ပြက္ခရွေတောင်စွယ်တော်စေတီ

ပြက္ခရွေတောင်စွယ်တော်စေတီသည် မြန်မာနိုင်ငံမန္တလေးတိုင်းဒေသကြီးကူမဲမြို့၊ ရန်ကုန်−မန္တ​​လေး ကားလမ်း၊ (၂၁)မိုင်ဂိတ်မှ (၉)မိုင်ခန့် အကွာတွင်ရှိသော ပြက္ခရွေ အနောက်တောင်ပေါ်တွင် တည်ရှိသည်။ တောင်ခြေမှ စေတီတော်သို့ ခြေလျင်တက်ရပြီး (၃)မိုင်ခန့်ဝေးကာ (၃)နာရီခန့် တက်ရသည်။ ပုဂံခေတ်၊ အနော်ရထာမင်း တည်ထားကိုးကွယ်ခဲ့သော ငါးဆူမြောက် စွယ်တော်စေတီ ဖြစ်သည်။

သက္ကရာဇ် ၃၉၅-ခုနှစ်မှာတည်၍ ဘုရားဉာဏ်တော်မှာ (၈၁)ပေမြင့်ပြီး အောက်ခြေဖိနပ်တော်မှာ အလျားအနံ (၈၁)ပေ ကျယ်ဝန်းသည်။ ရင်ပြင်တော်ပတ်လည်တွင် စေတီရံပေါင်း ၃၂-ဆူရှိပြီး စေတီတော်ကြီး၏ တောင်ဘက်ရင်ပြင်တော်တွင် အရှေ့အနောက်တန်းလျက် စေတီရံပေါင်း (၂၂)ဆူ ရှိသည်။

အနော်ရထာမင်းကြီးသည် ငါတည်းဘုရားအဖြစ်သို့ ရောက်တော်မူမည် မှန်လျှင် စွယ်တော်မြတ်တစ်ဆူ ပွားပါစေသားဟု အဓိဋ္ဌာန်တော်မူ၍ စွယ်တော်တစ်ဆူ ပွားပြန်လျှင် ဆင်ဖြူရတနာတွင် တင်ကာ အဓိဋ္ဌာန်ဖြင့် လွှတ်ပြန်သည်။ ဆင်ဖြူတော်သည် အရှေ့မျက်နှာအရပ်သို့ သွား၍ သာလျောင်းတောင်တော် (ကျောက်ဆည်မြို့ အနီး)တွင် တစ်ခဏမျှ လျောင်းပြီးသော် ထိုကသွား၍ ခရွေတောင်သို့ တက်သည်။ ထိုကမှ ပြက်တောင်တွင် ဝပ်လေသည်။ အနော်ရထာမင်းကြီးသည် ထိုအရပ်၌ စေတီတစ်ဆူ တည်သည်။ သာလျောင်းတောင်၊ ခရွေတောင်တွင်လည်း ငါ့ကို စေတီတည်ထားလိုသည်ဟု အမှတ်တော်ရှိ၍ စေတီတစ်ဆူတည်တော်မူ၍ များစွာသော သရီရဓာတ်တော်တို့ကို ဌာပနာသည်။ ဤသို့ ခပ်သိမ်းသော သတ္တဝါအပေါင်းတို့ စီးပွားအလို့ငှာ သာသနာ ငါးထောင်တိုင်တိုင် တည်ရစ်စေဟူ၍ ငါးဆူမြောက် စွယ်တော်မြတ်တို့ကို စေတီတည်ပြီးလျှင် များစွာသော ပူဇော်သက္ကာရတို့ကို ပြုတော်မူ သာဓုခေါ်တော်မူသတည်း။

ပြက်တောင်မှာ ရှေးဦးစွာ ဆင်ဖြူတော်တက်၍ ဝပ်မည်ပြုပြီးမှ မဝပ်ပဲ ပျက်ကွက်ခြင်းကို စွဲကာ ပျက်တောင်ဟု ခေါ်ဝေါ်ဟန်ရှိသည်။ ခရွေတောင်မှာ ဆင်ဖြူတော် မဝပ်မလျောင်းဘဲ ချွတ်ယွင်းသောကြောင့် (ခယွေ)ဟု ခေါ်ခြင်းဖြစ်သည်။ ထိုသို့ ပျက်နှင့် ခယွေ နှစ်ခုပေါင်း၍ ခေါ်သော် (ပျက္ခယွေ) ဖြစ်လာပြီး အချိန်ကြာမြင့်သောအခါ သတ်ပုံအားဖြင့် (ပြက္ခရွေ)ဟု ရေးကြရာမှ ယထုအချိန်ထိ ပြက္ခရွေတောင်ဟု တွင်လေသည်။ (အချို့သမိုင်းတွင် ပြကြွေမှ ပြက္ခရွေ ဖြစ်လာသည်ဟု ဆိုသည်။)

