ပင်လယ်သေ
ပင်လယ်သေ ကို ဆားပင်လယ် ဟုလည်း ခေါ်ဝေါ်ကြပြီး အရှေ့ဘက်တွင် ဂျော်ဒန်နိုင်ငံ၊ အနောက်ဘက်တွင် ပါလက်စတိုင်း အနောက်ကမ်းနှင့် အစ္စရေးနိုင်ငံ တို့ဖြင့် ဝန်းရံတည်ရှိသော ဆားရေကန်တစ်ခု ဖြစ်သည်။ ထိုပင်လယ်၏ မျက်နှာပြင် နှင့် ကမ်းပါးမှာ ပင်လယ်ရေမျက်နှာပြင်အောက် ၁,၃၈၈ ပေ (၄၂၃ မီတာ) မျှ နိမ့်ပြီး ကမ္ဘာ့မြေမျက်နှာပြင်ပေါ်တွင် အနိမ့်ဆုံးနေရာ ဖြစ်သည်။ ပင်လယ်သေသည် ၁,၂၃၇ ပေ (၃၇၇ မီတာ) နက်ပြီ: ကမ္ဘာပေါ်တွင် အနက်ဆုံးသော ဆားငန်လွန်ရေကန် တစ်ခု ဖြစ်သည်။ ဆားငန်ရေပါဝင်မှု ၃၃.၇ ရာခိုင်နှုန်း ရှိသဖြင့် ကမ္ဘာပေါ်တွင် ဆားငန်မှုအများဆုံး ရေကန်များတွင် တစ်ခု အပါအဝင် ဖြစ်သည်။ သမုဒ္ဒရာထက် ၈.၆ ဆ မျှ ပို၍ ဆားငန်မှု များသည်။ ဆားငန်မှု များပြားလွန်းသဖြင့် သဘာဝ ပတ်ဝန်းကျင် ကြမ်းတမ်းပြီး မည်သည့်သတ္တဝါမှ မျိုးပွား အသက်ရှင်ခြင်း မပြုနိုင်ပေ။ ထို့အတွက် ထိုအမည်ကို ရရှိခြင်း ဖြစ်သည်။ ပင်လယ်သေသည် အရှည်ဆုံးနေရာတွင် ၄၂ မိုင် (၆၇ ကီလိုမီတာ) ရှည်ပြီး အကျယ်ဆုံးနေရာတွင် ၁၁မိုင် (၁၈ ကီလိုမီတာ) မျှ ကျယ်သည်။ ဂျော်ဒန်တောင်ကြား ဒေသတွင် တည်ရှိပြီး ဂျော်ဒန်မြစ်မှ အဓိက စီးဝင်သည်။
ပင်လယ်သေ
ကမ္ဘာပေါ်တွင် အငန်ဆုံးသော အိုင်ကြီးဖြစ်သည့် ပင်လယ်သေသည် ပါလက်စတိုင်းနှင့် ထရန်စဂျော်ဒန်နိုင်ငံတို့၏ နယ်နိမိတ်ပေါ်တွင် တည်ရှိသည်။ ယင်းသည် ၄၇ မိုင် ရှည်၍၊ ၁ဝ မိုင် ကျယ်သည်။ အနက်ဆုံးနေရာတွင် ပေ ၁၃၁ဝ ရှိ သော်လည်း၊ အချို့နေရာတွင် ၃ ပေမှ ပေ ၃ဝ အထိခန့်သာ နက်သည်။ မိုင် ၅ဝ မျှသာ ကွာဝေးသော မြေထဲပင်လယ် ရေမျက်နှာပြင် အောက်ပေပေါင်း ၁၂၉ဝ နိမ့်သည်။ မြောက်မှ တောင်သို့ စီးဆင်းသော ဂျော်ဒန်မြစ်သည် ဂျရူးဆလမ်းမြို့၏ အရှေ့စူးစူး ၂၅ မိုင်ခန့် အကွာတွင် ပင်လယ်သေထဲသို့ စီးဝင်သည်။ အရှေ့နှင့် အနောက်ဘက်တို့မှ လည်း ချောင်းငယ် မြစ်ငယ်ပေါင်း များစွာ စီးဝင်ကြသည်။ တစ်နေ့လျှင် ထိုမြစ်များမှ ရေချို တန်ချိန် ခြောက်သန်းကျော် စီးဝင်သည့်ကြားမှပင် ပင်လယ်သေ၏ ရေသည် သမုဒ္ဒရာ ရေထက် ခြောက်ဆခန့်ပို၍ ငန်သေးသည်။ ထိုပြင် မြစ်များ ချောင်းများမှ ရေမည်မျှပင် စီးဝင်စေကာမူ၊ ရေမျက်နှာပြင် မြင့်တက်မလာချေ။ အဘယ်ကြောင့်ဆိုသော်၊ ထိုဒေသ၏ ပြင်းထန်သော အပူရှိန်ကြောင့် ရေများ အခိုးအငွေ့ ဖြစ်ကာ၊ ခန်းခြောက်ကုန်သောကြောင့် ဖြစ်သည်။ ပင်လယ်သေ၏ ရေတွင် အစိုင်အခဲ၊ အများအားဖြင့် ဆား ၂၄ ရာခိုင်နှုန်းခန့် ပါနေသဖြင့် ရေသည် စေးရကား၊ လူ့ခန္ဓာကိုယ်သည်ပင်လျှင် မနစ်ဘဲ ပေါ်နေနိုင်သည်။ ရေမျက်နှာပြင်ပေါ်တွင် ပက်လက် အိပ်၍၊ စာဖတ်နိုင်သည်ဟုပင် ဆိုကြသည်။ ထိုကြောင့် ယင်းပင်လယ်ကို သမ္မာကျမ်းစာထဲ၌ ဆားပင်လယ်ဟု ခေါ်ဆို ထားခြင်း ဖြစ်သည်။ အလယ်ခတ် ခရီးသည်များ၏ အဆိုအရ၊ ပင်လယ်သေ ပေါ်၌ တိုက်ခတ်သော လေသည် အဆိပ် အခိုးအငွေ့များ ပါသဖြင့်၊ ငှက်များပင် ယင်းပင်လယ်ပေါ်မှ ဖြတ်၍ ပျံသန်း ခြင်း မပြုဟု သိရသည်။ ယခုခေတ်တွင်မူ၊ ငှက်တို့သည် ပင်လယ်သေသို့ မလာကြသည်မှာ အမှန်ဖြစ်သော်လည်း၊ ထိုသို့ မလာကြသည်မှာ ယင်းပင်လယ်သည် ဆားငန်လွန်းသဖြင့်၊ မည်သည့် ငါးနှင့် ရေပေါက်အပင်မျိုးမှ မရှိသောကြောင့် ဖြစ်သည်ကို သိရလေသည်။ ပင်လယ်သေထဲတွင် အဖိုးတန် ဓာတ်သတ္တုများရှိသည်။ သာမန်ဆားအပြင်၊ မက်ဂနီဇီယမ်ကလိုရိုက်၊ ပိုတက်ဆီယမ် ကလိုရိုက်နှင့် မက်ဂနီဇီယမ်ဗရိုမိုက်တို့လည်း ရနိုင်သည်။ ကမ်းခြေတစ်ဝိုက်တွင်လည်း ချော်၊ ကန့်နှင့် သိန္ဓောဆားများ ရနိုင်သည်။ ရေထဲ၌ ယင်းသို့ ဓာတ်သတ္တုများ ရှိနေရာ၊ ရေမျက်နှာပြင်မှ ထွက်သော ရေငွေ့သည် အနံ့မကောင်းချေ။ သို့ရာတွင် ပင်လယ်သေ၏ ရေသည် ရောဂါအချို့ကို ပျောက်ကင်းစေနိုင်သည်ဟု အယူရှိကြသဖြင့်၊ ပင်လယ်၏ အရှေ့ဘက်ရှိ ကယ်လီယာမြို့တွင် ကျန်းမာရေး စခန်းတစ်ခု ဖွင့်ထားသည်။ ပင်လယ်ရေသည် စေးထန်း၍ အနံ့ပြင်းသော်လည်း၊ ပင်လယ်သေ၏ ရှုခင်းသည် သာယာသည်။ ရေပြင်သည် တောက်ပလျက် ရှိသည်။ ပင်လယ်၏ အရှေ့ဘက်ကမ်းတွင် မိုးအက်ကုန်းပြင်သည် ဖြူဖွေးသော ကျောက်တန်တိုင်းကြီးကဲ့သို့ ရေမျက်နှာပြင်အထက် ပေပေါင်း ၄၄၆ဝ အထိ မြင့်တက် တည်ရှိနေသည်။ အနောက်ဘက်တွင် ပေ ၂ဝဝဝ ခန့်ရှိ ဂျူဒီယာကုန်းမြင့်ကြီး တည်ရှိသည်။[1]
ကိုးကား
- မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၆)