ဖိုလ်ဝင်တောင်

ဖိုးဝန်းတောင် (ခေါ်) ဖိုလ်ဝင်တောင်သည် စစ်ကိုင်းတိုင်းဒေသကြီးယင်းမာပင်မြို့နယ်တွင် သမိုင်းဝင် ဖိုလ်ဝင်တောင်နှင့် အင်ကြင်းတောင် တို့၌ သမိုင်းအရ ထင်ရှားသော ဘုရား၊ စေတီများအပါအဝင် ဘုရားစေတီ (၁၈၅) ဆူ တည်ရှိပါသည်။ ဖိုလ်ဝင်းတောင် ဘုရားစေတီများ အတွင်းတွင် ရှေးလက်ရာ နံရံဆေးရေး ပန်းချီများ၊ ပန်းပု လက်ရာများအပြင် သစ်သားတံခါးများ တွင်လည်း ရှေးလက်ရာ ပန်းပုများကို အလှဆင်၍ ချယ်မှုန်း ထုလုပ် ထားသည်ကို တွေ့ရှိ နိုင်ပါသည်။ ယင်းမာပင်မြို့နှင့် (၇) မိုင်ခန့်အကွာတွင် တည်ရှိပါသည်။ ဖိုလ်ဝင်တောင် ဘုရားပွဲတော်ကို နှစ်စဉ် တန်ဆောင်မုန်းလဆန်း (၈)ရက်မှ လပြည့်နေ့အထိ စည်ကား သိုက်မြိုက်စွာ ကျင်းပပါသည်။

Phowintaung Cave Complex
ဖိုလ်ဝင်တောင်
A Phowintaung Buddha statue with murals
Location within Burma
အချက်အလက်များ
ကိုဩဒိနိတ်22°02′44.46″N 94°59′3.03″E
ဘာသာရေး နှီးနွယ်မှုTheravada Buddhism
နိုင်ငံMyanmar
ဗိသုကာ
ပြီးစီး14th century

ဘုရားစေတီ အရေအတွက်မှာ ယခု မှတ်တမ်းတင်ထားသော အချက်အလက်များနှင့် ရှေးမှတ်တမ်းများပါ အချက်အလက်များ ကွဲပြားနေပါသည်။ နှစ်ကာလ တိုက်စားမှု ကြောင့် ပျက်ဆီးဆုံးရှုံးမှု များစွာရှိခဲ့ပါသည်။ ဘုရားစေတီများ အပါအဝင် ဖိုးဝန်းတောင် သစ်တောကြိုးဝိုင်း အတွင်း နေထိုင်ကြသော တိရစ္ဆာန်များ၏ ပျက်ဆီးဆုံးရှုံးမှု သည် အများဆုံးဖြစ်ခဲ့သည်။ အထူးသဖြင့် ယခင်က မျောက်များကို နေရာအနှံ့ လက်ညှိုးထိုးမလွဲ တွေ့ရသော်လည်း ယခု နောက်ပိုင်းတွင် အတော်ကလေး နည်းပါးသွားသည်ကို တွေ့ရပါသည်။ လူများနှင့် ယဉ်ပါးလွန်းနေပြီး ဖိုးဝန်းတောင် ဘုရား စေတီများ ကြားတွင် လှည့်လည် ကျက်စားနေကြသော မျောက်များအတွက် လျှပ်စစ်မီးများ တပ်ဆင်လိုက်စဉ်က ဆုံးရှုံးမှုသည် အများဆုံး ဖြစ်ခဲ့ပြီး နောက်ပိုင်းတွင်လည်း တစ်တိတိ ကျဆင်းလျက် ရှိသည်။

ဖိုးဝန်းတောင်၏ ထူးခြားချက်မှာ ဖိုလ်ဝင်တောင် ဘုရားပွဲကာလအတွင်း မျောက်များ လုံးဝ ပျောက်ကွယ် သွားတတ်ခြင်း ဖြစ်ပြီး ဘုရားပွဲ ပြီးလျှင် ပြန်ပေါ်လာ တတ်ခြင်း ဖြစ်ပါသည်။ "ဖိုလ်ဝင်းတောင်ရှင်မ" က ဖွက်ထားသည် ဟု ဒေသခံ များက ယူဆ ယုံကြည် ကြပါသည်။

"ဖိုးဝန်းတောင်" ဟု ခေါ်ကြသော်လည်း အမှန်တကယ်မှာ ဖိုးဝန်းတောင် ဟူ၍ မရှိပါ။ တောင်များ အားလုံးကို စုပေါင်းပြီး ခေါ်လိုက်ခြင်း ဖြစ်ပါသည်။ ဖိုလ်ဝင်းတောင် တွင်ရှိနေသော တောင်များ၏ ပုံသဏ္ဌာန်မှာ ဘုရားရှင် ကိုယ်တော်မြတ်ကြီး လျောင်းတော်မူ နေသည့် ပုံသဏ္ဌာန်ရှိနေ၍ ထိုအချက်ကလည်း အနည်းငယ် ထူးခြားသည်ဟု ပြောနိုင်ပါသည်။

