ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနများတွင် စာရင်းစစ်နှင့် ပတ်သက်၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး (Office of the Auditor General) ရှိသည်။ စာရင်းစစ်ချုပ်ရုံး၏ လက်အောက်တွင် စာရင်းစစ်ဌာနများ ရှိသည်။

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး
 မြန်မာအစိုးရအဖွဲ့အစည်း
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ်
ဖွဲ့စည်းသည့်အချိန်ဇန်နဝါရီ ၁၂၊ ၁၉၇၂ (၁၉၇၂-၀၁-12)
ဌာနချုပ်နေပြည်တော်
ဌာနအကြီးအမှူးများ​ဒေါက်တာကံ​​ဇော်၊ ပြည်​ထောင်စုစာရင်းစစ်ချုပ်
ဝက်ဘ်ဆိုက်oagmac.gov.mm

သမိုင်းကြောင်း

မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီ ဗြိတိသျှတို့ အုပ်စိုးစဉ်ကပင် ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံ အက်ဥပဒေအရ စာရင်းစစ်ချုပ်ကို ခန့်ထားခဲ့ပြီး၊ ယင်း၏လက်အောက်တွင် စာရင်းစစ်ချုပ်ရုံး၊ ငွေစာရင်းမင်းကြီးရုံး၊ ငွေစာရင်းဝန် (ကာကွယ်ရေး)ရုံး၊ စာတိုက်နှင့် ကြေးနန်းငွေစာရင်းဝန်ရုံးနှင့် ဒေသန္တရအဖွဲ့ ငွေစာရင်းဝန်ရုံးများကို ဖွဲ့စည်းခဲ့သည်၊၊ လွတ်လပ်ရေးရရှိသည့်အခါ ၁၉၄၈ ခုနှစ် စာရင်းစစ်ချုပ်အက်ဥပဒေအရ မြန်မာနိုင်ငံ စာရင်းစစ်ချုပ်ကို ခန့်ထားခဲ့ပြီး ယင်းလက်အောက်တွင် အထက်ဖော်ပြပါ စာရင်းနှင့် စာရင်းစစ်ဌာနများအပြင် ၁၉၅၅ခုနှစ်တွင် နိုင်ငံပိုင် စီးပွားရေးအဖွဲ့အစည်းများကို စစ်ဆေးရန် ကူးသန်းရောင်းဝယ်ရေး စာရင်းစစ် ညွှန်ကြားရေးဝန်ရုံးကို တိုးချဲ့ဖွဲ့စည်းခဲ့သည်။ ထို့ပြင်စာရင်းကိုင်ခြင်း၊ စာရင်းစစ်ဆေးခြင်း၊ ရုံးလုပ်ငန်း ကိစ္စများ စီမံခန့်ခွဲဆောင်ရွက်ခြင်း ကဲ့သို့သော လုပ်ငန်းခွင်နယ်ပယ် အသီးသီးတွင် ကျွမ်းကျင် ဝန်ထမ်းများ ဖြစ်လာစေရန်အတွက် ၎င်းတို့၏ လုပ်ငန်းခွင်ဗဟုသုတနှင့် စွမ်းရည်များ တိုးမြှင့်လာစေရန် အစိုးရဌာနများ၊ နိုင်ငံပိုင်စီးပွားရေး အဖွဲ့အစည်းများနှင့် စာရင်းနှင့်စာရင်းစစ်ဌာနများ၏ အငယ်တန်းဝန်ထမ်းများထဲမှ ရွေးချယ်ထားသူများကို လေ့ကျင့်သင်ကြားပေးရန် ရည်ရွယ်ချက်ဖြင့် ၁၉၅၈ ခုနှစ် ဧပြီလတွင် နိုင်ငံတော်အစိုးရမှ စာရင်းနှင့်စာရင်းစစ်ပညာ လေ့ကျင့်သင်ကြားရေး သင်တန်းကျောင်း ကို ဖွဲ့စည်းတည်ထောင်ခဲ့သည်။ ထိုအချိန်မှစ၍ ၎င်းသင်တန်းကျောင်းကို စာရင်းစစ်ချုပ်၏ ကြီးကြပ်ကွပ်ကဲ ထိန်းချုပ်မှုအောက်တွင် ထားရှိခဲ့သည်။ ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီ အစိုးရလက်ထက်တွင် စာရင်းစစ်ဌာန ဖွဲ့စည်းမှုကို ပြောင်းလဲမှုမရှိဘဲ ယခင်အတိုင်း ထားရှိခဲ့သည်။

