ပန်းရထားဆွဲပွဲ

သမိုင်းအကျဉ်း

ဗုဒ္ဓရှင်တော် ဂေါတမမြတ်စွာဘုရားရှင် ခမည်းတော်မှာ ကပိလဝတ်ပြည်ရှင် သုဒ္ဓေါဒနမင်းကြီး ဖြစ်ပြီး မယ်တော်မာယာမှာ ဒေဝဒဟတိုင်းပြည်သူဖြစ်သည်။ မယ်တော်မာယာမှာ ဗုဒ္ဓလောင်းလျာအား ပဋိသန္ဓေယူချိန်၌ မိမိဇာတိမြေ ဒေဝဒဟပြည်သို့ ပဋိသန္ဓေအမှန်ရှိနေကြောင်းသက်သေပြရန်ပြန်လာစဉ် လမ်းခရီးဝက် တိုင်းပြည်နှစ်ပြည်ကြား ``လုမ္ဗိနီတော´´ရှိ ဗုဒ္ဓလောင်းလျာ သိဒ္ဓတ္ထမင်းသားအား ဖွားသန့်စင်တော်မူပြီး နောက်ခုနစ်ရက်နေ့တွင် လွန်တော်မူသည်။ ထိုစဉ် ကပိလဝတ်တိုင်းနှင့် ဒေဝဒဟတိုင်း နှစ်ပြည်ထောင်သားအပေါင်းတို့မှာ မယ်တော် မာယာ အကြွင်းအကျန် ရုပ်ကလာပ်တော်ကို သင်္ဂြိုဟ်တာဝန်ယူလိုသည့် တစ်ပြည်နှင့်တစ်ပြည် အငြင်းပွားဖွယ်ဖြစ်လာပါသည်။ သို့ဖြစ်ပါ၍ မယ်တော်မာယာ၏ ကြွင်းကျန်ရုပ်ကလာပ်တော်ကို ပန်းယိုင်ရထားဆင်ပြီး နှစ်ပြည်ထောင်သားအပေါင်းတို့က အပြိုင်ဆွဲကာ ဆုံးဖြတ်ခဲ့ရကြောင်း သိရပါသည်။

ရခိုင်ရိုးရာ ရထားဆွဲပွဲအစ

သက္ကရာဇ် (၈၇၈) ခုနှစ် မြောက်ဦးနန်းတက်စိုးစံ ဘုရင်မင်းဘာ လက်ထက်၌ မဟာပညာ ကျော်နှင့် ဦးမြဝါ (သျှင်ငယ်မြဝါ) ကဲ့သို့ ပညာရှိများနှင့် လောကီပညာရှင်များ ပေါ်ထွန်းခဲ့ ကြောင်း သိရသည်။ ဦးမြဝါ (သျှင်ငယ်မြဝါ) မှာ ဘုရင့်တိုင်းပြည်ရေးရာကို လောကီပညာဖြင့် ကူညီထမ်းဆောင်နေသူအဖြစ် ထင်ရှားသည်။ တစ်ခါသော် သျှင်ငယ်မြဝါသည် တိုင်းပြည်ရှေ့ရေးအတိတ်နိမိတ် မကောင်းခြင်းကို မြင်ရာ မင်းဘာဘုရင်ထံ သွားရောက်ပြီး ကြာသပတေးရက်သားရှင်တစ်ဦး၏ ရင်ကိုခွဲ၊ အူကို ထုတ်ကာ ၎င်းလဲကျကွယ်လွန်ရာနေရာတွင်သာ မြုပ်နှံရန် လျှောက်တင်သည်။ ထိုစဉ်လောကီ ပညာရှင်ဦးမြဝါမှာ ကြာသပတေးရက်သားဖြစ်ပြီး မိမိ၏ရင်ကိုခွဲကာ အူကိုထုတ်၍ နန်းတော်အား ပတ်စဉ် ယုတ်ညံ့သောအရပ်၌ လဲကျကွယ်လွန်ခဲ့ကြောင်း သိရသည်။ ထိုသို့ မျိုးချစ်တိုင်းပြည်ရတနာဖြစ်သူအား ဘုရင်က ယုတ်နိမ့်အရပ်တွင် မမြုပ်စေဘဲ မြင့်မြတ်အရပ်၌သာ မြုပ်နှံစေရာ ပြည်သူအပေါင်းနှင့် သဘောထားကွဲလွဲပြီး သျှင်ငယ်မြဝါ၏ ကြွင်းကျန်ရုပ်အလောင်းအား ပန်းရထားပေါ်တွင်တင်ပြီး ပြည်သူတစ်ဘက်၊ ဘုရင်ဖက်တော်သားတို့က တစ်ဘက်၊ သူ့ဘက်ကိုယ့်ဘက် အနိုင်ရရှိစေရန် အပြိုင်ဆွဲခဲ့ကြ ကြောင်း သမိုင်းအရ သိရှိရပါသည်။ ထိုအချိန်မှစတင်ကာ လောကီပညာရှင် သျှင်ငယ် ဦးမြဝါအား ဂုဏ်ပြုပြီး နှစ်စဉ်နှစ်တိုင်း တပို့တွဲလ ရောက်တိုင်း ရထားဆွဲပွဲ ကျင်းပကြခြင်းဖြစ်ပါသည်။