ပေပင်ချောင်

စေတီတည်ပြီး အနော်ရထာမင်းကြီးသည် ကျေနပ်ဝမ်းမြောက်စွာဖြင့် "ငါသည် ပုဂါရာမ၌ မင်းတစ်ကြိမ်ဖြစ်သောအခါ ပေစေ့ပေါက်စေသား" ဟူ၍ ရုက္ခစိုး၊ ဘုမ္မာစိုးတို့ကို တိုင်တည်ကာ ပြက်တောင်ခြေတွင် ပေစိုက်တော်မူ၏ဟု မှန်နန်းရာဇဝင်၌ ဆိုသည်။ ပုဂံ ကျစွာမင်း လက်ထက်တွင် ထိုပေပင်များ ပေါက်လာသည်။ ထိုနေရာကို ယခုပေပင်ချောင်ဟု ခေါ်သတည်း။

ဘုရားပွဲတော်

နှစ်စဉ် သီတင်းကျွတ်လဆန်း (၁၃)ရက်မှ လပြည့်အထိ ကျင်းပလေ့ရှိသည်။ တောင်ကြီးပွဲတော်ဟု ဒေသခံများက ခေါ်ကြသည်။ အဖိတ်နေ့ မတိုင်မီတစ်ရက် သီတင်းကျွတ်လဆန်း (၁၃)ရက်နေ့ ညနေခင်းတွင် တောင်ခြေမှ စတက်ရာ ညပိုင်းတွင် မောနားသို့ ရောက်သည်။ ထိုမောနားတွင် သပြေတောင်းရွာ၊ ကတက်ကုန်း၊ မြိုင်ကုန်း၊ နှမ်းခင်း၊ မြို့တွင်း(ပင်လယ်မြို့ဟောင်း)၊ မက္ခရာ၊ မြောင်းကြီးတောင်၊ ကံကွေ့ စသည့်တောင်ခြေရွာများမှလာကြသော ဘုရားဖူးပရိသတ်များဖြင့် စည်ကားသည်။ ကူမဲ၊ မြစ်သားမြို့များမှလည်း ထိုတောင်ကြီးပွဲသို့ လာကြသည်။ ပရိသတ်တို့မှာ အဖွဲ့လိုက်လာကြခြင်းဖြစ်ပြီး အိုးစည်၊ ဒိုးပတ်၊ တူရိယာပစ္စည်းများ ပါလာကြပြီး တစ်ညလုံးမရပ်မနား တီးကြသည်။ ကခုန်သူများကား ကျောက်ခက်ပန်းခွေများ ပန်ဆင်၍ ကကြသည်။ လူကြီးလူငယ် အပျော်သဘောရှိ၍ မိန်းကလေးများအား နောက်ပြောင်ခြင်း မရှိကြပေ။ အဖိတ်နေ့မနက် အရုဏ်တက်ချိန်တွင် မောနားမှ တောင်ပေါ်သို့ ဆက်၍တက်ကြပြီး တစ်နေ့လုံး ဘုရားပေါ်တွင် ပုတီးစိတ်ကြ၊ ပရိပ်ရွတ်ကြသည်။ ဆီမီးတစ်ထောင် ပူဇော်ပွဲလည်း ကျင်းပသည်။ ဆင်(၁၀)မျိုးတို့၏ အရုပ်ဖြင့် ဆွမ်းတော်ကြီးပွဲ တင်ကြသည်။ မီးပုံးပျံများ လွှတ်ကြသည်။ လပြည့်နေ့မနက်တွင် ပြက္ခရွေစွယ်တော်မြတ်ကြီးအား အရုဏ်ဆွမ်းကပ်ကြသည်။ ပွဲတော်ပြန်များ ဖြတ်သန်းရသည့် ရွာတိုင်းက လက်ဖက်၊ ချင်း၊ ပဲလှော်သုပ်၊ ရေနွေးကြမ်းများဖြင့် ဧည့်ခံကြသည်။ (ယခင်က ရွာစောင့်ကျန်သူတို့က သနပ်ခါးသွေးထားပြီး ပွဲတော်ပြန်များအား နံ့သာလူးပေးကြသည့် ဓလေ့ထုံးစံများ ယခုအခါ ပျောက်ကွယ်လျက်ရှိသည်။)

ကိုးကား


    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.