ပဂျီငို၊ ဦး
ဦးပဂျီငို (၁၂၅၉ - ၁၃၄ဝ)
ဦးပဂျီငိုသည် နတ်တလင်းမြို့ ဇာတိ ဖြစ်သည်။ ၁၂၅၉ ခု၊ နတ်တော် လပြည့်ကျော် ၁၃ ရက် ( ၁၈၉၇ ခု၊ ဒီဇင်ဘာ ၂၁ ရက်) အင်္ဂါနေ့တွင် ဖွားမြင်သည်။ မိဘနှစ်ပါးမှာ လယ်သမား ဦးဖိုးဆိတ်နှင့် ဒေါ်ဖွားစိန်တို့ ဖြစ်သည်။ မွေးချင်း ၈ ယောက်တွင် စတုတ္ထမြောက် ဖြစ်၍ ကာယဗလ ဦးရှိန်၏ ညီဖြစ်သည်။ အရုပ်ဆိုးသည့် အတွက် ပန်းချီ ဆရာပင် ပုံတူ မရေးနိုင်ဘဲ ငိုယူရလောက်သည် ဟူသော အဓိပ္ပယ်ဖြင့် ဘိုးဘွား မိဘ သူငယ်ချင်းများက 'ပဂျီငို' ဟု ခေါ်ကြသည်။ ကျောင်းနေသော အခါကျမှ 'မောင်စိန်' ဟု အမည်ပြောင်းသည်။
အသက် ၈ နှစ် အရွယ်တွင် နတ်တလင်းမြို့ ဦးရွှေတုတ်ကျောင်း၌ စတင် ပညာသင်သည်။ ထို့နောက် ဦးဖိုးချက်ကျောင်းသို့ ပြောင်းသည်။ ၁၉ဝ၈ ခုနှစ် တတိယတန်းတွင် ရန်ကုန်မြို့ ရေကျော် မက်သဒစ် ကျောင်း၌ ဆက်လက် ပညာသင်သည်။ အဋ္ဌမတန်း အထိ ပညာသင်ခဲ့သည်။
ဦးပဂျီငိုသည် အသက် ၁၉ နှစ်တွင် ဓနိတော ဘီအိုစီ၌ စာရေး အဖြစ် စတင် အမှုထမ်းသည်။ နှစ်နှစ် အကြာတွင် ဝီလီယံဂျက် ကုန်တိုက်သို့ ပြောင်းရွှေ့ အမှုထမ်းပြန်သည်။ ထိုကုန်တိုက်တွင် သုံးလေးနှစ် လုပ်ပြီးနောက် ရုပ်ရှင်လောကသို့ ဝင်၍ စတန့်မင်းသား အဖြစ် သရုပ်ဆောင်သည်။ ရုပ်ရှင် ဒါရိုက်တာလည်း လုပ်ခဲ့သည်။ ရုပ်ရှင်လောကမှ ထွက်ပြီး ဘားမား ကော်ပိုရေးရှင်း ရုံးချုပ်၌ အမှုထမ်း ပြန်သည်။
'ကြီးပွားချမ်းသာရေး' ကျမ်းကို ၁၉၃၁ ခုနှစ်တွင် ထုတ်ဝေသည်။ ငယ်နာနည် 'ပဂျီငို' ကိုပင် ကလောင်အမည် အဖြစ် အသုံးပြုသည့် အတွက် 'ဦးပဂျီငို' ဟု တွင်သည်။ ထိုစာအုပ် တစ်အုပ်တည်းနှင့်ပင် ဦးပဂျီငို၏ အမည်မှာ ထင်ရှားလာရသည်။ ကြီးပွား ချမ်းသာရေး ကျမ်းသည်လည်း သတ္တမတန်းတွင် ပြဋ္ဌာန်း ခံရသည် အထိ အောင်မြင်မှု ရခဲ့သည်။ ထိုကျမ်းကို နှစ်သက် အားပေးကြသည့် အတွက် ကြီးပွား