နာမ်စားကို ပုဂ္ဂလနာမ်စား ဟုခေါ်သည်။ ပုဂ္ဂလနာမ်စား (၃) မျိုးရှိသည်။ ၎င်းတို့မှာ −
(က)ပြောသူနာမ်စား
(ခ) ကြားနာသူနာမ်စား
(ဂ) အပြောခံနာမ်စား[1]
ပြောသူနာမ်စား
(၁) ပြောသူနာမ်၏ အစားသုံးသော ပုဒ်ကို ပြောသူနာမ်စား ဟုခေါ်သည်။
ဥပမာ − ငါ၊ ကျွန်တော်၊ ကျွန်မ၊ ကျွန်ုပ်၊ ကျုပ်၊ ကိုယ်၊ တပည့်တော်၊ တပည့်တော်မ။
–ငါ ဂုဏ်ထူးရအောင် ကြိုးစားမယ်— ဟု မောင်မောင်က ပြောသည်။ (ဤဝါကျ၌ ငါသည် မောင်မောင် ဟူသော နာမ်၏ အစားသုံးသော နာမ်စား ဖြစ်သည်။ မောင်မောင်သည် ပြောသူနာမ် ဖြစ်သည်။ ထို့ကြောင့် ငါ သည် ပြောသူနာမ် ဖြစ်သည်။ ထို့ကြောင့် ငါ သည် ပြောသူနာမ်စား ဖြစ်သည်။)
ထို့နည်းတူ ကျွန်တော်၊ ကျွန်ုပ်၊ ကျုပ်၊ ကိုယ်၊ တပည့်တော်၊ တပည့်တော်မတို့သည် ပြောသူနာမ်၏ အစားသုံးသော ပြောသူနာမ်စား ဖြစ်သည်။
(၂) ပြောသူနှင့် ကြားနာသူတို့၏ အသက်အရွယ်၊ အဆင့်အတန်း၊ ခင်မင်ရင်းနှီးမှုစသည့် အခြေအနေတို့ကိုလိုက်၍ ပြောသူနာမ်စား အမျိုးမျိုးကွဲပြားသည်။
ဥပမာ −
(က) –ငါတို့ရုပ်ရှင်သွားကြည့်ရအောင်— ဟု ခင်ခင်ကပြောသည်။
(ခ) –ကျွန်တော် ကြီးလာလျှင် ဆရာဝန်ကြီး လုပ်မည်— ဟု မောင်ရေခဲက ပြောသည်။
(ဂ) –ကျွန်မ ကြီးလာလျှင် ကျောင်းဆရာမကြီး လုပ်မည်— ဟု မဝိုင်းက ပြောသည်။
(ဃ) –ဤအမှုကို ကျွန်ုပ် စီရင်ချက် ချမည်— ဟု တရားသူကြီးက ပြောသည်။
(င) –ကျုပ်တို့ရွာကို လာလည်ပါအုံး— ဟု မကျည်းတန်က ဖိတ်ခေါ်သည်။
(စ) –ကိုယ် နက်ဖြန် မောင်ရင်တို့အိမ်ကို လာခဲ့အုံးမယ်— ဟု ဖိုးအေးက ပြောသည်။
(ဆ) –တပည့်တော် ပြန်ပါရစေအုံးဘုရား— ဟု ဆရာတော်အား ဒကာကြီး ဦးတင်က ခွင့်ပန်သည်။
(ဇ) –တပည့်တော်မ၏ အိမ်ကို မနက်ဖြန် အရုဏ်ဆွမ်းဘုဉ်းပေးရန် ကြွပါဘုရား— ဟု ဒကာမကြီး ဒေါ်မေက လျှောက်သည်။[1]
ကြားနာသူနာမ်စား
(၁) ကြားနာသူ၏ အစားသုံးသောပုဒ်ကို ကြားနာသူနာမ်စား ဟုခေါ်သည်။
ဥပမာ − မင်း၊ ခင်ဗျား၊ ရှင်၊ နင်၊ သင်၊ ညည်း။
ပြောသူသည် ကြားနာသူကို တိုက်ရိုက် ရည်ညွှန်းပြောဆိုသောအခါ ကြားနာသူ၏ အမည်ကို သုံးမည့်အစား နာမ်စားကို သုံး၍ ပြောသည်။ ထိုနာမ်စားသည် ကြားနာသူ၏ အမည်ကို အစားသုံးသောကြောင့် ကြားနာသူနာမ်စား ဖြစ်သည်။
