နိက္ခမစောတောထွက်စေ

နိက္ခမစောတောထွက်စေ ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

အကြောင်းအရာ

အလုံအထက်တိုက် ကြောင်ပန်းတောရ ဆရာတော်က တွေ့သမျှ ဒါယကာများ ရဟန်းပြုခိုင်းအပြုခိုင်းသောအကြောင်း ရေးဖွဲ့ထားသည့် သံချိုကဗျာ ဖြစ်သည်။

နိက္ခမစောတောထွက်စေ

တလုံးဂါတ်ကယ်နှင့် ရုံးမှတ်ခါဌာနာထူတဲ့၊ ရွာရွှေကူ ရွှေမွန် ရှေ့တွင်မှ၊ လွန်မွေ့သိမ်အဘိညာဏ်ရှုပေတဲ့၊ ရှင်သုမေဓာသို့၊ ဧကစာ ဒေသနာပွားကြရအောင်၊ တရားတော်ဟောညွန့်တတ်ပေတဲ့၊ တောရမြတ်ထေပုဂ္ဂိုလ်။

တကာတွေရွာရွှေတိုးက၊ နွေမိုးစင်မပြတ်သွားလို့၊ တရားအမှန်နာကြ၊ သံသရာမြစ်ရေဇလုပ်တွင်မှ၊ နစ်မြုပ်ပေါ်တာရှည်ကြမည်ကြောင့်၊ မုက္ခမန် သုတ္တံ မပြပြီဘု၊ အရိယာ ပကတိသာဝက တွေတဲ့၊ တိဘဂဝါ ဘိဓမ္မာ အရကိုမှ၊ ခွန်းမိန့်ကဆို။

နယ်ရှစ်ခွင်နိုင်ငံကျော်လို့၊ ထံတော်ပန်မျှော်ဖူးသူတို့၊ ညွတ်နူးသည်စေတနာကြောင့်၊ ကေသာဖြကာရိတ်လို့၊ သပိတ်လွယ်ရုံသင်္ကန်းနှင့်၊ ရဟန်းပင်မြောက်ပါရစေဟု၊ လျှောက်လာကြများလူဗိုလ်၊ ပျားပဒူလိုချိုအီသို့ စိတ်မနော။

စိန္တေကျော် ဝါတော်ဆိုတဲ့ ရာဇဂြိုဟ် ရွှေပြည်မြတ်သို့၊ ရည်မှတ်ခါအာရုံပြုလို့၊ ကာလုဒါယီ နှင့်၊ ရာဆယ်လီကိုးကြိမ်မြောက်အောင်ပ၊ ကိုးခေါက်တိုင် ကိုးကြိမ်သွားကြရ၊ ထံပါးတွင်ခိုကာဝင်မိရင်၊ ဘုရားရှင်ကိုယ်တော်ရံပ၊ မုတ်ဆိတ်ဆံရိတ်ပြန်ဘိစေ၍၊ ဧဟိဘိက္ခူဟု ခေါ်တော်မူ အမိဖမ်းလေသို့၊ ကြောင်ပန်းပင် အရညတွင်မှ၊ စင်ခခိုပုဂ္ဂိုလ်မြတ်ကယ်က၊ တရားနာ အပါးလာလို့ ကပ်သူတို့၊ သပိတ်ပါ ပရိက္ခရာအပ်ပါလို့၊ ခေါင်းတုံးပြောင် တလုံးရောင် ဖြတ်ကြဟု၊ ဘုန်းအကျပ်ဟော။

ခက်ဆစ်

၁။ ဂါတ် = ရဲစခန်းတည်ရာရုံး။

၂။ ဌနာ = ရဲစခန်းတည်ရာရုံး။

၃။ ရွှေကူ = ကူတော်ရွာ။

၄။ ရွှေမွန် = ရမွန်ရွာ။

၅။ ဧကစာ = တဦးတည်းနေခြင်းအလေ့။

၆။ ရွှေတိုး = ကတိုးရွာ။

၇။ မုက္ခမန် = မုခမင်္ဂလိက (ပါ)၊ နှုတ်ဖြင့်မင်္ဂလာပြုခြင်း။

၈။ သုတ္တန် = သုတ္ထံန္တပိဋက (ဘုရားဟောဒေသနာ)။

၉။ အရိယာ = ပုထုဇဉ်ထက် မြင့်မြတ်သောသူ။

၁၀။ ပကတိသာဝက = မြတ်စွာဘုရား၏ တပည့်သား သုံးမျိုးတွင် တတိယအဆင့်ရှိ တပည့်မျိုး (အဂ္ဂသာဝက၊ မဟာသာဝက၊ ပကတိသာဝက)။

၁၁။ ဘိဓမ္မာ = အဘိဓမ္မာတရားတော်။

၁၂။ စိန္တေကျော် = မြတ်စွာဘုရား။

၁၃။ ကာလုဒါယီ = မြတ်စွာဘုရား၏ ဖွားဘက်တော် အမတ်ကြီး။

၁၄။ ဧဟိဘိက္ခူ = မြတ်စွာဘုရား၏ ခေါ်တော်မူခြင်း ခံရသည့်ရဟန်း။

၁၅။ အရည = တောအရပ်။

မှတ်ချက်

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် နာမည်ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော နာမည်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား

    [1]

    1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။
    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.