ကုံရာသီ တပို့တွဲ ရထားဆွဲ

တစ်နှစ်လုံး၏ ဆောင်းရာသီ တစ်လတည်း၌သာ ရထားဆွဲပွဲကို ကျင်းပသည်။ တောင်သူလယ်သမားများနှင့် ပြည်သူအပေါင်း စပါးရိတ်ပြီးချိန် ငွေရွှင်ချိန်နှင့် ရှေ့လာမည့်နှစ်တွင် ရာသီဥတုကောင်းမွန်စေရန်နှင့် စပါးဆန်ရေပေါများစေရန် ရည်ရွယ်၍လည်း တပို့တွဲလတွင် ရထားဆွဲကြကြောင်း စာဆိုသုတေသီအပေါင်းက ဆိုသည်။ မြောက်ဦးခေတ်က အစပျိုးကာ ဗြိတိသျှခေတ်နှင့် ဒုတိယကမ္ဘာစစ်နှောင်းပိုင်းတွင်လည်း စဉ်ဆက်မပြတ် ရထားဆွဲပွဲကို ရခိုင်ဒေသအသီးသီးတွင် ကျင်းပခဲ့ကြကြောင်း သိရသည်။ ယနေ့ အချိန်အခါတွင် နှစ်စဉ်နှစ်တိုင်း ရထားပွဲကို ကျင်းပသော်လည်း စစ်တွေမြို့တွင် လွန်ခဲ့သောနှစ်ပေါင်း (၄၀) ခန့်ကပင် ရထားဆွဲပွဲ မကျင်းပခဲ့ကြောင်း သိရပါသည်။ ရထားဆွဲရန် သစ်သားဘောင်ကို ခိုင်ခန့်အောင် လုပ်ပြီး သစ်သားဘီးများဖြင့် တွဲဆက်ကာ ရထားအလယ်၌ ဝါးညွှန့်ပင်ကို စိုက်ထူကာ ရထားတစ်ဘက်တစ်ချက်၌ ကြိုးဖြင့် ဆွဲကြသည်။ ရပ်ကွက်အသီးသီးမှ တစ်ဘက်နှင့်တစ်ဘက် အပြိုင်ဆွဲ (သံကျိပ်) သံချပ်ထိုးကြ သည်။ ညီညွတ်စုပေါင်းခွန်အားနှင့် အားကစားစိတ်ဓာတ်၊ မိသားစုစိတ်ဓာတ်ကို အခြေခံကာ ယှဉ်ပြိုင်ကြသည်။

ရှေးနှစ်ပေါင်းများစွာကပင် ရထားဆွဲပွဲကို တပို့တွဲလဆန်းတွင် ဆွဲကြပြီး တပို့တွဲလပြည့်ည ရောက်တိုင်း ရထားကို အနိုင်ရသည့်ဘက်က မီးရှို့လေ့ရှိကြသည်။ ရခိုင်ရိုးရာ ရထားဆွပြွဲကို ကျင်းပသည့်ရပ်ကွက်သည် (၃) နှစ်ဆက်တိုက် ကျင်းပရသည့် ဓလေ့ရှိကြောင်း သိရသည်။ သို့ဖြစ်ပါ၍ ရခိုင်ရိုးရာအစဉ်အလာပွဲတော်တစ်ခုဖြစ်သည့် မပျောက်ကွယ်ရလေအောင် ထိန်းသိမ်းရင်း ရထားဆွဲပွဲ ပါဝင်ဆင်နွှဲပါရန် ဖိတ်ခေါ်လိုက်ရပါသည်။

ပြန်လည်ဖော်ထုတ်မှု

၂၀၀၉ ခုနှစ်၊ မိဇံရပ်ကွက်၊ ရခိုင်ရိုးရာ ရထားပွဲကျင်းပရေးကော်မတီအနေဖြင့် နှစ် (၄၀) မျှ ပျောက်ဆုံးနေသည့် ရထားဆွဲပွဲအား အသက် (၆၅) နှစ်အထက် မိမိကိုယ်တိုင် ပါဝင်ခဲ့ဖူးသူ အသက်ကြီးသူများ၊ အသက် (၉၃) နှစ် အထက်ရှိသူများအား သဘာပတိ (၉) ဦး တင်မြှောက် လျက် သက်ဆိုင်ရာ မိဇံရပ်ကွက်လူကြီးလူငယ်များ မြို့ပေါ်စေတနာရှင်များအပါအဝင် ဖွဲ့စည်းထားပါသည်။

ဖိတ်ခေါ်သံချပ်

  • မောင်ရို့ ၊ မယ်ရို့ - လေး-လေး-လေး-လေး

ချမ်းရေကြက်တေ ၊ အိမ်မှာနီလို့
ပုဆိုးခြုံဗျာ ၊ ကုပ်ပီးကေ
မီးလှုံဗနာ ၊ ဆောင့်ကြောင့်ထိုင်လို့
ထိုစကား၊ ဒေစကား ၊ ပြောနီလာ
တပို့တွဲလမှာ ၊ ရထားပွဲ
ချမ်းစွာတိကို ၊ ဘေးဖယ်ထား
ချွေးထွက်သံယို ၊ ရထားဆွဲဖို့
အားလုံးလာလတ် ၊ ဖိတ်ခေါ်ရေ ။
ရိုးရာစိုင်လာ ၊ မမိန့်ကောင်း
ထိန်းသိမ်းဂတ်မေ ၊ ရခိုင်သားရို့
ထိန်းသိမ်းဂတ်မေ ၊ ရခိုင်သားရို့
(မောင်ရို့ - မောင်ရို့ - လေး-လေး-လေး-လေး)၂

  • ရာသီကုံလွဲ၊ တပို့တွဲသည်၊ လွမ်းဖွေပင်

ပျော်ရွှင်လူ့ရပ်မြေ၊ ရထားသဘင်၊
နှစ်စဉ်ငင်သည်၊ သောင်းခွင်
ဤလူ့ပြည်ထက် ပျော်ရွှင်ဖွယ်လူတို့၌

ကိုးကား

(စာဆိုဥက္ကာပျံ၏ ရထားသဘင်ဖွဲ့၊ တပို့တွဲလရတု)

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.