ဖြူဖြူသင်း

ဖြူဖြူသင်းကို ၁၉၇၂ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့၌ မွေးဖွားခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် အခြေခံပညာ အထက်တန်းစာမေးပွဲ အောင်မြင်ခဲ့ပြီး၊ ၁၉၉၀ ပြည့်နှစ်တွင် ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ)၌ တက်ရောက် ပညာသင်ကြားခဲ့သည်။ ၁၉၉၆ ခုနှစ်တွင် သမိုင်းအဓိကဖြင့် ဘွဲ့ရခဲ့သည်။

ဖြူဖြူသင်း
Phyu Phyu Thin

ပြည်သူ့လွှတ်တော်အဖွဲ့ဝင်
မင်္ဂလာတောင်ညွန့်ရွေးကောက်နယ်မြေ
၀၂၊ မေ၊ ၂၀၁၂ -
ယခင် အောင်ကြည်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
အလုပ်အမှုဆောင်
ကိုယ်ရေး အချက်အလက်
အမည်ရင်း ဖြူဖြူသင်း
မွေးရပ်ဇာတိ တောင်ဥက္ကလာပ၊ ရန်ကုန်တိုင်း
နိုင်ငံသား မြန်မာနိုင်ငံ

၁၉၉၇ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဝင်ရောက်ခဲ့ပြီး မြို့နယ်လူငယ်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၂၀၀၂ ခုနှစ်တွင် လူငယ်တာဝန်ခံ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ၏ ညွှန်ကြားချက်ဖြင့် လူငယ် ၁၉ ဦး စိစစ်ရွေးချယ်ရာတွင် ပါဝင်ခဲ့ပြီး ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ရုံးက ပြုလုပ်သည့် HIV ကာကွယ်တားဆီးရေးနှင့် ပြုစုစောင့်ရှောက်ရေးသင်တန်းကို တက်ရောက်ခဲ့သည်။ ထိုသင်တန်းမှ အစပြုကာ HIV/AIDS ဝေဒနာရှင်များ ကူညီရေးနှင့် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို စတင်လုပ်ဆောင်ခဲ့သည်။

မြန်မာနိုင်ငံတွင် ခုခံအားကျဆင်းမှုရောဂါနှင့်ပတ်သက်၍ ကာကွယ်တားဆီးရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် NGO များအနေဖြင့် HIV/AIDS နှင့် ပတ်သက်ပြီး အသိပညာပေး ဟောပြောပွဲ ကျင်းပလိုပါက၊ အာဏာပိုင်များထံ ခွင့်ပြုချက် အဆင့်ဆင့်တင်ရခြင်း၊ နေရာဒေသနှင့် လူဦးရေ ကန့်သတ်ခြင်းများ ရှိနေပါသည်။ နယ်များသို့ သွားရောက်ပညာပေးလိုပါက၊ သွားရောက်ခွင့် အဆင့်ဆင့် တောင်းခံကြရပါသည်။ ထို့ကြောင့် AIDS ကာကွယ်တားဆီးရေး လုပ်ငန်းများလည်း လိုသလောက် ခရီးမတွင်ကျယ်လှပါ။

၂၀၁၀ ပြည့်နှစ် ကုလသမဂ္ဂ (UN AIDS) က ထုတ်ပြန်ထားသည့် ကိန်းဂဏန်းများအရ မြန်မာပြည်တွင် အိတ်ချ်အိုင်ဗီ ရောဂါပိုး ကူးစက်ခံရသူ ၃ သိန်း ၆ သောင်းကျော်ရှိပြီး အေအိုင်ဒီအက်စ် ရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ အသုံးစရိတ်မှာ ၁ နှစ်လျှင် အမေရိကန် ဒေါ်လာတစ်သိန်း ဝန်းကျင်သာရှိပါသည်။ ထိုပမာဏအရ၊ လူတစ်ဦးချင်းစီ ပျမ်းမျှရရှိမည့် ကျန်းမာရေးစောင့်ရှောက်မှုနှုန်းသည် အိမ်နီးချင်း ထိုင်းနိုင်ငံတွင် အစိုးရက သူ့နိုင်ငံသားတစ်ဦးအတွက် အကုန်အကျခံသည့် ပမာဏထက် အဆပေါင်း ၂၅ဝ ခန့် လျော့နည်းနေကြောင်း ကမ္ဘာ့ကုလသမဂ္ဂ၏ စာရင်းဇယားများအရ သိရှိရသည်။ ထိုသို့ အစိုးရကူညီထောက်ပံ့မှု မလုံလောက်သော လူထုကျန်းမာရေးကဏ္ဍကို မဖြူဖြူသင်းက ကိုယ်ကျိုးစွန့် ကူညီဆောင်ရွက်ပေးခဲ့သည်။

