ပျို့
ပျို့သည် ပိုဒ်ရေများစွာပါဝင်သော လေးလုံးစပ် ကဗျာရှည်အမျိုးအစား ဖြစ်သည်။ အင်းဝခေတ်တွင် စတင်ပေါ်ပေါက်လာခဲ့ပြီး အင်းဝ၊ တောင်ငူ၊ ညောင်ရမ်းနှင့် ကုန်းဘောင်ခေတ်တို့တွင် ထွန်းကားခဲ့သည်။ စတင်ရေးသားခဲ့သူမှာ အသက် ၁၆ အရွယ်ရှိ ရှင်မဟာရဋ္ဌသာရ ဖြစ်သည်ဟု ဆိုသည်။
အဓိပ္ပာယ်
ပျို့၏ အဓိပ္ပာယ်ကို နှစ်သက်ခြင်းဟု ဖွင့်ဆိုသည်။ ပျို့ရေးသားသူကို ပျို့စာဆို ဟု ခေါ်သည်။
လှေသင်းအတွင်းဝန်၏ ဝေါဟာရလီနတ္ထဒီပနီ၌ ပျို့-ဟူ၍ ခေါ်ဝေါ်ရေးသားကြသည်မှာ-
“မနံ ပိနေတီတိ ပျို့-ဟု ဝိဂြိုဟ်ပြုသည်။ အနက်ကား- ယံကဗျံ၊ အကြင်ကဗျာသည်၊ မနံ၊ စိတ်ကို၊ ပိနတိ၊ နှစ်သက်စေတတ်၏၊ ဣတိ၊ ထို့ကြောင့်၊ တံကဗျံ၊ ထိုကဗျာသည်၊ ပျို့၊ ပျို့မည်၏။ ထို့ကြောင့် ပျို့ဟူသည် နှစ်သက်ခြင်း၊ ပြည့်ဖြိုးခြင်း၊ ထွန်းလင်းသော အရောင်အဝါရှိခြင်း တည်းဟူသော စကားသုံးရပ်ဖြစ်ကြောင်းကို ပြသော ပေါရဏတွင် ဆိုသဖြင့် ဤအရာ၌ နှစ်သက်မြတ်နိုးစေတတ်သည် သဘောရှိသည်ဟု ဆိုသည်။ အထောက်အထားအဖြစ်လည်း ဘုံခန်းတွင် -
- “စုံမက်လှည့်တို့ ပျို့ရရို့လျှင်၊ နှစ်လို့ချင်ဘွယ်၊ ရူပကာယ်ကား” ဟူ၍၎င်း
- “သီးနုရှိလင့်၊ သီးမာရင့်လျက်၊ မှည့်နှင့်တချို့၊ နတ်မင်းတို့သည်၊ ချစ်ပျို့ လေးလေး မြတ်မြတ်တည်း” ဟူ၍၎င်း၊
- “ကြည့်မိတုံတုံ၊ အာရုံပျို့ပျို့၊ နှစ်လို့ပျော်ပျော်၊ ရှေးထက်သော်လည်း” ဟူ၍၎င်း၊
ဟတ္ထိပါလတွင်-
- “လေးယောက်ပျို့ပျို့၊ အင်မချို့တည့်၊ သားတို့ ထံရင်း” ဟူ၍၎င်း၊
တနည်းလည်း ရှေးရှေးသော ကျမ်းပြုဆရာဆရာတို့သည်- “ယဿဘဂဝတော၊ အကြင်မြတ်စွာဘုရားအား။ ပိနာ၊ ပျို့ကုန်သော။ ဥရက္ခံသဗာဟဝေါ၊ ရင်ညှပ်ပခုံးလက်ရုံးတို့သည်။ သန္တိ၊ ရှိကုန်၏”- ဟူ၍ အနက်ပြန်ဆိုတော်မူကြ၏။ ထို့ကြောင့်- ပိန- သဒ္ဒါကဖြစ်သော (ပျို့) ဟူ၍ ယူသင့်သည်။ ဤအရာ၌ သူတပါးတို့၏ နှလုံးကို ကြည်လင်နှစ်မြို့စေလျက် စိတ်ပျိုကိုယ်နုစေတတ်သော အဖွဲ့ဖြစ်ခြင်းကြောင့် ပျို့ဟူ၍ ခေါ်ဝေါ်ရေးသားကြသည်။[1]
အမျိုးအစား
ပျို့ကို အခြေခံအမျိုးအစားအားဖြင့် ၂ မျိုးရှိသည်ဟု သတ်မှတ်သည်။ ထိုအမျိုးအစား ၂ မျိုးမှာ –
- ဇာတ်လမ်းပါသော ပျို့
- ဇာတ်လမ်းမပါသော ပျို့ တို့ဖြစ်သည်။
အရေးပါသောအစိတ်အပိုင်း
ပျို့တစ်ပုဒ်၏ နိဂုံးဖော်ပြချက်သည် အရေးပါသောအစိတ်အပိုင်း ဖြစ်သည်။ နိဂုံးပိုင်းတွင်
- စာဆို၏ ဘဝ
- စာဖတ်ပရိတ်သတ်အပေါ် သဘောထား
- အကြောင်းအရင်း
- ရေးဖွဲ့ပြီးစီးချိန် တို့ကိုတွေ့ရသည်။
ပျို့တွင် ဇာတ်လမ်းကျောရိုးတည်ရာပြည်ကိုဖွဲ့ရာ၌ ပျို့စာဆိုကျင်လည်ရာမြို့ကို ထင်ဟပ်ဖွဲ့ဆိုကြသည်။
ပျို့ဆိုင်ရာမှတ်ချက်များ
မြန်မာစာပေစတင်ဖွံ့ဖြိုးသော အင်းဝခေတ်တွင် ပျို့စာဆိုတို့သည် ဇာတ်တော်ကြီးဆယ်ဘွဲ့အပါအဝင် ဗုဒ္ဓစာပေ ဝတ္ထုဇာတ်လမ်းများကို ပျို့ ဟုခေါ်သော ကဗျာဝတ္ထုများအဖြစ် ဝေဝေဆာဆာ ရေးဖွဲ့ကြသည်။
ကိုးကား
- မဟာဇေယသင်္ခယာဘွဲ့ခံ လှေသင်းအတွင်းဝန်၊ “ဝေါဟာရလီနတ္ထဒီပနီ”၊ ဟံသာဝတီပုံနှိပ်တိုက်၊ ၁၉၆၃ ခုနှစ်၊ ဇူလိုင်လ။