ဖော်မြူလာ ဝမ်း

ဖော်မြူလာ ဝမ်း (F1) သည် အပြည်ပြည်ဆိုင်ရာ မော်တော်ကား အဖွဲ့ချုပ်မှ ကြီးမှူး ကျင်းပသည့် အဆင့်အမြင့်ဆုံး မော်တော်ကား ပြိုင်ပွဲဖြစ်ပြီး လူကြိုက်များသည့် အားကစား တစ်မျိုးဖြစ်သည်။ ပြိုင်ပွဲရာသီ တစ်ခုတွင် သာမန်လမ်းများတွင် လည်း ကောင်း သီးသန့်ဖောက်လုပ်ထားသည့် လမ်းများတွင် လည်းကောင်း ကျင်းပသည့် ကားပြိုင်ပွဲများ ပါဝင်သည်။ ထိုပြိုင်ပွဲများကို ဂရင်းပရိုက်စ် ပြိုင်ပွဲများဟု ခေါ်သည်။ ပြိုင်ပွဲအသီးသီး၏ ရလဒ်များကို ပေါင်းကာ နှစ်စဉ် အကောင်းဆုံး မောင်းနှင်သူနှင့် မော်တော်ကား ထုတ်လုပ်သူ ချံပီယံဆု နှစ်ဆုကို ချီးမြှင့်လေ့ရှိသည်။

၅ နှစ်ဆက်တိုက် ချံပီယံဆုရရှိသူ မိုက်ကယ် ရှူးမက်ကာ မောင်းနှင်သည့် ဖရာရီပြိုင်ကား

ဖော်မြူလာဝမ်း ကားပြိုင်ပွဲများတွင် အရှိန်နှုန်း ၁ နာရီလျှင် ၃၆၀ ကီလိုမီတာ (၂၂၀ မိုင်) အထိ အမြန်မောင်းကာ ယှဉ်ပြိုင်ကြသည်။ ပြိုင်ပွဲဝင် မော်တော်ကား အသင်း အများစု သည် ဥရောပတွင် တည်ရှိပြီး ပြိုင်ပွဲတဝက်ခန့်ကိုလည်း ဥရောပတွင် ကျင်းပကြသည်။ သို့သော်လည်း ယခုနှစ်ပိုင်းအတွင်း၌ ဂရင်းပရိုက်စ် ပြိုင်ပွဲများကို ကမ္ဘာနှင့်အဝန်း ကျင်းပလာပြီ ဖြစ်သည်။

ဖော်မြူလာဝမ်း ပြိုင်ပွဲများကို ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပေးပြီး တကမ္ဘာလုံးတွင် ပြိုင်ပွဲတိုင်း ပရိသတ် သန်း ၆၀၀ နီးပါးရှိသည်။

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.