ဖောင်တော်ဦးဘုရား (လယ်ဝေး)

တည်နေရာ

ဖောင်တော်ဦးဘုရားသည် နေပြည်တော်ပြည်ထောင်စုနယ်မြေ လယ်ဝေးမြို့နယ်တွင် တည်ရှိသည်။လယ်ဝေးမြို့၏ အနောက်တောင်ဖက် ၂ မိုင်ခန့်အကွာ၊ပျဉ်းမနား-တောင်တွင်းကြီး မီးရထားလမ်းအနီး၊ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၏ အရှေ့ဘက်၊ဥယျာဉ်စုကျေးရွာအုပ်စု၊မြို့ကုန်းကျေးရွာတွင် ပါဝင်သည်။

ဖောင်တော်ဦးဘုရား

သမိုင်းကြောင်း

အလောင်းစည်သူမင်းသည် သက္ကရာဇ် (၄၇၅)ခုနှစ်မှ (၅၂၄)ခုနှစ်ထိ ပေါက္ကံပြည်ကြီးကို စိုးစံတော်မူစဉ် ဖောင်တော်ရတနာရွှေစင်္ကြာဖြင့် မြန်မာပြည်တွင်း တိုင်းခန်းလှည့်လည်တော်မူရာ ဖောင်တော်ရတနာ ရပ်တန့်နားနေရာဌာန၊ ဖောင်တော်ဦးတွင် စေတီတော်မြတ်အား တည်ထားခဲ့သဖြင့် ဖောင်တော်ဦးစေတီတော်ဟု အမည်တွင်ကြောင်း သမိုင်းကြောင်းအရ သိရသည်။အတွင်းလိုဏ်ပါစေတီပုံသဏ္ဍန်ဖြစ်ပြီး ပစ္စယံအဆင့်(၃)ပါရှိသည်။ဖောင်တော်ဦးဘုရားကုန်းအနီး၌ မိုးကောင်းဘုရားအမည်ရှိ ရှေးဟောင်းစေတီတစ်ဆူကို တွေ့ရှိရသည်။

မောင်နွဲ့ဆိုသည့် ပုဂ္ဂိုလ်တစ်ဦးက ငနွယ်ကုန်းရွာ(နောင်-ဝါးနွယ်ကုန်းရွာ၊ယခု-လယ်ဝေးမြို့)ကို သက္ကရာဇ် (၁၉၁) ခုနှစ်တွင် တောင်ကုန်းတစ်ခုပေါ်၌ စတင်တည်ထောင်ခဲ့ပြီး ၎င်းကနဦးမြို့စတင်တည်ရာနေရာသည် ယခုဖောင်တော်ဦးဘုရားတည်ရှိရာ မြို့ကုန်းနေရာပင် ဖြစ်သည်။မြို့ဟောင်း၏ အကျယ်အဝန်းမှာ အရှေ့ အနောက် တာ (၁၀၀)၊ ပေပေါင်း ၁၀၅၀ ရှည်ပြီး တောင် မြောက်မှာ တာ(၈၀)၊ ပေပေါင်း ၈၄၀-ပေ ရှည်လျားသည်။ မြို့ရိုးတံတိုင်းမှာ (၁၅) ပေခန့် မြင့်ပြီး မြို့ရိုးအပြင် ပတ်လည်၌ ရေကျုံးတစ်ခု တူးဖော်ထားခဲ့သည်ဟု ရှေးဟောင်း ရာဇဝင် မှတ်တမ်းတို့တွင် ဖော်ပြထားသည်ကို တွေ့ရသည်။ယခုချိန်အထိ မြို့ကုန်းရွာအနီးတစ်ဝိုက်တွင် ရှေးဟောင်းမြို့ရိုးပုံသဏ္ဍန် ကုန်းမြေမြင့်များကို တွေ့နိုင်သည်။

သမိုင်းဆက်နွယ်မှုများ

ယခုချိန်အထိ ဖောင်တော်ဦးဘုရားတည်ရှိရာ အနီးတစ်ဝိုက်တွင် ရှေးဟောင်းစေတီပုထိုးများကို မြင်တွေ့နိုင်ပြီး ပလွေးချောင်းတစ်လျှောက် ရှေးဟောင်းလှေများ ၊ရှေးဟောင်းပစ္စည်းများကို မကြာခဏ တွေ့ရလေ့ရှိသည်။ရှေးဟောင်းလောင်းလှေများ၊သစ်ထွင်းလှေများ မကြာခဏ တွေ့ရှိဆယ်ယူရရှိသော ပလွေးချောင်းသည် ဖောင်တော်ဦးဘုရားကုန်းမြင့်အနီး အနောက်မှ အရှေ့သို့ဖြတ်သန်းစီးဆင်းကာ ရုံးပင်ကျေးရွာအနီး၌ ပေါင်းလောင်းမြစ်အတွင်းသို့ စီးဝင်သည်။လွန်ခဲ့သောနှစ်ပေါင်း ၃၀ ခန့်က ပလွေးချောင်းအတွင်းမှ ဆယ်ယူရရှိခဲ့ကာ ဖောင်တော်ဦးဘုရားကုန်းမြေ၌ထားရှိခဲ့သော ရှေးဟောင်းသစ်ထွင်းလှေမှာ ယခုအခါထိန်းသိမ်းမှုအားနည်း၍ ပျက်စီးယိုယွင်းနေပြီဖြစ်သည်။

၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် အဆိုပါရှေးဟောင်းလှေနှင့် ပုံသဏ္ဍန်တူ လုံးပတ် ၈ ပေ၊၆၅ တက်လှော် ရှေးဟောင်းသစ်ထွင်းလှေကောက်တစ်စင်းကို လယ်ဝေးမြို့နယ်၊သစ်တောရွာအနီး ပလွေးချောင်းထဲမှဆယ်ယူရရှိခဲ့သည်။၂၀၁ရ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့တွင် လယ်ဝေးမြို့နယ်၊သရက်ကုန်းချောင်းခွကျေးရွာအနီး ပလွေးချောင်းထဲမှ ၅၈ ပေအရှည်၊အလေးချိန် ၁၀ တန်ခန့်ရှိ ရှေးဟောင်းလှေတစ်ခင်းအား ထပ်မံတွေ့ရှိခဲ့ပြီး ဆယ်ယူရရှိခဲ့သောရှေးဟောင်းလှေများအနက် အရွယ်အစားအကြီးဆုံးဖြစ်ကြောင်း သိရသည်။[1]

အလှူရှင်များ


ဖောင်တော်ဦးဘုရားအား ခေတ်အဆက်ဆက် ပြုပြင်မွမ်းမံခဲ့သည့်အလှူရှင်ပုဂ္ဂိုလ်များအနက် ဆရာတော်ဦးဓမ္မနှင့် ခုနှစ်ရာခိုင်ဆရာတော်တို့မှာ ထင်ရှားသည်။နှစ်စဉ် တပို့တွဲလပြည့်နေ့တွင် စတုဒီသာ ထမနဲထိုးပွဲများ ကျင်းပလေ့ရှိသည်။

ဓာတ်ပုံများ

ဖောင်တော်ဦးဘုရား
ဖောင်တော်ဦးဘုရား


ကိုးကား

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.