ဘုရားပေါင်း (၄၄၆,၄၄၄) ဆူ ရှိသည်ကို စွဲ၍ "ရွှေလသာ ဝါဝါဝင်း" ဟု ထင်ရှားစွာ အမှတ်အသား ပြုရသော ဖိုးဝန်းတောင်သည် အောက်ချင်းတွင်းခရိုင် မုံရွာမြို့တစ်ဖက်ကမ်း ညောင်ပင်ကြီးဆိပ်မှ ၁၄ မိုင်အကွာတွင် တည်ရှိသည်။ ပထဝီဝင် သဘောအရ မြောက်လတ်တီတွဒ် ၂၂ံ ၁၃' အရှေ့လောင်ဂျီတွဒ် ၉၄ံ ၅၈' ၌တည်ရှိသည်။ တောင်တန်းသည် ပေ ၉၅ဝ ကျော် အမြင့်ရှိသော တောင်စဉ်တောင်တန်း ဖြစ်၍ တောင်ရိုး၏ ဘေးတစ်ဖက်တစ်ချက်တို့တွင်လည်း မနက်လွန်းသော ချောက်ကမ်းပါးများ ကျောက်တုံး ကြီးများ ရှိသည်။ တောင်၏ ပတ်ပတ်လည်၌ ချောက်ကမ်းပါးများ ဖြစ်၍ တောင်ထိပ်တွင် ညီညာ၍ ကုန်းပြင်မြင့် သဏ္ဌာန်ရှိသည်။ ဖိုးဝန်းတောင်သည် ယင်းတောင်၏ အနောက်ဘက် တောင်ကမ်းပါးပြတ်တို့၌ တည်ထားသော ဘုရားများနှင့် ထုထွင်း ပြုလုပ် ထားသော ရှေးမြန်မာ ကျောက်ဆစ်လက်ရာများကြောင့် ကျော်ကြားခြင်း ဖြစ်သည်။

ရသေ့ရဟန်း သူတော်စင်တို့၏ တရားအားထုတ်ရာ နိဗ္ဗာန်ဖိုလ်ဝင်ရာ တောင်ဖြစ်သဖြင့် ဖိုလ်ဝင်တောင်ဟူ၍၎င်း၊ ဝိဇ္ဇာဇော်ဂျီတို့ ထွက်ရပ်အတွက် ဖိုထိုးရာ ဖိုဝင်ရာဖြစ်၍ ဖိုဝင်တောင်ဟူ၍၎င်း၊ တောင်ပေါ်မှ ဘုရားများကို ဘုရင်နှင့်တကွ စစ်သည်ဗိုလ်ပါ အလုံးအရင်းတို့ ဝိုင်းဝန်းတည်ထွင် ကုသိုလ်ပြုခဲ့ကြခြင်းကို အကြောင်းပြု၍ ဗိုလ်ဝန်းတောင်ဟူ၍ လည်းကောင်း အသီးသီးတွင်ရာမှ "ဖိုးဝန်းတောင်" ဖြစ်လာ သည်ဟူ၍ ဆိုကြလေသည်။

ဖိုးဝန်းတောင် သမိုင်းအဆိုရမူ သက္ကရာဇ် ၂၀၉ ခုနှစ်တွင် ဟင်္လဂပူရတိုင်း ပြူမင်းပြုံးမင်းခေါ် ဗန္ဓဝမင်းသည် တိုင်းခန်းလှည့်လည်ယင်း ဤဖိုးဝန်းတောင်တန်း တည်ရာ အရပ်ဝန်းကျင်သို့ ရောက်ရှိလာရာ၊ တောင်နှင့် ၃ မိုင်ခန့် ကွာသော ယခု "မင်းစုကြီးရွာ" နေရာတွင် ချွေးတပ်စွဲ နေလေသည်။ ဖိုးဝန်းတောင် ဒေသ၏ အနေအထားနှင့် ကျောက်ဆောင် ကျောက်တုံးများကို ဘုရားထွင်းထု ပူဇော်ရန် ဗန္ဓဝမင်းသည် ဆန္ဒပြင်းပြသည့်အလျောက် ဘုရင်မှအစ မိဖုရား မှူးမတ် စစ်ဗိုလ် စစ်သားအထိ တစ်ဦးလျှင် ဘုရားတစ်ဆူစီ ထွင်းထုလှူဒါန်း ကြရာမှ ဘုရားအဆူပေါင်း ၄၄၆,၄၄၄ တည်ရှိ နေခြင်း ဖြစ်လေသည်။ စတင်ထုထွင်း လှူဒါန်းသော ဘုရားနှင့် လိုဏ်ဂူကြီး (၆) ခုမှာ -

  1. ဆုတောင်းပြည့်
  2. ဆုတောင်းရ
  3. တတိုင်းပြည့်
  4. တင်းတင်းပြည့်
  5. သက်တော်ရှည်
  6. သက်တော်ရ ဟူ၍ ဖြစ်သည်။

