နိုင်ငံတော်သမ္မတနှင့်ဒုတိယသမ္မတများ

နိုင်ငံတော် သမ္မတ နှင့် ဒုတိယ သမ္မတများသည် နိုင်ငံတော်ကို ကိုယ်စားပြုကြောင်း၊ နိုင်ငံတော် သမ္မတသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တစ်ဝန်းလုံးတွင် နိုင်ငံသားအားလုံး၏ အထွတ်အထိပ်နေရာ ရရှိကြောင်း ကို ပုဒ်မ ၅၇ နှင့် ၅၈ တွင် ဖော်ပြထားသည်။

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ၂၀၀၈ မျက်နှာဖုံးပုံ
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ၂၀၀၈ အတွင်းမျက်နှာဖုံးပုံ
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ၂၀၀၈ မာတိကာ

နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ၏ အရည်အချင်းများ

နိုင်ငံတော် သမ္မတ နှင့် နိုင်ငံတော် ဒုတိယ သမ္မတ များ၏ အရည်အချင်းများကို ပုဒ်မ ၅၉ တွင် ပုဒ်မခွဲ က မှ ဆအထိ သတ်မှတ်ထားသည်။

  • (က) နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာရှိသူ ဖြစ်ရမည်၊
  • (ခ) မိမိနှင့် မိမိ၏ မိဘနှစ်ပါးလုံး နိုင်ငံတော်၏ အာဏာ ပိုင်နက်အတွင်း၌ မွေးဖွားသော တိုင်းရင်းသားမှဖြစ်သည့် မြန်မာနိုင်ငံသား ဖြစ်ရမည်၊
  • (ဂ) ရွေးချယ်တင်မြှောက်ခြင်းခံရသူသည် အနည်းဆုံး အသက် ၄၅ နှစ်ပြည့်ပြီးသူ ဖြစ်ရမည်၊
  • (ဃ) နိုင်ငံတော်အရေးအရာများဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေးစသည့် အမြင်များရှိရမည်၊
  • (င) သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသည့် အချိန်နှင့်တစ်ဆက်တည်း အနည်းဆုံးအနှစ် ၂၀ နိုင်ငံတော်တွင် အခြေချနေထိုင်ခဲ့သူဖြစ်ရမည်၊
    • ခြွင်းချက်။ နိုင်ငံတော်၏ ခွင့်ပြုချက်ဖြင့် နိုင်ငံခြားသို့ တရားဝင်သွားရောက်သည့် ကာလများကိုလည်း နိုင်ငံတော်တွင် အခြေချနေထိုင်ခဲ့သည့် ကာလအဖြစ် ထည့်သွင်းရေတွက်ရမည်။
  • (စ) မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏မိဘ တစ်ပါးပါး သော်လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီး တစ်ဦးဦး သော်လည်းကောင်း၊ ထိုတရားဝင်သားသမီးတစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော်လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ၊
  • (ဆ) လွှတ်တော်ရွေးကောက်ပွဲ၌ ရွေးကောက်တင်မြှောက် ခံပိုင်ခွင့်အတွက် သတ်မှတ်ထားသည့် အရည်အချင်းများအပြင် နိုင်ငံတော်သမ္မတအတွက် သီးခြားသတ်မှတ်ထားသော အရည်အချင်းများနှင့်လည်း ပြည့်စုံရမည်။

သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့

နိုင်ငံတော် သမ္မတကို သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့ ဖြင့် ရွေးချယ်တင်မြှောက်ရမည်ဖြစ်ကြောင်း၊ သမ္မတ ရွေးချယ်တင်မြှောက်ရေး အဖွဲ့ ဖွဲ့စည်းရေးနှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော် မှ ရွေးကောက်ခံ ကိုယ်စားလှယ် များ အစုအဖွဲ့တစ်ဖွဲ့၊ အမျိုးသားလွှတ်တော် မှ ရွေးကောက်ခံ ကိုယ်စားလှယ် များ အစုအဖွဲ့တစ်ဖွဲ့နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် က အမည်စာရင်းတင်သွင်းသည့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့တစ်ဖွဲ့ ဟူ၍ စုစုပေါင်း အစုအဖွဲ့ ၃ ဖွဲ့စည်းကာ ယင်းအစုအဖွဲ့ တစ်ဖွဲ့စီက ဒုတိယ သမ္မတတစ်ဦးစီကို လွှတ်တော် ကိုယ်စားလှယ် များ ထဲမှဖြစ်စေ၊ လွှတ်တော် ကိုယ်စားလှယ် မဟုတ်သူများထဲမှ ဖြစ်စေ ရွေးချယ်တင်မြှောက်ရမည်ဖြစ်ကြောင်း ပုဒ်မ ၆၀ တွင် ပြဋ္ဌာန်းထားသည်။

ရာထူးသက်တမ်း

နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတတို့၏ ရာထူးသက်တမ်းသည် ငါးနှစ် ဖြစ်ပြီး ရာထူးသက်တမ်း နှစ်ကြိမ်ထက်ပို၍ ထမ်းဆောင်ခြင်းမပြုနိုင်ပေ။ အကြောင်း တစ်ရပ်ရပ်ကြောင့် နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတ ရာထူးနေရာ လစ်လပ်သည့်အတွက် အစားထိုးရွေးချယ်တင်မြှောက်ပါက ယင်းနိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတအသစ်၏ ရာထူးသက်တမ်းသည် မူလရာထူးသက်တမ်းကုန်ဆုံးသည်အထိသာ ဖြစ်ပြီး ယင်းကဲ့သို့ ကြားဖြတ်တာဝန်ယူရသည့်ကာလကို ရာထူးသက်တမ်းတစ်ခုဟု မသတ်မှတ်ကြောင်း ပုဒ်မ ၆၁ တွင် ပြဋ္ဌာန်းထားသည်။

တာဝန်ဝတ္တရားများနှင့်ရပိုင်ခွင့်များ

တာဝန်ဝတ္တရားများ

နိုင်ငံတော်သမ္မတ နှင့် ဒုတိယသမ္မတများသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အခြားဥပဒေများက အပ်နှင်းထားသော တာဝန်နှင့်လုပ်ပိုင်ခွင့်များကို ကျင့်သုံး ထမ်းဆောင်ရမည်ဖြစ်သည်။ ထို့ပြင် မိမိတို့ဦးစီးသည့် တစ်စီးပွားတည်း ဖြစ်သော မိသားစုပိုင် မြေအိမ်အဆောက်အအုံစီးပွားရေးလုပ်ငန်းစုငွေနှင့် အခြား အဖိုးတန်ပစ္စည်းများကို တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး ပြည်ထောင်စုလွှတ်တော် အကြီးအမှူးထံ ပေးပို့ရမည်ဖြစ်ကြောင်း ပုဒ်မ ၆၆၊ ၆၈ တွင် ပြဋ္ဌာန်းထားသည်။

ကန့်သတ်တားမြစ်ချက်များ

နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများသည် လွှတ်တော်ကိုယ်စားလှယ်ဖြစ်လျှင် လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှလည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် နိုင်ငံ့ဝန်ထမ်း အဖြစ်မှလည်းကောင်း နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသည့်နေ့မှစ၍ နုတ်ထွက်ပြီး သို့မဟုတ် အငြိမ်းစားယူပြီးဖြစ်သည်ဟု မှတ်ယူရမည် ဖြစ်ကြောင်း၊ ထို့ပြင် မိမိတို့ရာထူးသက်တမ်းကာလအတွင်း မိမိတို့ပါတီအဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုကြောင်း၊ နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများသည် မိမိတို့ရာထူးသက်တမ်းကာလအတွင်း လစာစရိတ်ငွေကြေးရသော အခြားမည်သည့်ရာထူးကိုမျှ လက်ခံခြင်းမပြုကြောင်း၊ ပုဒ်မ ၆၂၊ ၆၃၊ ၆၄၊ ၆၇ တွင် ပြဋ္ဌာန်းထားသည်။

