နီလာ
နီလာ (အင်္ဂလိပ်: Sapphire) သည် ပတ္တမြားနည်းတူ ကိုရမ်ဒမ် ဒြပ်ပေါင်း (AL2O3) ပင်ဖြစ်ပြီး တိုက်တေနီယံ ဒြပ်စင်အနည်းငယ် ပါဝင်သောကြောင့် အရောင် နှင့် ဖွဲ့စည်းမှုပုံသဏ္ဍန် ကွဲပြားသွားရခြင်းဖြစ်သည်။ ပုံဆောင်စနစ်မှာ ပတ္တမြား ကဲ့သို့ပင် တြိဂုဏ်စနစ် ဖြစ်ပြီး ပတ္တမြားနှင့် အပြင်ပန်းပုံသဏ္ဌာန်မတူညီရခြင်းမှာ ပါဝင်သော ဒြပ်စင်များ၏ အမျိုးအစားခြားနားခြင်းကြောင့်သာဖြစ်သည်။ ရောင်လက်မှာ ဖန်ရောင်လက်ဖြစ်ပြီး မာဆင့် ၉ ရှိသည်။
ထွက်ရှိရာ ဒေသများ
နီလာကို သီရိလင်္ကာ ၊ ဩစတြေးလျ ၊ ကတ်ရှ်မီးယား ၊ မြန်မာ ၊ ထိုင်း ၊ ကမ္ဘောဒီးယား နှင့် အမေရိကန်ပြည်ထောင်စု တို့တွင်အဓိကထွက်ရှိပြီး သီရိလင်္ကာ နီလာမှာ အရည်အသွေး အကောင်းဆုံးဖြစ်ပြီး မြန်မာ့နီလာမှာ ၎င်း၏နောက်တွင် ရပ်တည်သည်။ ကိုရိုဒမ် အုပ်စုဝင်ဖြစ်သော အခြားကျောက် ရောင်စုံများကို အရောင်အလိုက် ရှေ့တွင် နီလာတပ်ကာ နီလာဝါ၊ နီလာဖြူ (အရောင်မဲ့နီလာ) ၊ နီလာပန်းရောင် အစရှိသဖြင့် ခေါ်ဝေါ်ကြသည်။
မဏိသျှတ္တရကျမ်းလာ နီလာလေးမျိုး
မဏိသျှတ္တရကျမ်းတွင် နီလာနှင့်စပ်လျဉ်း၍ လင်္ကာ ဖော်ပြချက်ပါရှိသည်။ နီလာလေးမျိုးတို့၏ တန်ဖိုးကိုပါ တွက်ချက်ပေးထားသေးသည်။ အောက်ပါအတိုင်းဖြစ်သည်။ လေးသွယ်နီလာ၊ ပြားကြရာတွင်၊
- 'နီလာ'ခေါ်ဆို၊ အောက်မဲညိုပွင့်၊ ပန်းသို့ တင့်၏၊
- ထပ်ဆင့် ဒုတိယ၊ 'နီလ ကဏ္ဍီ'၊ ရှု ဤလက္ခဏာ၊ အပြာတွင်ဖက်၊ ညိုညိုစွက်၏၊ အမျက်နှစ်ပါး၊ ဤကျောက်များကား၊ ကျပ်သားရွှေတိ၊ တင်လောက်ဘိမူ၊ သိင်္ဂိပဉ္စ၊ ကျပ်ထိုက်စွတည့်၊
- 'ဣန္ဒနီလာ'၊ လက္ခဏာကား၊ သူရိယာနေခြည်၊ ရောင်သို့တည်၏၊ ရွှေရည် တကျပ်၊ တင်လောက်လပ်မူ၊ သုံးကျပ်ရွှေကောင်း၊ ထိုက်ပေရှောင်း၏၊
- တကြောင်း 'ဥပ နီလာ'၊ သညာခေါ်ဆို၊ ကြာညိုပွင့်ရောင်၊ တကျပ်ခေါင်မှာ၊ စီမြှောင်သင့်စွာ၊ ထားလောက်ပါမူ၊ ရွှေသား နှစ်ကျပ်၊ အဘိုးပြတ်သည်၊ မချွတ်မှန်ဖြောင့် လှည့်သတည့်၊