ထို့နောက် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံပုဒ်မ ၅၅ အရ ၁၉၇၄ခုနှစ် တွင် ပြည်သူ့လွှတ်တော်က ပြည်သူ့လုပ်ငန်း စစ်ဆေးရေးအဖွဲ့ ဥပဒေကို အတည်ပြု ပြဋ္ဌာန်းခဲ့သည်။ ယင်း ဥပဒေများပါ ပြဋ္ဌာန်းချက်များအရ ပြည်သူ့လုပ်ငန်း စစ်ဆေးရေးအဖွဲ့ကို ပြည်သူ့လွှတ်တော်က ရွေးချယ်တင်မြှောက်ဖွဲ့စည်းပြီး ပြည်နယ်/တိုင်းနှင့် မြို့နယ်များတွင်လည်း သက်ဆိုင်ရာအဆင့်အလိုက် လုပ်ငန်းစစ်ဆေးရေးအဖွဲ့များကို ဖွဲ့စည်းခဲ့သည်။ ထို့ပြင် ပြည်သူ့လုပ်ငန်းစစ်ဆေးရေးအဖွဲ့ ဥပဒေပုဒ်မ ၆၇ ဖြင့် ၁၉၄၈ ခုနှစ် စာရင်းစစ်ချုပ် အက်ဥပဒေကို ရုပ်သိမ်းခဲ့ပသည်။ ယခင်စာရင်းစစ်ချုပ်လက်အောက်ရှိ စာရင်းစစ်ချုပ်ရုံး၊ ငွေစာရင်းမင်းကြီးရုံး၊ စာတိုက်နှင့်ကြေးနန်း ငွေစာရင်းဝန်ရုံး၊ ဒေသန္တရအဖွဲ့ ငွေစာရင်းဝန်ရုံးနှင့် ကူးသန်းရောင်းဝယ်ရေး စာရင်းစစ် ညွှန်ကြားရေးဝန်ရုံးနှင့် စာရင်းနှင့်စာရင်းစစ်ပညာ လေ့ကျင့်ရေးသင်တန်းကျောင်းတို့ ပူးပေါင်းပြီး ၁၉၇၄ ခုနှစ်၊ ဇန်နဝါရီလမှစ၍ ဗဟိုစာရင်းရုံးအဖြစ် ပြန်လည်ဖွဲ့စည်းခဲ့သည်။ ငွေစာရင်းဝန်(ကာကွယ်ရေး) ရုံးကို ကာကွယ်ရေး ဝန်ကြီးဌာန လက်အောက်သို့ ၁၉၇၂ - ၇၃ နှစ်ကုန်တွင် လွှဲပြောင်းပေးခဲ့သည်၊၊ ပြည်နယ်/တိုင်းနှင့် မြို့နယ်အဆင့်တို့တွင်လည်း စာရင်းရုံးများကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်သူ့လုပ်ငန်း စစ်ဆေးရေးအဖွဲ့ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အသစ် ဖွင့်လှစ်ခဲ့သည်။

၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့က နိုင်ငံတော်အာဏာကို လွှဲပြောင်းယူခဲ့ပြီး ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်စွဲပါ အမိန့်အမှတ်၊ ၅/၈၈ ဖြင့် စာရင်းစစ်ချုပ်ဥပဒေ ပြဋ္ဌာန်းကာ ပြည်သူ့လုပ်ငန်း စစ်ဆေးရေးဥပဒေကို ရုပ်သိမ်းခဲ့သည်။ ၁၉၈၈ခုနှစ် စက်တင်ဘာလ ၂၇ ရက်စွဲပါ အမိန့်အမှတ် ၇/၈၈ ဖြင့် စာရင်းစစ်ချုပ်နှင့် ဒုတိယစာရင်းစစ်ချုပ်တို့ကို ခန့်အပ် တာဝန်ပေးခဲ့သည်။

၂၀၁၁ခုနှစ်၊ မတ်လ ၃၀ ရက်နေ့တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ နိုင်ငံတော်အာဏာကို အစိုးရသစ်သို့ လွှဲပြောင်းပေးခဲ့ပြီး၊ ၂၀၁၀ ခုနှစ် ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေသစ်ဖြင့် ၁၉၈၈ ခုနှစ် စာရင်းစစ်ချုပ်ဥပဒေကို ရုပ်သိမ်းခဲ့သည်။ အစိုးရသစ်လက်ထက်တွင် ဗဟိုမှ အာဏာခွဲဝေပေးသည့် စနစ်ကို ပြောင်းလဲကျင့်သုံးခဲ့ပြီး၊ စာရင်းစစ်ချုပ်ဥပဒေသစ်အရ စာရင်းစစ်ရုံးများ၏ ဖွဲ့စည်းပုံသည် ယခင်နှင့် ကွဲပြားခြားနားသွားခဲ့သည်။ ယခုအခါ ၂၀၁၀ ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေသစ်ဖြင့် ပြည်ထောင်စု အဆင့်အတွက် ပြည်ထောင်စု စာရင်းစစ်ချုပ်နှင့် ဒုတိယစာရင်းစစ်ချုပ်တို့အား ခန့်အပ်၍ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတွင်လည်း ပြည်နယ်/တိုင်းဒေသကြီး စာရင်းစစ်ချုပ် (၁၄)ဦး ခန့်အပ်ထားသည်၊၊

ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကို ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။ [1]

တာဝန်များ

ပြည်ထောင်စုစာရင်းစစ်ချုပ်၏ တာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်။ [2]

  • ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင်ဖြစ်စေ၊ ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသားလွှတ်တော် အစည်းအဝေးတွင်ဖြစ်စေ နိုင်ငံတော်၏ အရအသုံးစာရင်းများ စစ်ဆေးခြင်းနှင့် စပ်လျဉ်း၍ တစ်နှစ်လျှင် အနည်းဆုံးတစ်ကြိမ် တင်ပြခြင်း၊ ထူးခြားသော အခြေအနေကို အခါအားလျော်စွာ တင်ပြခြင်း။
  • ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေပါ ပြဋ္ဌာန်းချက်များအရ-
    • နိုင်ငံတော်၏ အရအသုံးစာရင်းများကို စစ်ဆေးခြင်း၊
    • အရအသုံးခန့်မှန်းခြေ ငွေစာရင်းပါ ရငွေများကို ပြည့်ဝစွာရရှိစေရန် ဆောင်ရွက်ထားခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊
    • အရအသုံးခန့်မှန်းခြေ ငွေစာရင်းပါ သုံးစွဲခွင့်ပြုထားသည့် ငွေကြေးများကို ထိရာက်စွာ အသုံးပြု/မပြု စစ်ဆေးခြင်း၊၊
  • ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ အစိုးရဌာနများ၊ အစိုးရအဖွဲ့အစည်းများနှင့် နေပြည်တော်ကောင်စီတို့အတွက် စာရင်းအင်းထားသိုပုံနည်းစနစ် သတ်မှတ်ပေးခြင်းနှင့် သတ်မှတ်ထားသောစနစ်နှင့် အညီကျင့်သုံး ခြင်းရှိ/မရှိစစ်ဆေးခြင်း၊
  • ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ အစိုးရဌာနများ၊ အစိုးရအဖွဲ့အစည်းများနှင့် နေပြည်တော်ကောင်စီတို့၏လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှုကို စစ်ဆေးခြင်း၊
  • နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သို့မဟုတ် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကဖြစ်စေ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတစ်ခုခု၊ ပြည်ထောင်စုဝန်ကြီးဌာန တစ်ခုခု သို့မဟုတ် နေပြည်တော်ကောင်စီကဖြစ်စေ ယင်း၏ လုပ်ငန်းတစ်ရပ်ရပ်အား စစ်ဆေးပေးရန် ညှိနှိုင်းလာပါက လိုအပ်သလို စစ်ဆေးပြီးနောက် တွေ့ရှိချက်များကို သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ ပေးပို့ခြင်း၊
  • မြန်မာနိုင်ငံစာရင်းကောင်စီနှင့် မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်းတို့အား ကြီးကြပ်ခြင်းနှင့် လိုအပ်သော လမ်းညွှန်မှုများပေးခြင်း၊
  • လက်မှတ်ရပြည်သူ့စာရင်းကိုင်နှင့် ကိုယ်ပိုင်စာရင်းကိုင်လုပ်ငန်း လုပ်ကိုင်သူတို့၏ တာဝန်၊ ကျင့်ဝတ်သိက္ခာ၊ ရပိုင်ခွင့်များနှင့် စပ်လျဉ်း၍ ဥပဒေနှင့်အညီ သတ်မှတ်ခြင်းနှင့် ကြီးကြပ်ခြင်း၊
  • လက်မှတ်ရပြည်သူ့စာရင်းကိုင်နှင့် ကိုယ်ပိုင်စာရင်းကိုင်လုပ်ငန်း လုပ်ကိုင်သူတို့က စစ်ဆေးထားသည့် ပုဂ္ဂလိကလုပ်ငန်းများ၏ စာရင်းများတွင် နိုင်ငံတော်သို့ ပေးဆောင်ရမည့် အခွန်အခများနှင့် စပ်လျဉ်း၍ ထပ်မံ စစ်ဆေးရန် လိုအပ်ပါက စစ်ဆေးခြင်း၊
  • စာရင်းစစ်ဆေးရေးလုပ်ငန်းများနှင့် စပ်လျဉ်းသော လိုအပ်သည့် ဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းခြင်း၊
  • မိမိ၏ ဆောင်ရွက်ချက်များနှင့် စစ်ဆေးတွေ့ရှိချက်များကို နိုင်ငံတော်သမ္မတထံသို့ တင်ပြသည်နှင့် တစ်ပြိုင်တည်း ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံ တင်ပြခြင်း၊
  • နိုင်ငံတော်သမ္မတက ဥပဒေနှင့်အညီ ပေးအပ်သည့် အခြားတာဝန်များ ထမ်းဆောင်ခြင်း၊
  • တည်ဆဲဥပဒေတစ်ရပ်ရပ်အရ သတ်မှတ်သော အခြားတာဝန်များထမ်းဆောင်ခြင်း၊၊
  • ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ အစိုးရဌာနများ၊ အစိုးရ အဖွဲ့အစည်းများနှင့် နေပြည်တော်ကောင်စီတို့၏ လုပ်ငန်းအကောင် အထည်ဖော်ဆောင်ရွက်မှုကို စစ်ဆေးရန် ပြည်ထောင်စုလွှတ်တော်က တာဝန်ပေးအပ်လာလျှင် စစ်ဆေး၍ ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံတင်ပြခြင်း။
  • ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ အစိုးရဌာနများ၊ အစိုးရအဖွဲ့အစည်းများနှင့် နေပြည်တော်ကောင်စီတို့တွင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေနှင့် ဆက်စပ်ဆောင်ရွက်သော ကြွေးမြီ၊ အပ်ငွေ၊ ယာယီစသည့် စာရင်းများဆိုင်ရာ ရငွေနှင့်ပေးငွေ စာရင်းများကို စစ်ဆေးခြင်း၊ ယင်းရငွေပေးငွေများကို တာဝန်ရှိသူများက စနစ်တကျ ကြီးကြပ်မှု၊ ထိန်းချုပ်မှု၊ ကွပ်ကဲမှု ရှိ မရှိစစ်ဆေးခြင်း။

