ပဲရစ် (ထရွိုင် မင်းသား)

ပဲရစ် (ရှေးဟောင်းဂရိ: Πάρις) သည် ဂရိဒဏ္ဍာရီလာ ထရွိုင်ပြည်မှ မင်းသားဖြစ်သည်။ ထရိုဂျန်စစ်ပွဲကို မီးမွှေးသူအဖြစ် လူသိများသည်။

ငယ်ဘဝ

ထရွိုင်ဘုရင် ပရီယမ်နှင့် မိဖုရားကြီး ဟီကျူဘာတို့မှ မွေးသည်။ မမွေးမီတွင် မိဖုရားကြီးက တလက်လက်လောင်နေသော မီးရှူးတခု မွေးကြောင်း အိပ်မက်သည်။ ထိုအကြောင်းကို ရှေ့ဖြစ်ဟော အေဆာကက်အား နိမိတ်ကောက်စေရာ ပြည်ဖျက်မည့်သားဟု ဟောသည်။

မွေးပြီးသော် မင်းနှစ်ပါးက မြင်းဝန် အဂယ်လော့ကို မျက်ကွယ်ရာ၌ သတ်စေသည်။ ကလေးကို မသတ်လိုသော အဂယ်လော့က အီဒါတောင်ခြေ၌ သွားပစ်သည်။ ထိုနေရာမှ ဝက်ဝံမတကောင်က ကလေးကို နို့တိုက် မွေးသည်။ ကိုးရက်လွန်၌ အလောင်းလာကောက်သော် ကျန်းကျန်းမာမာရှိကြောင်း အဂယ်လော့ တွေ့ရသည်။ သို့ဖြစ်ရာ ဘုရင်အား ခွေးလျှာကို ပြကာ သတ်ပြီးကြောင်း ဆိုသည်။ ကလေးကိုမူ မွေးထားသည်။ အီဒါတောင်မှ ယူခဲ့စဉ်က ကျောပိုးအိတ်တွင် ထည့်လာသဖြင့် ကလေးကို ပဲရစ် (ကျောပိုးအိတ်) ဟု အမည်ပေးသည်။

ငယ်စဉ်ကပင် အပြောအဆို လိမ္မာသည်။ ကျွဲခိုးဂိုဏ်းတခုကို ဆုံးမကာ ခိုးလာသော ကျွဲနွားတို့ကို ပြန်ပေးစေသည်။ သို့ဖြစ်ရာ ရွာသားတို့က အလက်ဇန္ဒား (လူတို့အား ကာကွယ်သူ) ဟု အမည်ပေးကြသည်။

ရွာရှိ ကျွဲတိုက်ပွဲတွင် အဂယ်လော့၏ ကျွဲမှာ ပြိုင်ဘက်ကင်းသည်။ စိန်ခေါ်သူပေါ်စေရန် ပဲရစ်က ရွှေသရဖူလုပ်ကာ အဂယ်လော့ကျွဲအား ယှဉ်နိုင်သည့် မည်သည့်ကျွဲကိုမဆို ထိုရွှေသရဖူ ပေးမည်ဖြစ်ကြောင်း ကျေညာသည်။ ပြိုင်ရမည်ဆိုလျှင် ဗိုလ်မထားသော အေးရိက ကျွဲအသွင်ပြောင်းကာ ဝင်ပြိုင်သည်။ အလွယ်တကူပင် အနိုင်ရသည်။ နတ်ကျွဲဖြစ်ကြောင်း သိသော်လည်း မိမိကတိကို တည်သည့်အနေဖြင့် သရဖူကို အေးရိအား ပေးသည်။ ထိုကိစ္စမှာ အိုလံပတ်တောင်ပေါ်မှာ နတ်တို့ ကောင်းစွာသတိထားမိလိုက်သည်။

ပန်းသီးဇာတ်လမ်း

ပင်လယ်စောင့်နတ်သမီး သဲတစ်ကို သူရဲကောင်း ပီးလီးယပ်နှင့် လက်ထပ်ရန် ဇုက တိုက်တွန်းသည်။ မိမိအား စောင့်ရှောက်ဖူးသော ဇု၏မယား ဟီရာ စိတ်ချမ်းသာစေရန် သဲတစ်က လက်ခံလိုက်သည်။ သို့ဖြင့် စေ့စပ်မှု အထမြောက်သွားသည်။