ရပိုင်ခွင့်များ

နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် ဥပဒဖြေင့်သတ်မှတ်ထားသည့် လစာ၊ စရိတ်နှင့် အဆောင်အယောင်များနှင့် သင့်တင့်လျောက်ပတ်သည့် အိမ်တော် တစ်ဆောင်စီကိုလည်း ရရှိစေရမည် ဖြစ်သည့်အပြင် စွပ်စွဲပြစ်တင်ခံရ၍ ရာထူးမှ ရပ်စဲခံရခြင်းမှအပ တာဝန်ပြီးဆုံးသဖြင့် အနားယူပါက ဥပဒေနှင့်အညီ အငြိမ်းစားလစာနှင့် သင့်တင့်လျောက်ပတ်သော ထောက်ပံ့မှုများ ရရှိစေရမည်ဖြစ်ကြောင်း ပုဒ်မ ၆၉၊ ၇၀ တွင် ပြဋ္ဌာန်းထားသည်။

သမ္မတနှင့်ဒုတိယသမ္မတများအားစွပ်စွဲပြစ်တင်နိုင်ခြင်း

စွပ်စွဲပြစ်တင်နိုင်သည့်အကြောင်းအရာများ

နိုင်ငံတော်သမ္မတကိုဖြစ်စေ၊ ဒုတိယသမ္မတတစ်ဦးဦးကိုဖြစ်စေ စွပ်စွဲပြစ်တင်နိုင်သည့် အချက်များကို ပုဒ်မ ၇၁-က တွင် ပြဋ္ဌာန်းထားသည်။

  • (၁) နိုင်ငံတော်၏ကျေးဇူးသစ္စာတော်ကို ဖောက်ဖျက်ခြင်း၊
  • (၂) ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်ခြင်း၊
  • (၃) အကျင့်သိက္ခာပျက်ပြားခြင်း၊
  • (၄) ဤဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသော နိုင်ငံတော်သမ္မတသို့မဟုတ် ဒုတိယသမ္မတ၏အရည်အချင်း ပျက်ယွင်းခြင်း၊
  • (၅) ဥပဒေအရပေးအပ်သောတာဝန်များကို ကျေပြွန်စွာမဆောင်ရွက်ခြင်း။

စွပ်စွဲပြစ်တင်ရန်နည်းလမ်း

နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတတစ်ဦးဦးကို စွပ်စွဲပြစ်တင်လိုပါက ပြည်ထောင်စုလွှတ်တော်တွင်ပါဝင်သော လွှတ်တော်နှစ်ရပ်မှ လွှတ်တော် တစ်ရပ်ရပ်၏ လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်းဦးရေအနက် အနည်းဆုံး လေးပုံတစ်ပုံက လက်မှတ်ရေးထိုးပြီး မိမိတို့၏စွပ်စွဲချက်ကို သက်ဆိုင်ရာ လွှတ်တော်အကြီးအမှူးထံ တင်ပြရမည်ဖြစ်သည်။ ယင်းစွပ်စွဲချက်ကို သက်ဆိုင်ရာလွှတ်တော်၏ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေအနက် အနည်းဆုံး သုံးပုံနှစ်ပုံကထောက်ခံမှသာ ဆက်လက်အရေးယူဆောင်ရွက်ရမည်ဖြစ်သည်။ဟု ပုဒ်မ ၇၁-ခ၊ဂ တွင် ပြဋ္ဌာန်းထားသည်။