ဘုရားလိုဏ်ဂူအတွင်း၌ မျက်နှာကြက် နံရံတို့တွင် မြန်မာ ရှေးပန်းချီများနှင့် စကားစိမ်းသားစုတ်တံ တမာစေးနှင့် ဖျော်ရသော သဘာဝ တွင်းထွက်ကျောက်ဆေးအိုးမှ ဆေးရောင်စုံများကို တွေ့ရှိ နိုင်သည်။ မာကျောသော ကျောက်သားကို နုနုရွရွ ပန်းခက် ပန်းကြွ နဖူးစည်းများ ထုထွင်းထားပုံမှာ အိန္ဒိယနိုင်ငံရှိ အဇန္တာလိုဏ်ဂူမှ လက်ရာများထက်ပင် ချီးကျူးဖွယ် ဖြစ်သည်။ ဖိုးဝန်းတောင်ပေါ်ရှိ အခြားထင်ရှားသော ဂူလိုဏ်ဘုရား စသည်တို့မှာ (၄) ခန်းတွဲ အိမ်ကြီး (၄) လုံးစာခန့်ရှိ ကျောက်တုံးကြီးကို နန်းတော်ဟန် ထုလုပ် ထားသော "မိဖုရားကြီး လိုဏ်ဂူ"၊ တိုက်တန်းလျားကြီး သဖွယ် ဥမင်ကျောက်ဂူ အရှည်ကြီး ထွင်း၍ ယင်း အပေါ်၌ တည်ထားသော "လွမ်းစေတီ"၊ ကရမက်နံ့သာဖြူ တို့ကို အမှုန့် ပြုလုပ် အင်္ဂတေ သရိုးကိုင်၍ တည်ထားသော "နံ့သာစေတီ" စသည်တို့ ဖြစ်သည်။

ဖိုးဝန်းတောင်မကြီးနှင့် တစ်ဆက်တည်းတွင် "နွားသိုးတောင်၊ လင်းနို့တောင်၊ ကျောက်တစ်လုံးတောင်၊ ဖန်ခါးတောင်နှင့် ရွှေဘတောင်" စသည်ဖြင့် တောင်များစွာရှိသည်။ တောင်တိုင်းတွင် ဘုရားနှင့် လိုဏ်ဂူများ ရှိသည်။ နွားသိုးတောင်တွင် ဗန္ဓဝမင်းကြီး၏ မိဖုရားကြီးက အရိမေတ္တယျ ဘုရားသခင် ပွင့်သည့်အခါ ကျောင်းတော် ဆောက်ရန် ရည်စူး၍ မြုပ်နှံထားသော ပစ္စည်းဥစ္စာများကို ရန်သူမျိုးငါးပါး ဘေးမှ ကာကွယ် စောင့်ရှောက်ရန် ကျောက်နွားသိုးရုပ် တစ်ခု ထု ထားသည်။ ယင်းကို အစွဲပြု၍ "နွားသိုးတောင်" ဟုတွင်သည်။ ဗန္ဓဝမင်း အသုံးတော်ခံ သူကြွယ်ကြီး ဘိုးရွှေဘသည် မူလ လိုဏ်ဂူများ အပြင် နောက်ဆက်တွဲ ထွင်းထု လှူဒါန်းခဲ့ရာ တောင်ကို "ရွှေဘတောင်"ဟု ခေါ်လျက် ရှိကြသည်။ ဖိုးဝန်းတောင် နှင့် ဆက်လျက် တောင်တန်း များအနက် ဖန်ခါးပင်များ အလွန်ပေါသည်ကို စွဲ၍ တွင်နေသော "ဖန်ခါးတောင်" သည် အမြင့်ဆုံး ဖြစ်သည်။

ဖိုးဝန်းတောင်တွင် ပုဂံခေတ် ရှေးကျသော လက်ရေးပါသည့် အုတ်ခွက်များကို တွေ့ရှိ ရသဖြင့် ပုဂံခေတ်ကပင် ဤတောင်၌ သာသနာရေး အဆောက်အအုံများ ရှိမည်ဟု ခန့်မှန်း နိုင်သည်။ တောင်ပေါ်တွင် သက္ကရာဇ် ၁၀၀ဝ ကျော် ထိုးစာပါသည့် ခေါင်းလောင်း ၈ ခုရှိသည်။ ရှေးက ဖိုးဝန်းတောင်မှာ တရုတ်ပြည်မှ အိန္ဒိယသို့ သွားရာ ကုန်းလမ်းကျ သဖြင့် သာသနာ ပြန့်ပွားခဲ့ဟန် တူ၏။ ယခုတွေ့ရသော လက်ရာများကား နောက်ကျသော ခေတ်များမှ လက်ရာများ ဖြစ်ကြလေသည်။

ဖိုးဝန်းတောင် ဘုရားပွဲကို ယခုအခါ နှစ်စဉ် တန်ဆောင်မုန်း လတိုင်း ကျင်းပလျက်ရှိရာ ပွဲတော်လာ ပရိသတ် အထူး စည်ကားလှသည်။ ဖိုးဝန်းတောင်သို့ မုံရွာမြို့ တစ်ဖက်ကမ်းမှ ကားလမ်း ခရီးပေါက်သည်။

ဓာတ်ပုံများ

ကိုးကား

မြန်မာစွယ်စုံကျမ်း

    ပြင်ပလင့်

    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.