ဖျာလိပ်နတ်

ဖျာလိပ်နတ် မအောင်ဖြူသည် မြန်မာ့မိရိုးဖလာကိုးကွယ်ယုံကြည်ကြသည့် နတ်တစ်ပါး ဖြစ်သည်။[1]

သမိုင်းကြောင်း

ပေါက္ကံပြည်၌ ကျစွာမင်းစိုးစံနေချိန် သက္ကရာဇ် ၅၉၆ − ၆၁၂ တွင် ဖြစ်၏။ အောက်မြို့သုံးမြို့ကို အပိုင်စားရသည့် သုံးမြို့ရှင်သည် ဟံသာဝတီပြည်မြို့ (အချို့က သာယာဝတီဟု ဆိုကြသည်) တည်ရာတွင် မြို့ရိုးတိုင်ကို ထူရာတွင် မအောင်မြင်ဘဲ ဖြစ်နေ၏။ ထို့နောက်တွင် ပုဏ္ဏားဖြူ၊ ပုဏ္ဏားညိုတို့ကို မေးမြန်းရာတွင် အမည်တွင် အောင်ပါသည့် အမျိုးသမီးတစ်ဦးသည် အချိန်ကျလာပါက ဖျာလိပ်ကို ပွေ့ကာ လာပါလိမ့်မည်ဟု လျှောက်ထားကြသည်။[1]

ပညာဗလနှင့် မအောင်ဖြူ

ထိုအချိန်တွင် သုံးမြို့ရှင်ထံ၌ တူတော်စပ်သူ ပညာဗလသည် အမှုထမ်းလျက်ရှိ၏။ တူဖြစ်သူသည် မြို့ဝန်သမီးကို မယူဘဲ သူကြီးသမီး မအောင်ဖြူနှင့် ယူလိုက်လေသည်။ ထိုအခါ သုံးမြို့ရှင်သည် ပညာဗလကို ဒေါသထွက်ကာ ဘုရင်အား "ပညာဗလသည် တိုင်းပြည်ကို လုပ်ကြံပါမည်" ဟု ကုန်းချောစကား ဆိုလေသည်။ ထိုအခါ ဘုရင်သည် ပညာဗလကို ဖမ်းဆီးတော်မူခဲ့သည်။ ထိုမျှသာမကဘဲ ပညာဗလ၏ နှမတော်စပ်သူကို ဖမ်းဆီး၍ သိမ်းပိုက်ခဲ့သည်။ သို့သော် ပညာဗလ၏ နှမသည် သုံးမြို့ရှင်၏ လုပ်ရပ်ကို မခံဘဲ အသက်အောင့်ကာ မိမိကိုယ်ကို အဆုံးစီရင်ခဲ့သည်။ သေဆုံးပြီးနောက်တွင် သုံးပန်လှနတ် ဖြစ်သွားခဲ့သည်။

ထို့နောက်တွင် ပညာဗလ အဖမ်းခံရသည်ကို မအောင်ဖြူသိသဖြင့် တွေ့ဆုံရန်အတွက် စားသောက်ချက်ပြုတ်ရန် ဟင်းအိုးဟင်းခွက်၊ ဖျာလိပ်စသည်တို့ကို ပိုက်ကာ လိုက်လာခဲ့သည်။ လမ်းတွင် မင်းမှုထမ်းတို့သည် စောင့်ဆိုင်း၍ ဖမ်းဆီးမေးမြန်းရာ အမည်တွင် "အောင်" ပါ၍ ပုဏ္ဏားတို့ ပြောဆိုချက်နှင့် ကိုက်ညီသည့် တနင်္ဂနွေသမီး ဖြစ်၍ မြို့ရိုးတိုင်ထူမည့် တွင်းထဲသို့ ထည့်ကာ စတေးလိုက်ကြသည်။