အရေးယူဆောင်ရွက်ရန်နည်းလမ်း

လွှတ်တော်တစ်ရပ်ရပ်က စွပ်စွဲချက်ကို အရေးယူဆောင်ရွက်ရန် ထောက်ခံလျှင် အခြားလွှတ်တော်တစ်ရပ်က ယင်းစွပ်စွဲချက်ကိုအဖွဲ့ဖွဲ့၍ စုံစမ်းစစ်ဆေးရမည်ဖြစ်သည်။ ကိုယ်တိုင် သော်လည်းကောင်း၊ ကိုယ်စားလှယ်ဖြင့်သော်လည်းကောင်း ချေပခွင့်ပေးရမည်ဖြစ်သည်။ စွပ်စွဲချက်ကို စစ်ဆေးသော သို့မဟုတ် စုံစမ်းစစ်ဆေးစေသောလွှတ်တော်၏ လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်းဦးရေအနက် အနည်းဆုံးသုံးပုံနှစ်ပုံက ထိုစွပ်စွဲချက်သည် မှန်ကန်ပြီး စွပ်စွဲခံရသောပြစ်မှုသည် နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတအား ရာထူးတွင် ဆက်လက်ထမ်းရွက်စေရန် မသင့်ကြောင်းဆုံးဖြတ်လျှင် စွပ်စွဲခံရသော နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတအား ရာထူးမှရပ်စဲရန် ယင်းလွှတ်တော်က ပြည်ထောင်စုလွှတ်တော် အကြီးအမှူးထံ တင်ပြရမည်ဖြစ်ကာ ပြည်ထောင်စုလွှတ်တော်အကြီးအမှူးသည် တင်ပြချက် ရရှိလျှင်ရရှိချင်း စွပ်စွဲခံရသော နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတအား ရာထူးမှ ရပ်စဲကြောင်း ကြေညာရမည် ဟု ပုဒ်မ ၇၁-ဃ၊ င၊ စ၊ ဆ တွင် ပြဋ္ဌာန်းထားသည်။

သမ္မတနုတ်ထွက်ခြင်း

နိုင်ငံတော်သမ္မတသည် မိမိ၏ရာထူးသက်တမ်း မကုန်ဆုံးမီ ဆန္ဒအလျောက်နုတ်ထွက်လိုလျှင် နုတ်ထွက်ခွင့် ပြုရမည်ဖြစ်ကြောင်း ပုဒ်မ ၇၂ တွင် ပြဋ္ဌာန်းထားသည်။

ယာယီသမ္မတဖြင့်အစားထိုးခြင်း

အကြောင်းတစ်ခုခုကြောင့် နိုင်ငံတော်သမ္မတရာထူးနေရာ လစ်လပ်လျှင် နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်စဉ်အခါက ဒုတိယဆန္ဒမဲအများဆုံး ရရှိသည့် ဒုတိယသမ္မတက ယာယီသမ္မတ အဖြစ် ထမ်းဆောင်ရမည်ဖြစ်ကြောင်း၊ ရာထူးနေရာ လစ်လပ်သွားသည့် အချိန်သည် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကျင်းပနေချိန်ဖြစ်လျှင် လစ်လပ်သွားသည့် နိုင်ငံတော်သမ္မတ ရာထူးကို ခုနစ်ရက်အတွင်း၊ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကျင်းပချိန်မဟုတ်လျှင် ၂၁ ရက်အတွင်း၊ သမ္မတသစ် ဖြည့်စွက်နိုင်ရေးအတွက် ယာယီသမ္မတက ပြည်ထောင်စုလွှတ်တော် အကြီးအမှူးထံ အကြောင်းကြားရမည်ဖြစ်ကြောင်း ပုဒ်မ ၇၃-က၊ ခ၊ င တွင် ပြဋ္ဌာန်းထားသည်။

