ပိန်ညင်းငှက်

ပိန်ညင်းငှက် (Kingfisher) သည် ခန္ဓာကိုယ် အရွယ်အစား သေးငယ်သော မျိုးနွယ်စုတစ်ခုဖြစ်ပြီး အရောင်အသွေးစုံနှင့် တောက်ပသည့် ငှက်မျိုးစုတစ်ခု ဖြစ်ပါသည်။ "ကောင်းကင်က ရွှေပိန်ညင်း၊ မိုးခေါ်လို့ဆင်း" ဟု မြန်မာ့အခြေခံပညာမူလတန်းကျောင်းတွင် သင်ကြားရသည့် ကဗျာမှ ရွှေပိန်ညင်းသည် မိုးခေါ်တတ်သည်ဟု မြန်မာလူမျိုးတို့က အမှတ်ပြုကြလေသည်။ ၎င်းငှက်မျိုးနွယ်စုကို ကမ္ဘာတစ်ဝန်းနေရာ ဒေသအချို့တွင် တွေ့ရှိရသော်လည်း ဥရောပ၊ အာရှနှင့် အရှေ့တောင် အာရှဒေသတို့တွင် အဓိက တွေ့ရှိရပါသည်။ ပိန်ညင်းငှက်သည် မိသားစု အသိုက်အဝန်းငယ် တစ်ခုဖြင့် သီးခြား နေလေ့ရှိပြီး အဓိကအားဖြင့် မြစ်ချောင်းဒေသများတွင် ပျော်မွေ့သည့် ပိန်ညင်းငှက် (River Kingfisher)၊ သစ်တောသစ်ပင် ပေါက်ရောက်ရာ ဒေသများတွင် ပျော်မွေ့သည့် ပိန်ညင်းငှက် (Tree Kingfisher) နှင့် ရေအိုင်၊ ကမ်းစပ်ဒေသများတွင် ပျော်မွေ့သည့် ပိန်ညင်းငှက် (Tree Kingfisher) ဟူ၍ ခွဲခြားတွေ့ရှိရပါသည်။ ပိန်ညင်းငှက်သည် အကြမ်းဖျင်းအားဖြင့် မျိုးနွယ်စိတ် ၉၀ ခန့် ရှိသော်လည်း အများစုမှာ မျိုးသုဉ်းပျောက်ကွယ်ပြီး ဖြစ်ပေသည်။ ပိန်ညင်းငှက်သည် ကြီးမားသော ဦးခေါင်း၊ ရှည်လျားသော ခန္ဓာကိုယ်၊ ချွန်ထက်သည့် နှုတ်သီး၊ တိုတောင်းသည့် ခြေထောက်များနှင့် ကြမ်းတမ်းစူးရှသော အမြီးတို့ဖြင့် ဖွဲ့စည်းတည်ရှိပါသည်။

ပိန်ညင်းငှက် (တံငါဘုရင်)
Sacred Kingfisher
မျိုးရိုးခွဲခြားခြင်း
လောက:
Animalia
မျိုးပေါင်းစု:
Chordata
မျိုးပေါင်း:
Aves
မျိုးစဉ်:
Coraciiformes
မျိုးစဉ်သေး:
Alcedines
Families

Alcedinidae
Halcyonidae
Cerylidae


မြန်မာနိုင်ငံ၌ တွေ့ရှိရသည့် ပိန်ညင်းငှက်

မြန်မာနိုင်ငံအပါအဝင် ထိုင်း၊ ကမ္ဘောဒီယား၊ ဗီယက်နမ်၊ လာအို၊ မလေးရှား၊ ဘရူနိုင်း နိုင်ငံတို့၏ သစ်တော ဖုံးလွှမ်းရာ ဒေသများတွင် ကျင်လည် ပျော်မွေ့ကြသည့် ပိန်ညင်းငှက် (Tree Kingfisher) မျိုးနွယ်စုကို တွေ့ရှိရပါသည်။ ၎င်းငှက်မျိုးနွယ်စုကို စင်ကာပူ နိုင်ငံတွင်တော့ မတွေ့ရှိရပေ။