–မင်းကို အထူးအဆန်းတစ်ခု ပြောရအုံးမယ်— ဟု မောင်ဇော်ကို မောင်ရေခဲက ပြောသည်။ ( ဤဝါကျ၌ မောင်ဇော်သည် ကြားနာသူနာမ်ဖြစ်သည်. မင်းသည် မောင်ဇော်ဟူသော ကြားနာသူနာမ်စား၏ အစားသုံးသော နာမ်စားဖြစ်သည်။ ထို့ကြောင့် မင်းသည် ကြားနာသူ နာမ်စား ဖြစ်သည်။ ထိုနည်းတူ ခင်ဗျား၊ ရှင်၊ နင်၊ သင်၊ ညည်း တို့သည် ကြားနာသူနာမ်၏ အစားသုံးသော ကြားနာသူနာမ်စားများ ဖြစ်ကြသည်။)
(၂) ပြောသူနှင့် ကြားနာသူတို့၏ အသက်အရွယ်၊ အဆင့်အတန်း၊ ခင်မင်ရင်းနှီးမှု စသည့်အခြေအနေတို့ကိုလိုက်၍ ကြားနာသူ နာမ်စားအမျိုးမျိုး ကွဲပြားသည်။
ဥပမာ −
(က) –ခင်ဗျား အတွေးအခေါ် အလွန်ကောင်းပါပေသည်— ဟု ဦးဖြူကို ဦးဘထွန်းက ချီမွမ်းသည်။
(ခ) –ရှင် ပြန်လာသည်အထိ စောင့်နေပါမည်— ဟု မဖြူက မောင်နီကို ပြောသည်။
(ဂ) –နင် ကျောင်းမှန်မှန် တက်ဖို့ကောင်းသည်— ဟု မဝိုင်းက မောင်ရေခဲကို သတိပေးသည်။
(ဃ) –သင်၏ ကျေးဇူးကို မမေ့ပါ— ဟု ကြွက်ကလေးက ခြင်္သေ့မင်းကို ပြောသည်။
(င) –ညည်း ကို မတွေ့ရသည်မှာ ကြာပြီ— ဟု မစံပယ်က မနီကို ပြောသည်။[1]
အပြောခံနာမ်စား
(၁) အပြောခံနာမ်၏ အစားသုံးသော ပုဒ်ကို အပြောခံနာမ်စား ဟု ခေါ်သည်။
ဥပမာ − သူ၊ သင်း၊ ယင်း၊ ၎င်း။
ပြောသူနှင့် ကြားနာသူတို့၏ အကြား၌ အပြောခံ ပုဂ္ဂိုလ်တစ်ဦးရှိတတ်သည်။ ထိုအပြောခံ ပုဂ္ဂိုလ်သည် အပြောခံနာမ် ဖြစ်သည်။ အဆိုပါ အပြောခံနာမ်၏ အစားသုံးသော နာမ်စားသည် အပြောခံနာမ်စား ဖြစ်သည်။
–မောင်ဇော်ကို မနေ့က မတွေ့ဘူး။ သူနေမကောင်းဘူး ထင်ပါရဲ့— ဟု မောင်ရေခဲကို မဝိုင်းက ပြောသည်။ ( ဤဝါကျ၌ ပြောသူသည် မဝိုင်းဖြစ်၍ ကြားနာသူသည် မောင်ရေခဲ ဖြစ်သည်။ မဝိုင်းနှင့် မောင်ရေခဲတို့သည် မောင်ဇော်၏ အကြောင်းကို ပြောနေခြင်း ဖြစ်သောကြောင့် မောင်ဇော် သည် အပြောခံနာမ် ဖြစ်သည်။ ထို့ကြောင့် သူ သည် အပြောခံနာမ် မောင်ဇော် ၏ အစားသုံးသော အပြောခံနာမ်စားဖြစ်သည်။)