ညစာစားပွဲသို့ ဇုက နတ်အားလုံးကို ဖိတ်သည်။ ခြွင်းချက်မှာ ဝိဝါဒနတ်ဘုရားမ အဲရစ် ဖြစ်သည်။ ပွဲမပျက်စေလို၍ ထိုပွဲသို့ အဲရစ်ကို ပေးမဝင်။ ဒေါသူပုန်ထကာ အဲရစ် ပြန်သည်။ လက်ဖွဲ့အဖြစ် ယူလာသော ရွှေပန်းသီးတလုံးကိုသာ ချန်ခဲ့သည်။ ပန်းသီးပေါ်၌ စာထွင်းထားသည်မှာ "အလှဆုံးဖို့" ဟူ၏။ ညစာစားပွဲ၌ ထိုပန်းသီးကို သူရထိုက်သည်၊ ငါရထိုက်သည် ငြင်းကြတော့သည်။ နောက်ဆုံး ဆန်ကာတင် ၃ ယောက်မှာ ဟီရာ၊ အသီနာနှင့် အက်ဖရိုဒိုက်တို့ ဖြစ်သည်။ အဖြေအား ကွဲပြားလိုသော် ထိုသုံးယောက်က ဇုထံ ဦးတိုက်သည်။ နှာစေးသည်သာ အကောင်းဆုံးဖြစ်မည်ဟု ယူဆသော် ဇုက ဟာမိ၏နောက်သို့ လိုက်ကာ ပဲရစ်ထံ၌ အဆုံးအဖြတ်ခံရန် ဆိုပြီး ခေါင်းလွှဲသည်။ သို့ဖြင့် နတ်ဘုရားမသုံးယောက်နှင့် ဟာမိတို့ ပဲရစ် ကျွဲကျောင်းရာသို့ ရောက်လာသည်။

သုံးယောက်လုံး၏ အပြင်ပန်းအလှမှာ သူမနိုင်ကိုယ်မသာ ရှိသည်။ တဆင့်တက်ကာ အဝတ်မဲ့ကိုယ်ဖြင့် ယှဉ်ကြသည်။ ဤသည်လည်း ထူးမခြားနားပင်။ ထို့ကြောင့် နတ်ဘုရားမတို့ ပဲရစ်အား ကမ်းလှမ်းနိုင်မှုပေါ် မူတည်ဆုံးဖြတ်ရန် စီစဉ်သည်။ ဟီရာက စေ့စပ်ညှိနှိုင်းကာ အာရှမိုင်းနားတခွင်ကို အုပ်စိုးနိုင်ရန် ကမ်းလှမ်းသည်။ အသီနာက အကြီးမြတ်ဆုံးစစ်သည်၏ အစွမ်းသတ္တိနှင့် ညီသော ကျွမ်းကျင်မှု၊ အသိဉာဏ်ကို ယူရန် ဆိုလာသည်။ အက်ဖရိုဒိုက်က ကမ္ဘာပေါ်ရှိ အလှဆုံးမိန်းကလေး၏ အချစ်ကိုရရန် အာမခံသည်။ ကမ်းလှမ်းချက်တို့ကို ကြည့်ကာ အလှနှင့်ပတ်သက်သည့် ခြင်းရာဖြစ်၍ လှပမှုနှင့်ဆိုင်သော ကမ်းလှမ်းမှုကို ဆီလျော်သည်ယူ၍ အက်ဖရိုဒိုက်ကို ပန်းသီးရှင်အဖြစ် ရွေးသည်။ ကျန်နှစ်ဦးလည်း စောဒကမတက်တော့။ အဖရိုဒိုက်က သူ့ကတိအတိုင်း အလှဆုံးမိန်းကလေး ဟယ်လင် နှစ်ကိုယ်ချစ်ဖြစ်စေရန် ဆုပေးလေသည်။

ထရွိုင်သို့ ပြန်ခြင်း

ပဲရစ်သည် အီဒါတောင်နေ နတ်သမီး အိုနိုနီနှင့် အတူနေကာ ကော်ရီသပ် အမည်ရှိ သားတယောက်ရနေပြီ ဖြစ်သည်။ အချိန်ကြာသော် ဟောကိန်းကို မေ့မေ့ပျောက်ပျောက်ဖြစ်လာသည့် ပရီယမ်က သားဖြစ်သူကို လက်ခံလိုက်သည်။ သို့ဖြင့် ပဲရစ်က ထရွိုင်သို့ ပြန်ရောက်လာသည်။ နေရာမှ ခွါမရသော် အိုနိုနီက အီဒါတောင်ခြေ၌ပင် ကျန်ရစ်သည်။