တိုးတက်ရေးကို ရည်ရွယ်သော မဂ္ဂဇင်း တစ်စောင် ထုတ်ဝေလိုသော ဆန္ဒဖြင့် ၁၉၃၃ ခု အောက်တိုဘာလတွင် တိုးတက်ရေး မဂ္ဂဇင်းကို စတင်ထုတ်ဝေပြီး ထုတ်ဝေသူနှင့် အယ်ဒီတာ တာဝန်ကို ယူသည်။ 'တိုးတက်ရေး ဦးစိန်' ဟူသော ကလောင် အမည်ကိုပါ ယူ၍ ဆောင်းပါး အမျိုးမျိုး ရေးသည်။ ၁၉၃၆ ခုနှစ်တွင် ဘားမားဂျာနယ်၊ ၁၉၃၈ ခုနှစ်တွင် တိုးတက်ရေး သတင်းစာနှင့် ၁၉၄၆ ခုနှစ်တွင် တိုးတက်ရေး ဂျာနယ်တို့ကို တိုးချဲ့ ထုတ်ဝေသည်။
စာနယ်ဇင်းဟူသောဝေါဟာရကိုစတင်ကြံဆတီထွင်သူမှာစာရေးဆရာ“ပဂျီငို”အမည်ခံတိုးတက်ရေးဦးစိန် ဖြစ်ပါသည်။ ၁၉၃၅-ခုပတ်ဝန်းကျင်ခန့်ကစတင်သုံးစွဲခဲ့ကြောင်းမှတ်သားလေ့ လာသိရှိရပါသည်။
ဦးပဂျီငိုသည် ဒုတိယ ကမ္ဘာစစ် အတွင်းတွင် သမဝါယမ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်သည်။ စစ်ပြီးသော အခါ တိုးတက်ရေး သတင်းစာကို ဆက်လက် ထုတ်ဝေသည်။ ၁၉၅ဝ ပြည့်နှစ်တွင် ဝိပဿနာ လုပ်ငန်းကို စတင် လုပ်ကိုင်သည်။ ထို့နောက် ဝိပဿနာ ပြန့်ပွားရေး အဖွဲ့ကို တည်ထောင်၍ ဝိပဿနာ ဆိုင်ရာ ကျမ်းများကို ပြုစုသည်။ ဝိပဿနာ ပြန့်ပွားရေး အဖွဲ့ ဥက္ကဋ္ဌ အဖြစ်လည်း ဆောင်ရွက်သည်။
ဘဝနိဂုံး
ဦးပဂျီငိုသည် ၁၃၄၀ ပြည့်နှစ်၊ သီတင်းကျွတ်လဆန်း ၄ ရက် (၁၉၇၈ ခု၊ အောက်တိုဘာလ ၅ ရက်) နေ့တွင် ကွယ်လွန် အနိစ္စရောက်သည်။[1]
ကျမ်းကိုး
- မောင်သုတ အမည်ခံ ဗိုလ်မှူး ဘသောင်း (မဟာဝိဇ္ဇာ၊ ရွှေတံဆိပ်ရ) ပြုစုကာ ဦးခင်အေး (မောင်ခင်မင်၊ ဓနုဖြူ) ပါမောက္ခ၊ မြန်မာစာ ဌာန၊ ရန်ကုန် တက္ကသိုလ် တည်းဖြတ် ဖြည့်စွက်တဲ့ ပဉ္စမအကြိမ် ၁၊ ဩဂုတ်၊ ၂ဝဝ၂၊ ရာပြည့် စာအုပ်တိုက်ထုတ် 'စာဆိုတော်များ အတ္ထုပ္ပတ္တိ' စာအုပ်
- မလိခ။ မြန်မာစာပေ အဘိဓာန် ၄။ စာ ၂ - ၄။
- မလိခ။ မြန်မာစာပေ အဘိဓာန် ၂။ စာ ၂၈၄ - ၂၈၅။
- မြန်မာ့ စွယ်စုံကျမ်း နှစ်ချုပ်၊ ၁၉၇၉။ စာ ၁၃ဝ - ၁၃၁။