ပါရီတက္ကသိုလ်

ဆော်ဗန်း

ဆော်ဗန်းသည် ပြင်သစ်နိုင်ငံ၊ ပါရစ်မြို့တော်ရှိကျော်ကြား ထင်ရှားလှသော ပညာဗိမာန် ကောလိပ်ကျောင်းတော်ကြီးတစ်ခု ဖြစ်သည်။ အလယ်ခေတ်ကမူ၊ ခရစ်ယန်အယူဝါဒ၏ အရေးပါ သော အစိတ်အပိုင်းဖြစ်သည့် ဗြဟဒေဝဗေဒ ဘာသာရပ်ဆိုင်ရာ ကောလိပ်ကျောင်းကလေးတစ်ခုမျှသာ ဖြစ်ခဲ့သည်။ ၁၂၅၃ ခုနှစ် ၌ နဝမလူဝီဘုရင်၏ သင်းအုပ်ဆရာဖြစ်သော ရောဗတ် ဒီဆော် ဗန်းဆိုသူက စတင်တည်ဆောက်ခဲ့ခြင်း ဖြစ်၏။ မူလက စာပေ ပို့ချသော ကျောင်းအဆောက်အအုံအဖြစ်ဖြင့် အသုံးပြုရန် ရည် ရွယ်ခဲ့ခြင်းမဟုတ်ချေ။ ဗြဟဒေဝဗေဒ ဘာသာရပ်ကို သင်ယူ သော ဆင်းရဲသည့်ကျောင်းသားများ နေထိုင်ရန်အတွက် ကျောင်းဆောင်အဖြစ်ဖြင့် ဆောက်လုပ်ပေးခဲ့ခြင်းသာ ဖြစ်လေ သည်။ သို့သော် တစ်ဖြည်းဖြည်းနှင့် ဥရောပတွင် ခရစ်ယန် ဗြဟဒေဝဗေဒနှင့်စပ်လျဉ်း၍ အထင်ရှားဆုံးကျောင်းတစ်ကျောင်း ဖြစ်လာလေသည်။ ၁၆၂၆ ခုနှစ်တွင် ကာဒင်နယ် ရစ်ရှလျူး သည် ထိုကျောင်းအဆောက်အအုံကို ပြန်လည်ပြင်ဆင် တည် ဆောက်ပေးခဲ့သည့်အပြင် ကျောင်းသားများအတွက်လည်း ခန့်ညားထည်ဝါလှသော ဘုရားရှိခိုးကျောင်းကိုပါ ထည့်သွင်း ဆောက်လုပ် ပေးလေသည်။ ၁၇၉၂ ခုနှစ်တွင် ထိုကျောင်းကို အမိန့်အရ ဖျက်သိမ်းလိုက်ရ၏။ ၁၈၂၁ ခုနှစ်တွင်မှ ဆော်ဗန်း ကောလိပ်ကို ပြန်လည်ဖွင့်လှစ်ခဲ့ရာ၊ ဗြဟဒေဝဗေဒ၊ သိပ္ပံပညာ နှင့် စာပေအတွက် မဟာဌာန ၃ ခု ကိုထားရှိခဲ့၏။ ၁၈၅၂ ခုနှစ်၌ ဆော်ဗန်းကောလိပ်ကို ပါရစ်မြို့တော်သို့ လွှဲအပ်ပေးခဲ့ သည်တွင်၊ ပါရစ်တက္ကသိုလ်၌ ဆော်ဗန်းကောလိပ်ကို ပူးတွဲထား ရှိခဲ့လေသည်။ အနှစ် ၂ဝ ခန့်ကြာလတ်သော်၊ ဗြဟဒေဝဗေဒ မဟာဌာနကို လုံးဝဖျက်သိမ်းလိုက်သည်။ ဤတွင် နှစ်ပေါင်း များစွာကပင် ပြင်သစ်နိုင်ငံသူ နိုင်ငံသားများအား အယူဝါဒနှင့် ပတ်သက်သော အတွေးအခေါ် အသိဉာာဏ်ရင့်သန်စေရန် ဦးဆောင်လာခဲ့သည့် ဆော်ဗန်းကောလိပ်သည် သာသနာရေး လောင်းရိပ်အောက်မှ လွတ်မြောက်ခဲ့၍၊ လောကီရေးရာနှင့် သိပ္ပံရေးရာ ဘာသာရပ်များ ကိုသာ သင်ကြားပို့ချပေးသော ကျောင်းဖြစ်လာလေတော့သည်။

၁၈၈၉ ခုနှစ်တွင် အဆောက်အအုံများကို အသစ်ထပ်မံ ဆောက်လုပ်သော 'ဆော်ဗန်းကောလိပ်သစ်'ဟု ခေါ်ဝေါ်ခဲ့လေ သည်။ ၁၇ ရာစုနှစ်မှ အဆောက်အအုံဆိုလျှင် ဘုရားရှိခိုး ကျောင်းကြီးသာ ရှိတော့၏။

ဆော်ဗန်းကောလိပ် အဆောက်အအုံများမှာ ကမ္ဘာပေါ်ရှိ အလှပဆုံးတက္ကသိုလ်အဆောက်အအုံများတွင် အပါအဝင် ဖြစ်ပေသည်။ ဆော်ဗန်းကောလိပ်တွင် အနုစာပေမဟာဌာနနှင့် သိပ္ပံမဟာဌာနတို့ကို ထားရှိလျက်၊ ခေတ်မီဓာတ်ခွဲခန်းများ ဟောပြောခန်းများနှင့် စာကြည့်တိုက်ကြီးများလည်း ရှိလေသည်။ ကမ္ဘာအနှံ့အပြားမှ ထိုကောလိပ်သို့ တက်ရောက်သင်ကြား ကြသော ကျောင်းသူကျောင်းသားပေါင်းမှာ ဒုတိယကမ္ဘာစစ် မတိုင်မီက တစ်နှစ်တစ်နှစ်လျှင် ၁၃ဝဝဝ နီးပါးမျှရှိခဲ့လေသည်၊ တစ်ခါတစ်ရံတွင် ပါရစ်တက္ကသိုလ်ကိုပင် ဆော်ဗန်းဟု ခေါ်ဝေါ် ပြောဆိုတတ်ကြ၏။[1]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.