လုပ်ပိုင်ခွင့်များ

ပြည်ထောင်စုစာရင်းစစ်ချုပ်၏ လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်း ဖြစ်သည်။[2]

  • ဒုတိယစာရင်းစစ်ချုပ်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို သတ်မှတ်ခြင်း၊
  • သက်ဆိုင်ရာအစိုးရဌာနများ၊ အစိုးရအဖွဲ့အစည်းများ၏ ငွေစာရင်းများနှင့်ပစ္စည်း စာရင်းများ စစ်ဆေးခြင်း၊
  • တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စာရင်းစစ်ချုပ်၏ လုပ်ငန်းဆောင်ရွက်ချက်များအား လမ်းညွှန်ခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်းနှင့် အခါအားလျော်စွာ စစ်ဆေးခြင်း၊၊

ပြည်ထောင်စုစာရင်းစစ်ချုပ်သည် ပုဒ်မ ၁၁ နှင့် ၁၂ တို့အရ မိမိအား အပ်နှင်းထားသော တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ဒုတိယ စာရင်းစစ်ချုပ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စာရင်းစစ်ချုပ်နှင့် စာရင်းစစ်ရုံးအဆင့်ဆင့်ရှိ စာရင်းစစ်အရာရှိများအား လွှဲအပ်ဆောင်ရွက်စေနိုင်သည်၊၊

ဖွဲ့စည်းပုံ

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် စာရင်းစစ်ရုံး အဆင့်ဆင့်တို့ကို အောက်ပါ အတိုင်း ဖွဲ့စည်းထားသည်။[3]

(က)ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊
(ခ)တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စာရင်းစစ်ချုပ်ရုံးများနှင့် ယင်းတို့၏ ကြီးကြပ်မှု အောက်တွင် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အတွင်း-
(၁)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စု မရှိလျှင်-
(ကက)ခရိုင်စာရင်းစစ်ရုံးများ၊
(ခခ) မြို့နယ်စာရင်းစစ်ရုံးများ။
(၂)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စု ရှိလျှင်-
(ကက) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၌
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစာရင်းစစ်ရုံး၊
ခရိုင်စာရင်းစစ်ရုံးများ၊
မြို့နယ်စာရင်းစစ်ရုံးများ။
(ခခ)ကိုယ်ပိုင်အုပ်ချုပ်ရဒေသ၌
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ‌ဒေသစာရင်းစစ်ရုံး၊
မြို့နယ်စာရင်းစစ်ရုံးများ။
(ဂဂ)ကျန်ဒေသများ၌
ခရိုင်စာရင်းစစ်ရုံးများ၊
မြို့နယ်စာရင်းစစ်ရုံးများ။
(ဂ)ပြည်ထောင်စုနယ်မြေ၌
ခရိုင်စာရင်းစစ်ရုံးများ၊
မြို့နယ်စာရင်းစစ်ရုံးများ။

အကိုးအကား

  1. သမိုင်းကြောင်း ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး။ ၂၀၁၄-၁၀-၂၆ တွင် ပြန်စစ်ပြီး။
  2. တာဝန်နှင့်လုပ်ပိုင်ခွင့်များ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး။ ၂၀၁၄-၁၀-၂၆ တွင် ပြန်စစ်ပြီး။
  3. ဖွဲ့စည်းပုံ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး။ ၂၀၁၄-၁၀-၂၆ တွင် ပြန်စစ်ပြီး။


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.