ခန္ဓာဗေဒအချက်အလက်

အရှေ့တောင်အာရှ ဒေသတွင်းနိုင်ငံများ၌ တွေ့ရှိရသည့် ပိန်ညင်းငှက် (Tree Kingfisher) မျိုးနွယ်စုငှက်၏ ခန္ဓာကိုယ် အလျားရှည်မှာ ၂၀ စင်တီမီတာ ရှိပါသည်။ ၎င်း၏ နှုတ်သီးအရောင်မှာ အနီရောင်ဖြစ်ပြီး ခိုင်မာတောင့်တင်းသလို နိမ့်ချည် မြင့်ချည်နှင့် ရင်ဘတ်အစုံမှာလည်း တိုတုတ် မာကျောလှပေသည်။ အဆိုပါအချက်ကပင် မျိုးနွယ်စု ငှက်များအကြား ဆွဲဆောင်စွဲမက်ဖွယ်ရာ ဖြစ်ပါသည်။ အရွယ်ရောက်လာသည့် ပိန်ညင်းငှက် အထီးတစ်ကောင်၏ နဖူးပြင်၊ ပါးနှစ်ဖက်နှင့် ကုပ်ပိုးတို့၏ အရောင်မှာ နီညိုရောင်ရင့်ရင့်ဖြင့် ရှိတတ်သလို အမောက်သေးသေးလေးမှာလည်း အပြာရောင်ဖြင့် တောက်ပကာ ပသာဒရှိသည်။ ထို့ပြင် ခန္ဓာကိုယ် အောက်ပိုင်းတွင်မူ အဖြူရောင်ဖြင့် ဖွဲ့စည်း တည်ရှိပါသည်။ အရွယ်ရောက်လာသည့် ပိန်ညင်းငှက် အမတစ်ကောင်၏ အရောင်အသွေးမှာ ခန္ဓာကိုယ်အောက်ပိုင်းတွင် အဖြူရောင်နှင့် အနက်ရောင် ရောစပ်တည်ရှိသလို ခန္ဓာကိုယ် အပေါ်ပိုင်းတွင်မူ အနက်ရောင်ဖြင့် အချိုးညီညီ ပေါ်လွင် ထင်ရှားပေသည်။ ငယ်ရွယ်သော ပိန်ညင်းငှက်များ၏ အရောင်အသွေးမှာ စုံလင်မှု မရှိသေးဘဲ ခပ်မှိန်မှိန်သာရှိသော်လည်း နှုတ်သီးအရောင်မှာ လိမ္မော်ညိုရောင် ဖြစ်ပါသည်။ ပိန်ညင်းငှက်၏ ထူးခြားချက်မှာ တခြားသော ငှက်များ၏ အသံများကို တုပအော်မြည်နိုင်စွမ်း ရှိခြင်းပင် ဖြစ်ပါသည်။

အပြုအမူ၊ ဓလေ့သဘာဝ

ဘရူးနိုင်းနိုင်ငံ၌ မီတာ ၁၇၀၀ အောက်ရှိသော သစ်တောဒေသများ၌ တွေ့ရှိရသော်လည်း မီတာ ၁၀၀၀ အောက် နိမ့်သော အနိမ့်ပိုင်း ဒေသများတွင်လည်း နေထိုင်နိုင်စွမ်းရှိသည့် ငှက်မျိုးနွယ်စု ဖြစ်ပါသည်။ ပိန်ညင်းငှက် (Tree Kingfisher) သည် အခြားသော ပိန်ညင်းငှက် မျိုးနွယ်စုများနှင့် မတူညီသည့် အချက်မှာ ၎င်းတို့၏ ကျင်လည်ရာ နယ်မြေ ပိုင်နက်အတွင်း စမ်းချောင်းငယ်များ၊ သို့မဟုတ် ရေအိုင်များရှိရန် မလိုအပ်ခြင်းပင် ဖြစ်ပါသည်။ ၎င်းတို့၏ အသိုက်ကိုမူ ဆွေးမြည့်နေသော သစ်ပင်များ၏ အခေါင်းပေါက် အတွင်း၌ တည်ဆောက်တတ်သလို အချို့သော ငှက်များကမူ ခြစားနေသော သစ်ပင်တွင် လုံးဝန်းသော အသိုက်ကို ဖွဲ့စည်းတည်ဆောက်ကြပါသည်။ ပိန်ညင်းငှက်များအနေဖြင့် မိတ်လိုက်ရာသီဟူ၍ သီးခြားမရှိပေ။ သားပေါက်မွေးမြူချိန်တွင် အမတစ်ကောင်သည် အဖြူရောင်ရှိသည့် ဥ ၂ လုံးမှ ၅ လုံးထိ ဥအုချတတ်ပါသည်။ ပုံမှန်အားဖြင့် ဥကို အမကသာ ဝပ်ပေးသော်လည်း လိုအပ်သည့်အချိန်တွင် အထီးကလည်း ဝပ်ပေးပါသည်။ သစ်ပင်သစ်တော ဒေသတွင်သာ ကျင်လည် ကျက်စားသည့် ပိန်ညင်းငှက်ဖြစ်သည့်နှင့် အညီ ၎င်းတို့၏ အစားအစာမှာလည်း အင်းဆက်ပိုးမွှားများကို အဓိက စားသုံးတတ်ကြပါသည်။ ရံဖန်ရံခါတွင်မူ အိမ်မြှောင်အသေးစားများကို စားတတ်ကြသလို မြေပြင်တွင် တွေ့ရှိရသည့် အချို့သော ပိုးမွှားငယ်များကိုလည်း နှုတ်သီးဖြင့် ထိုးဆွ စားသောက်တတ်ကြပါသည်။