မဖြူဖြူသင်းသည် ၂ဝဝ၂ ခုနှစ်မှ စပြီး တောင်ဒဂုံမြို့နယ် ရပ်ကွက် (၁၈) နှင့် (၂၀) ရှိ ကယ်ဆယ်ရေးဂေဟာ ၂ ခုကို ဦးဆောင်တာဝန်ယူခဲ့သူ ဖြစ်သည်။ HIV/AIDS ကူညီရေးနှင့် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများအတွက် အစဦးပိုင်းတွင် ရောဂါသည်များကို အားပေးမှု အပိုင်းသာ ဆောင်ရွက်နိုင်ခဲ့သော်လည်း၊ နောက်ပိုင်းတွင် လူနာများကို အေအာဗွီီ ဆေးများ တိုက်ကျွေးနိုင်ခဲ့သည်။ ၂၀၁၀ ခုနှစ်အထိ နိုင်ငံတဝန်းက ဝေဒနာရှင်ပေါင်း ၅၀၀၀ ကျော်ကို အခမဲ့ ဆေးဝါးအကူအညီ ပေးနိုင်ခဲ့သည်။[1][2][1][3]

၎င်းတို့အဖွဲ့အား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်လူငယ်များနှင့် စတင် တည်ထောင်ခဲ့သောကြောင့် အာဏာပိုင်များ၏ နှောင့်ယှက်မှုများကို အမြဲလိုလို ကြုံတွေ့ခဲ့ရပြီး၊ ဖမ်းဆီးခံရမှုများပင် ရှိခဲ့ပါသည်။ ထို့အပြင် NGO အဖွဲ့များအနေဖြင့် နိုင်ငံရေးနှင့် မပတ်သက်ရဟု သတိပေး တားမြစ်ထားသောကြောင့် မည်သည့် NGO အဖွဲ့ကမျှ မဖြူဖြူသင်းတို့အဖွဲ့အား မကူညီရဲကြပါ။ ထို့ကြောင့် အခက်အခဲပေါင်းများစွာကို ကျော်ဖြတ်ခဲ့ရသည်။

မဖြူဖြူသင်းသည် HIV/AIDS ကာကွယ်တားဆီးရေးနှင့် ရောဂါဝေဒနာသည် ပြုစုစောင့်ရှောက်ရေး လုပ်ငန်းထဲတွင် ဘဝကို မြှုပ်နှံလုပ်ကိုင်နေသူ ဖြစ်သည်။ အထူးသဖြင့် တဖက်တွင် ဝေဒနာသည်များအား နေ့ညမရွေး ပြုစုစောင့်ရှောက်ပေးနေသကဲ့သို့၊ အခြားတဖက်တွင်လည်း အတွေ့အကြုံများကို အခြေခံပြီး ကျန်းမာရေးအသိပညာပေး ဆောင်းပါးများရေးသားကာ လူထုအတွင်း အမြင်ကျယ်လာစေရန်နှင့် ဝေဒနာရှင်များကို လူမှုအသိုင်းအဝိုင်းက ဖေးမ ကူညီစိတ်များ တိုးပွားလာစေရန် ကြိုးပမ်းလုပ်ဆောင်လျက် ရှိသည်။

ထိုသို့ ပြည်သူအကျိုးပြု လူမှုရေးလုပ်ငန်းများကို ကိုယ်ကျိုးစွန့် ကူညီပေးနေသော မဖြူဖြူသင်းအား အာဏာပိုင်များက အကူအညီမပေးသည့်အပြင် နှောင့်ယှက်ဟန့်တားခြင်း၊ အန္တရာယ်ပေးခြင်းများကို အမြဲလိုလို ပြုကျင့်တတ်ပါသေးသည်။ ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး ပေါ်ပေါက်ခဲ့ပြီး၊ မဖြူဖြူသင်းသည် အာဏာပိုင်များ အန္တရာယ်မှ ခေတ္တတိမ်းရှောင်နေစဉ် ဖခင်ဖြစ်သူ ဦးလှထွန်း ဆုံးပါးခဲ့ပြီး ဖခင်ကြီး၏ နောက်ဆုံးခရီးကိုပင် လိုက်ပါပို့ဆောင်နိုင်ခြင်း မရှိခဲ့ပါ။

မဖြူဖြူသင်းသည် ၂၀၁၀ ခုနှစ်နှင့် ၂၀၁၁ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆု နောက်ဆုံး ဆန်ခါတင် ၅ ဦး အမည်စာရင်းတွင် ၂ နှစ်ဆက်တိုက် အဆိုပြုခံခဲ့ရသူ ဖြစ်ပါသည်။[4]

၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြု၍ မင်္ဂလာတောင်ညွန့်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြည်သူ့လွှတ်တော် အမတ် အဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရသည်။[5]

ကိုးကား

  1. Burma Released HIV-Positive Activists From Hospital Confinement Voice of America (2007-06-08)။ 2007-06-29 တွင် ပြန်စစ်ပြီး။
  2. Mann၊ Naomi (2009-07-03)။ A Brave, Caring Woman Now Also Needs Help The Irrawaddy။ 30 September 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2007-07-03 တွင် ပြန်စစ်ပြီး။
  3. Lae၊ Aye (2009-06-07)။ HIV/AIDS Patients Detained in Rangoon The Irrawaddy။ September 30, 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2007-06-29 တွင် ပြန်စစ်ပြီး။
  4. မော်ကွန်းတင်ပြီးမိတ္တူ 1 May 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 19 June 2017 တွင် ပြန်စစ်ပြီး။
  5. "NLD AIDS activist to run for Parliament"၊ Mizzima၊ 7 February 2012 9 February 2012 တွင် ပြန်စစ်ပြီး
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.