သမ္မသစ်ထပ်မံရွေးချယ်ခြင်း

ယာယီသမ္မတထံမှ အကြောင်းကြားစာကိုရရှိသည့်အခါ လစ်လပ်သွားသည့် နိုင်ငံတော်သမ္မတကို ဒုတိယသမ္မတအဖြစ် ဦးစွာရွေးချယ်တင်မြှောက်ပေးခဲ့သည့် သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့က ဒုတိယသမ္မတသစ် တစ်ဦးကို ရွေးချယ်တင်မြှောက်ပေးရမည်ဖြစ်ကြောင်း၊ ရွေးချယ်တင်မြှောက်ပြီးပါက ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အားလုံးပါဝင်သည့် သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့က ဒုတိယသမ္မတ သုံးဦးအနက် မိမိတို့ကြိုက်နှစ်သက်သည့်ပုဂ္ဂိုလ်ကို နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ရမည် ဖြစ်ကြောင်း၊ ပုဒ်မ ၇၃-ဂ၊ ဃ တွင် ပြဋ္ဌာန်းထားသည်။

ဒုတိယသမ္မတနုတ်ထွက်ခြင်း

နိုင်ငံတော်ဒုတိယသမ္မတ တစ်ဦးဦးသည် မိမိ၏ရာထူးသက်တမ်း မကုန်ဆုံးမီ ဆန္ဒအလျောက်နုတ်ထွက်လိုလျှင် နုတ်ထွက်ခွင့် ပြုရမည်ဖြစ်ကြောင်း ပုဒ်မ ၇၂ တွင် ပြဋ္ဌာန်းထားသည်။

ဒုတိယသမ္မသစ်ထပ်မံရွေးချယ်ခြင်း

အကြောင်းတစ်ခုခုကြောင့် ဒုတိယသမ္မတတစ်ဦးဦး ရာထူးနေရာ လစ်လပ်လျှင် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ကျင်းပချိန်ဖြစ်ပါက ခုနစ်ရက်အတွင်း၊ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ကျင်းပချိန်မဟုတ်လျှင် ၂၁ ရက်အတွင်း ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို ခေါ်ယူပြီး သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့က ဒုတိယသမ္မတသစ် တစ်ဦးကို ရွေးချယ်တင်မြှောက်ပေးရေးအတွက် နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော် အကြီးအမှူးထံ ဆောလျင်စွာ အကြောင်းကြားရမည်ဖြစ်ကြောင်း ပုဒ်မ ၇၃-စ၊ ဆ တွင် ပြဋ္ဌာန်းထားသည်။

ကတိသစ္စာပြုချက်

နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ၏ ကတိသစ္စာပြုရန် ပုံစံကို ပုဒ်မ ၆၅ တွင် အောက်ပါအတိုင်းပြဋ္ဌာန်းထားသည်။

ကျွန်ုပ် ------------ သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာ စောင့်သိရိုသေပြီး ပြည်ထောင်စုမပြိုကွဲရေး၊တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ထာဝစဉ်ဦးထိပ်ပန်ဆင် ဆောင်ရွက်ပါမည်။ ကျွန်ုပ်သည် ဤ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်း စောင့်သိလိုက်နာ ရိုသေပြီး နိုင်ငံတော်၏ဥပဒေများကို လိုက်နာကျင့်သုံးဆောင်ရွက်ပါမည်။ မိမိ၏ တာဝန်ဝတ္တရားများကို ဖြောင့်မတ်မှန်ကန်စွာဖြင့် အစွမ်းကုန် ဆောင်ရွက်ပါမည်။ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်တွင် တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်းဟူသော လောကပါလတရားများ ပိုမို ထွန်းကားရေး အတွက် ဆောင်ရွက်ပါမည်။ ကျွန်ုပ်သည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အကျိုးငှာ နိုင်ငံတော်အား မိမိ၏အသက်နှင့်ကိုယ်ကိုအပ်နှင်းသည်ဟု လေးနက်တည်ကြည်စွာ ကြေညာ၍ ကတိသစ္စာ ပြုသည်။

ကိုးကား

  • ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)၊ စာမျက်နှာ ၁၉-၂၆

ဆက်စပ်ကြည့်ရှုရန်

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.