မစတေးမီ မအောင်ဖြူသည် ဟံသာဝတီနယ်တွင် တိရစ္ဆာန်ဖြစ်က တိရစ္ဆာန်ဆိုး၊ လူဖြစ်က လူဆိုးသာ ဖြစ်ပါစေ၊ ကြီးပွားခြင်း မရှိပါစေနှင့်ဟု ကျိန်ဆဲခဲ့လေသည်။ ထို့ပြင် မအောင်ဖြူသည် မိမိ၏ လင်ယောက်ျားနှင့် ပေါင်းသင်းရပါစေသားဟု ဆုတောင်းခဲ့သေးသည်။

သေဆုံးပြီးနောက် ဘီလူးမဘဝသို့ ရောက်သွားခဲ့သည်။ ထို့နောက်တွင် ဖမ်းဆီးခံထားရသည့် ယောက်ျားဖြစ်သူကို တန်ခိုးဖြင့် ယူဆောင်သွားခဲ့သည်။ ထို့နောက် သူပိုင်ဆိုင်သည့် နယ်တွင် ပေါင်းသင်းနေထိုင်ကြပြီး သားတစ်ဦး ဖွားမြင်ခဲ့သည်။ ထိုသားဖြစ်သူမှာ "ခြေရာတစ်ထောင် မောင်မဲခေါင်" ဖြစ်သည်။

ဘီလူးမသည် လင်ဖြစ်သူနှင့် သားကို ထားကာ သစ်သီးရှာသွားခိုက်တွင် သားဖြစ်သူသည် ဖခင်ကို ထမ်း၍ ထွက်ပြေးခဲ့သည်။

ဘီလူးမသည် သိလျှင်သိချင်း လိုက်သေးသည်။ သို့သော်လည်း မိမိပိုင်သည့်နယ်ကို ကျော်လွန်သွားပြီ ဖြစ်ကာ မလိုက်နိုင်တော့ပဲ ထိုနေရာတွင်ပင် အော်ခေါ်ရင်းဖြင့် ရင်ကွဲနာကျကာ သေဆုံးခဲ့သည်။ ဘီလူးမဘဝပြီးနောက် လူ့ဘဝမှ ဖြစ်စဉ်ကို စိတ်စောသဖြင့် မအောင်ဖြူဘဝက ဖျာလိပ်ကို သတိရစွဲလမ်းပြီး "ဖျာလိပ်နတ် မအောင်ဖြူ" ဖြစ်ခဲ့သည်။[1]

ယုံကြည်ကိုးကွယ်ခြင်း

မအောင်ဖြူနတ်သည် အမျိုးသမီးများကြားတွင် အထူးထင်ရှားသည်။ မအောင်ဖြူသည် လင်နှင့်သားကို စိတ်နာသဖြင့် တင်မြှောက်ပသရာတွင် ယောက်ျားများ ကိုင်တွယ်ခြင်း မပြုရပေ။ အမျိုးသမီးများသည် မိမိရည်မှန်းထားသူနှင့် ပေါင်းရမည့်အကြောင်းကို မအောင်ဖြူနတ်အား မေးလေ့ရှိသည်။

နတ်တင်မြှောက်ရာတွင် ပြုလုပ်ရမည်မှာ ကန်တော့ပွဲတွင် အုန်း၊ ငှက်ပျော ထည့်၍ ပွဲရှေ့တွင် ဖျာလိပ်သစ်တစ်ခုကို ထဘီ၊ အင်္ကျီ၊ ဆံစု၊ ဘီး စသည်တို့ဖြင့် လူကဲ့သို့ ဝတ်ဆင်ပေးရသည်။ ထို့ပြင် ကျောက်ပျဉ်၊ သနပ်ခါးတုံး၊ မှန်တို့ကိုလည်း အဆင်သင့် ထားရသည်။[1]

ကိုးကား

  1. ဦးထွေးဟန် (၁၉၉၁ ခုနှစ်၊ ဇူလိုင်လ၊ ၁၇ ရက်)။ မြန်မာ့မိရိုးဖလာဓလေ့ နတ်သမိုင်း။ အမှတ် - ၅၊ တင့်ဆန်းလမ်း၊ ဗဟန်း၊ ရန်ကုန်မြို့: ရွှေပုရပိုက်စာပေ။ pp. ၁၇၈၊ ၁၇၉၊ ၁၈၀။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)CS1 maint: location (link)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.