နိမိတ်

နိမိတ်ဟူသည် ကောင်းမည်၊ ဆိုးမည်၊ ဖြစ်မည်၊ ပျက်မည် စသည်တို့ကို ကြိုတင်သိစေနိုင်သော အကြောင်းအမှတ်၊ လက္ခဏာဟူ၍ မြန်မာအဘိဓာန် အကျဉ်းချုပ်တွင် အဓိပ္ပါယ်ဖွင့်ဆိုပါသည်။ ဆရာကြီး ဟံသာဝတီဦးဘရင်က နိမိတ္တဟူသော ပါဠိဘာသာမှ ဆင်းသက်လာပြီး ဖြစ်လတ္တံ့သော အနာဂတ်အရေး၏ အကြောင်းကို အရိပ်လက္ခဏာ တင်ကြိုပြနှင့်ခြင်း ဟူ၍ ဖော်ပြသည်။ [1]

`ဖြစ်မယ် ဆိုရင်လည်း နိမိတ်ကအရင်လာတယ်၊ ပျက်မယ်ဆိုရင်လည်း နိမိတ်က အရင်လာတယ်´ လို့ ဆိုသည်။ ဖြစ်မယ့်ပျက်မယ့် ကိစ္စတွေအားလုံးသည် နိမိတ်တစ်ခု၊ (တစ်ခါတစ်လေ တစ်ခုထက်ပိုပြီး) နိမိတ်ပြတတ်ပါသည်။ ရှေ့ပြေး ပုဗ္ဗနိမိတ် လာပြီးမှ အဖြစ်အပျက်တွေ ဖြစ်လာတာဘဲ ဖြစ်ပါသည်။

ဘုရားပွင့်တော့မယ်ဆိုလှျင် ပုဗ္ဗနိမိတ်များ ပေါ်ပေါက်လာသည်။ မယ်တော်မာယာ၏ ဝမ်းကြာတိုက်ကို ဘုရားလောင်း ဝင်စားတော့မယ်ဆိုလျှင်လည်း- ငလျင်လှုပ်ခြင်း၊ တော်လဲခြင်း၊ ပန်းနံ့သာမိုးများရွာသွန်းခြင်း၊ အလုံးစုံသော တူရိယာတို့သည် မတီးမမှုတ်ဘဲ အလိုလို မြည်ခြင်း၊ အချိန်အခါ မဟုတ်ဘဲ သစ်ပင်ပန်းမန် အားလုံး ဖူးပွင့်လာခြင်း၊ ငရဲမီးများ ခေတ္တငြိမ်းသက်သွားခြင်း စသည့် (၃၂) ပါးသော ပုဗ္ဗနိမိတ်တွေပြပြီးမှ ဝင်စားပါသည်။ ဘုရားသခင်ဖွားတော်မူမည့် နိမိတ်၊ ဘုရားလောင်း တောထွက်တော့မည့် “သူအိုသူနာ သူသေရဟန်း” ဆိုသော နိမိတ်ကြီး (၄)ပါး၊ ဘုရားပွင့်တော့မည့် နိမိတ်၊ ဘုရားပရိနိဗ္ဗာန်စံတော့မည့် နိမိတ် စသဖြင့် နိမိတ်တွေ ရှိကြသည်။

လက်ညှိုးပေါင်းတစ်ထောင်ဖြတ်ခဲ့သော အင်္ဂုလိမာလ လူဆိုးကြီး မွေးဖွားသည့်အချိန်တွင် တစ်တိုင်းပြည်လုံးရှိ ဓား၊ လှံ၊ လက်နက်တွေနှင့် ကောသလမင်းကြီး၏ နန်းတော်ထဲရှိ ဓားလှံလက်နက်များသည် အရောင်တဝင်းဝင်း တောက်ပြီး၊ အသံမျိုးစုံမည်လာသည်ဟု ဆိုပါသည်။

မှန်နန်းရာဇဝင်တော်ကြီးကို ဖတ်ကြည့်လျှင် မင်းလောင်းပေါ်မယ့် နိမိတ်၊ ရှင်ဘုရင်များ နန်းကျမည့်နိမိတ်၊ ကံတော်ကုန်မည့် နိမိတ်၊ စစ်အောင်နိုင်မည့် နိမိတ်၊ စစ်ရှုံးမယ့် နိမိတ်တွေကို တွေ့ရပါသည်။ နိမိတ်သည် ဘယ်တော့မှ မမှားနိုင်ပါ။ ကောက်ယူပုံလွဲ၍သာ မှားချင်မှားပါလိမ့်မည်။ (ဘိုးတော်ဘုရားလက်ထက် အယူတော်မင်္ဂလာ ဦးနိုးသည် ရှင်ဘုရင်အပါးတွင် ခစားနေကြသော ပုဏ္ဏားဖြူ၊ ပုဏ္ဏားညို၊ ဟူးရား၊ ပုရောဟိတ်များ၏ နေလနက္ခတ်များနှင့် တွက်ချက်ဟောပြောသောပညာများကို အံတုပြီး ဘာတွက်ကိန်းမှ မပါသည့် အတိတ်နိမိတ်ဆိုသော ပညာနှင့် ဒက်ထိဟောပြောပြီး ကျော်ကြားခဲ့ သူတစ်ဦး ဖြစ်ပေသည်။)

ကိုးကား

  1. ဦးအေးချို(မဟာဝိဇ္ဇာ)၏ မြန်မာ့စကား
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.