(၂) ထိုနည်းအတူ သင်း၊ ယင်း၊ ၎င်း တို့သည်လည်း အပြောခံနာမ်၏ အစားသုံးသော အပြောခံနာမ်စားများ ဖြစ်ကြသည်။
ဥပမာ −
(က) မောင်ညိုသည် အလွန်မိုက်ရိုင်းသည်။ သင်းကို သတိထားဟု မောင်အေးအား ဒေါ်မြက ပြောသည်။
(ခ) မြမြသည် သူတစ်ပါးကို ကူညီလေ့ရှိသည်။ ၎င်းကို လူတိုင်းက ခင်မင်ကြသည်။
(ဂ) မောင်ရွှေသည် ဖျားနေသည်။ ယင်းကို ဆရာဝန်က ဆေးထိုးပေးသည်။[1]
သင်္ချာနာမ်စား
အရေအတွက်နှင့် ပမာဏကို ပြသော နာမ်စားကို သင်္ချာနာမ်စား ဟုခေါ်သည်။သင်္ချာနာမ်စား (၂) မျိုးရှိသည်။ ယင်းနာမ်စား (၂) မျိုးတို့မှာ —
(က) အရေအတွက်ပြသင်္ချာနာမ်စား
(ခ) ပမာဏပြသင်္ချာနာမ်စား[2]
အရေအတွက်ပြသင်္ချာနာမ်စား
အရေအတွက်ကိုပြ၍ နာမ်၏အစားသုံးသောပုဒ်ကို အရေအတွက်ပြသင်္ချာနာမ်စား ဟုခေါ်သည်။
အရေအတွက်ပြသင်္ချာနာမ်စားတို့မှာ တစ်ခု၊ တစ်စောင်၊ သုံးကောင်၊ နှစ်စင်း စသည်တို့ ဖြစ်ကြသည်။
ဥပမာ –
(၁) မြန်မာပြည်၌ ထင်ရှားသော ပင်လယ်ကမ်းခြေ နှစ်ခုရှိသည်။ တစ်ခုသည် ငပလီကမ်းခြေဖြစ်၍ တစ်ခုမှာ မောင်းမကန်ကမ်းခြေ ဖြစ်သည်။
(၂) အစ်ကိုကြီးသည် သတင်းစာသုံးစောင်ကို ဈေးကဝယ်လာသည်။ နှစ်စောင်သည် မြန်မာသတင်းစာဖြစ်၍ တစ်စောင်မှာ အင်္ဂလိပ်သတင်းစာ ဖြစ်သည်။
(၃) လယ်သမားကြီးဦးဖိုးမြသည် နွားငါးကောင်ကို မွေးထားသည်။ သုံးကောင်သည် နို့စားနွားများဖြစ်၍ နှစ်ကောင်မှာ ခိုင်းနွားဖြစ်သည်။
(၄) ဘူတာရုံ၌ မီးရထားလေးစင်း ဆိုက်နေပြီး နှစ်စင်းသည် အစုန်ဖြစ်၍ နှစ်စင်းမှာ အဆန်မီးရထားဖြစ်သည်။[2]
ပမာဏပြသင်္ချာနာမ်စား
ပမာဏကိုပြ၍ နာမ်၏ အစားသုံးသောပုဒ်ကို ပမာဏပြသင်္ချာနာမ်စားဟု ခေါ်သည်။
ပမာဏပြသင်္ချာနာမ်စားတို့မှာ အချို့၊ အားလုံး၊ အများစု စသည်တို့ ဖြစ်ကြသည်။
ဥပမာ –
(၁) တောင်းထဲ၌ သရက်သီးများရှိသည်။ အချို့မှာ မှည့်ပြီ။
(၂) ကျောင်းသားများသည် ကျောင်းဝင်းထဲ၌ သန့်ရှင်းရေး လုပ်နေကြသည်။ အများစုက ချုံများကို ရှင်းလင်းကြသည်။[2]
ကိုးကား
- မြန်မာသဒ္ဒါ အတွဲ (၁)၊ အခန်း (၃) − သတ္တမတန်း။
- မြန်မာသဒ္ဒါ အတွဲ (၂)၊ အခန်း (၅) − နဝမတန်း။