ဟယ်လင် ထရွိုင်သို့ ရောက်ခြင်း

တခါသော် အပြောအဆိုလိမ္မာသော ပဲရစ်ကို သံအဖြစ် စပါတာသို့ လွှတ်သည်။ ထို၌ အဖရိုဒိုက် ဆုပေးဖူးသည့် မန်နယ်လော့၏မိဖုရား ဟယ်လင်နှင့် ဆုံသည်။ အချစ်နတ်ဘုရားမတန်ခိုးနှင့် နှစ်ဦးသား မြင်မြင်ချင်းပင် စုံမက်ကြသည်။ သို့ဖြင့် အပြန်တွင် ဟယ်လင်ကို ထရွိုင်သို့ ပဲရစ်က ခိုးလာသည်။

မန်နယ်လော့ စစ်ချီလာခြင်း

ဟယ်လင်၏ဖခင် သင်ဒါရပ်မှာ သမီးကြောင့် သမီးနှင့်သားမက် ဒုက္ခရောက်မည်ကို စိုးရိမ်သည်။ သို့ဖြစ်၍ ပါဝင်မည့်သူတို့ကို သားမက်ရွေးပွဲမလုပ်မီတွင် အရွေးခံရသည့် သားမက်အား ကူညီရန် သစ္စာခံစေသည်။ ထိုကတိကြောင့် မန်နယ်လော့က သားမက်ရွေးပွဲဝင်တို့ကို စစ်ကူခေါ်၍ ထရွိုင်သို့ ရွက်တိုက်သည်။

ထရိုဂျန်စစ်ပွဲ

မန်နယ်လော့နှင့် တပ်ပေါင်းစုတို့ ထရွိုင်မြို့ဘေးသို့ ရောက်ပြီးနောက် နှစ်ဖက် သွေးမြေမကျစေရန် ပဲရစ်နှင့် မန်နယ်လော့ စီးချင်းထိုးသည်။ ကျွဲကျောင်းသည့် ပဲရစ်ကို မန်နယ်လော့က လွယ်လင့်တကူပင် အနိုင်ရသည်။ ပဲရစ်အား ကိစ္စတုံးမည်အပြုတွင် မူလလက်သည် အက်ဖရိုဒိုက်က ကယ်ထုတ်သွားသည်။ သို့ဖြင့် ရှောင်မရတော့သော ထရိုဂျန်စစ်ပွဲ ပေါ်လာသည်။ ထရွိုင်ဘက်မှ အဓိကခေါင်းဆောင်မှာ ပဲရစ်၏အစ်ကို ဟက်တာ ဖြစ်သည်။ စစ်ဗျူဟာအားနည်းပြီး အတိုက်အခိုက်မကျွမ်းသော ပဲရစ်မှာ မြားပစ်ခြင်းသာ လုပ်သည်။ သို့သော်လည်း သူ့မြားက အာခိလိကို အဆုံးသတ်လိုက်နိုင်ခြင်းမှာ ထရိုဂျန်တို့အတွက် တအားဖြစ်စေသည်။

ဘဝနိဂုံး

ပဲရစ်ကိုလည်း ကံလှည်းဘီး တပတ်လည်သည်။ ဖီလော့တီတက်၏ မြားချက်ဖြင့် သေလိုက်သောဒဏ်ရာ ရသည်။ ဟယ်လင်က ဇနီးဟောင်း အိုနိုနီထံ အကူအညီသွားတောင်းသည်။ အချစ်ကြီး၍ အမျက်ကြီးသော အိုနိုနီက ငြင်းလိုက်သည်။ ထိုရောဂါနှင့်ပင် ပဲရစ် သေသည်။ ပဲရစ်အား မီးသင်္ဂြိုဟ်သော် ပရိဒေဝ ဖိစီးနေသော အိုနိုနီက မီးပုံသို့ ခုန်ဝင်ကာ လိုက်သေသည်။

ဟယ်လင်ကိုမူ ပဲရစ်၏ညီ ဒိုင်ဖိုဘတ်က သိမ်းပိုက်လိုက်သည်။

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.