ထိန်းသိမ်းစောင့်ရှောက်မှု

ပိန်ညင်းငှက်များသည် ယေဘုယျအားဖြင့် လူမြင် မခံလိုသော ငှက်မျိုးနွယ်စု ဖြစ်သော်လည်း ၎င်းတို့၏ တောက်ပသော အမွေးအတောင်များအရ လူသားတို့၏ ယဉ်ကျေးမှုနယ်ပယ်တွင် စိတ်ဝင်စားမှု ခံနေရသည့် ငှက်မျိုးနွယ်စု ဖြစ်ပါသည်။ ထို့ပြင် ၎င်းတို့၏ စိတ်ဝင်စားစရာအပြုအမူနှင့် ဓလေ့ သဘာဝများကလည်း လူသားတို့ကို အာရုံစူးစိုက် စေခဲ့ရပါသည်။ ထိုအချက်များကပင် ပိန်ညင်းငှက် မျိုးနွယ်စုများ၏ အနာဂတ် ကာလကို ခြိမ်းခြောက်မှု တစ်ရပ် ဖြစ်ခဲ့ရသလို အချို့သော မျိုးနွယ်စုများမှာ မျိုးသုဉ်း ပျောက်ကွယ်လု နီးပါးသို့ ရောက်ရှိခဲ့ရပါသည်။ မျိုးသုဉ်း ပျောက်ကွယ်လု နီးပါး အခြေအနေ ဖြစ်ခဲ့ရခြင်းတွင် အဓိကအကြောင်းရင်းမှာ ကန့်သတ် သစ်တော ဧရိယာ ဒေသများ ရှားပါးလာခြင်းကြောင့် ဖြစ်ပေသည်။ ထို့အပြင် သစ်တော ဧရိယာများ ရှင်းလင်း၍ နယ်မြေသစ်များ ချဲ့ထွင်လာခြင်းက ၎င်းတို့၏ ကျင်လည်ရာ ဓလေ့သဘာဝကို ဆုံးရှုံးခဲ့ရသလို အသက်ဘေးအန္တရာယ် ဆုံးရှုံးမှုတို့ ကြုံတွေ့လာရပြီး မျိုးသုဉ်းရှားပါးလာရသလို ၎င်းတို့၏ စိတ်ဝင်စားဖွယ်ရာ အပြုအမူကပင် ရှားပါး မျိုးသုဉ်းတော့မည့် အဆင့်တစ်ရပ်ကို ဖြစ်ပေါ်စေခဲ့ရပါသည်။ ထို့ကြောင့်လည်း ၎င်းငှက်မျိုးနွယ်စုကို အရှေ့တောင် အာရှဒေသအတွင်း ကောင်ရေ မည်မျှကျန်သည်နှင့် မျိုးနွယ်စု မည်မျှရှိသည်ကိုလည်း ခန့်မှန်းရန် ခက်ခဲလျက် ရှိနေပါသည်။ သေချာသည်ကတော့ အင်ဒိုနီးရှားနိုင်ငံ၌ ရှားပါးအဆင့်မှာ ရှိသလို မလေးရှားနိုင်ငံ၌ လုံးဝကို ရှားပါးအဆင့် ဖြစ်နေပါသည်။ စင်ကာပူနိုင်ငံတွင်တော့ လုံးဝ မရှိ၍ မျိုးသုဉ်းသွားသည်မှာ အသေအချာပင် ဖြစ်ပါသည်။

[1]

[2]

ကိုးကား

  1. Moyle, Robert G (2006). "A Molecular Phylogeny of Kingfishers (Alcedinidae) With Insights into Early Biogeographic History". Auk 123 (2): 487–499.
  2. မြဝတီ ရသစုံ မဂ္ဂဇင်း


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.