ဗတ်စကို ဒဂါးမား
နယ်မြေသစ် စူးစမ်းရှာဖွေခဲ့သူများအနက် ပေါ်တူဂီလူမျိုး ဗက်စကို ဒဂါးမား သည် ကမ္ဘာတွင် အကျော်ကြားဆုံး ပုဂ္ဂိုလ် တစ်ဦးဖြစ်ပေသည်။
နယ်မြေသစ် ရှာဖွေမှု သည် စွန့်စွန့်စားစား ပြုရသလောက် အလွန် အကျိုးကျေးဇူး များလှသဖြင့် ရှေးခေတ်များ မှ အစပြု၍ ဥရောပတွင် ခေတ်စား ခဲ့သည်။ တစ်နိုင်ငံ နှင့် တစ်နိုင်ငံ အပြိုင် နယ်သစ်များ ရှာကြပြီးလျှင်၊ သက်ဆိုင်ရာ မိမိတို့ နိုင်ငံ၏ ပိုင်နက်နှင့် တန်ခိုးအာဏာကို နယ်ချဲ့ခဲ့ကြသည်။ တစ်ခါ က တန်ခိုးကြီး နိုင်ငံများဖြစ် ကြသော စပိန်နှင့် ပေါ်တူဂယ် နိုင်ငံတို့သည်လည်း ချမ်းသာ ကြွယ်ဝသော အရှေ့တိုင်း၊ အထူးသဖြင့် အိန္ဒိယနိုင်ငံသို့ ပိုင်နက် ချဲ့လိုကြသည်။ ထိုကြောင့် ယင်းဒေသများသို့ အမြန်ဆုံး ပေါက်ရောက်သော ပင်လယ် ခရီးလမ်း ကို အပြိုင်အဆိုင် ကြိုးစား ရှာဖွေခဲ့ကြသည်။
ပေါ်တူဂီတို့သည် နှစ်ပေါင်း ၆၀ ခန့် မျှ အာဖရိကတိုက် အနောက်ဘက် ကမ်းခြေတစ်လျှောက် တောင်ဘက်သို့ ခရီးလမ်းကို တဖြည်းဖြည်းစမ်း၍ သင်္ဘော လွှင့် ကြည့်ခဲ့ကြရာ၊ ၁၄၈၈ ခုနှစ် တွင် ဗာတူးလူး မေယုဒီးအတ် ဆိုသူသည် အာဖရိကတိုက် တောင်ဘက်စွန်း ကို ပတ်မိပြီးလျှင် အရှေ့ဘက် ကမ်းခြေ တစ်လျှောက်အ တော်ပင် ခရီးပေါက်ခဲ့သည်။
ထိုနောက် ၁၀ နှစ်နီးပါးမျှပေါ်တူဂီတို့၏ ရှေ့ဆက် လက်ကြိုးပမ်းမှု သည် ခရီးမရောက်ဘဲ ရှိနေခဲ့လေသည်။ ထိုအတောအတွင်း စပိန်နိုင်ငံက ၁၄၉၂ ခုနှစ်တွင် အရှေ့တိုင်းသို့သွားသော ပင်လယ်ခရီးကိုရှာရန် ကိုလံဘတ် ကို လွှတ်လိုက်ရာ၊ အမေရိကတိုက် သို့ သွားရာ ခရီးလမ်းစ ရခဲ့လေ သည်။
ထိုအခါ ပေါ်တူဂီတို့သည် အားကျမခံ၊ အာဖရိတိုက်ကို ပတ်၍ အရှေ့သွား ခရီးလမ်းကို ဆက်လက်ရှာဖွေရန် အကြံအစည် ပြုကြလေသည်။ယင်းသည့် အချိန်မတိုင်မီက ဗက်စကိုဒါဂါးမ သည် ထင်ထင်ရှားရှား မရှိခဲ့သေးချေ။ သို့သော် မှူးမတ် မျိုးရိုးမှ ဆင်းသက်လာသူတစ်ဦးဖြစ်၍ ကက်စတီးနိုင်ငံနှင့် ပေါ်တူဂယ် နိုင်ငံတို့ စစ်ပြိုင်ရာတွင် ပါဝင် ဆင်နွှဲ ခဲ့ဖူးကြောင်း မျှသာသိကြသည်။ ပင်လယ်ဆိပ်ကမ်းမြို့ကလေးဖြစ်သော ဆီးနေး၌ မွေးဖွားခဲ့သူ ဗက်စကို ဒါ ဂါးမား သည် ပင်လယ်ခရီး ကျွမ်းကျင်သူ ဖြစ်၍ ပင်လယ်များ၌ သွားလာရန် နှစ်သက်ပြီးလျှင်၊ မကြောက်မရွံ့ သွားလာဝံ့သူ ဖြစ် လေသည်။ ထိုကြောင့် ၁၄၉၇ ခုနှစ်တွင် ပေါ်တူဂီဘုရင် ပထမ အီမန်းနျူအယ် သည် ဗက်စကို ဒါဂါးမအား သင်္ဘော ၄ စင်းကို ကွပ်ကဲ အုပ်ချုပ်စေပြီးသော် အရှေ့တိုင်း သွား ပင်လယ် ခရီးလမ်း ရှာဖွေစေရန် ခန့်အပ်သည်။ ဗက်စကိုဒါဂါးမသည် ထိုနှစ် ဇူလိုင်လတွင် လစ္စဗွန်းမြို့မှ စတင်၍ ခရီးထွက် ခဲ့လေသည်။
၄ လအတွင်း၌ ဗက်စကိုဒါဂါးမတို့သည် ဂွတ်ဟုပ်အငူကို ကောင်းမွန်စွာ ပတ်မိကြသည်။ ထိုအငူကို ကျော်လွန်၍ ခရီး ဆက်မည်ပြုသောအခါ သင်္ဘောသား တို့သည် မလိုက်လိုကြ တော့ဘဲ တော်လှန်ပုန်ကန်ကြတော့သည်။ ထိုပြင်လေပြင်း မုန်တိုင်းများနှင့်လည်း အခါခါကြုံခဲ့ရသည်။ ဗက်စကိုဒါဂါးမ သည် သင်္ဘောသားများ ၏ ပုန်ကန်မှု နှင့် လေပြင်းမုန်တိုင်း စသည့် အခက်အခဲတို့မှ လွတ်မြောက် ကျော်နင်းနိုင်အောင် အမျိုးမျိုး ကြိုးပမ်းခဲ့ရလေသည်။
ယင်းသို့သော အခက်အခဲများကို ကျော်နင်းဖြေရှင်းရင်းပင် အာဖရိကတိုက် အရှေ့ဘက်ကမ်းရိုးတန်းရှိ မလင်ဒီ ဆိပ်ကမ်းမြို့တွင် အိန္ဒိယနိုင်ငံသား ကုန်သည်များနှင့် တွေ့လေသည်။ ယင်းတို့အထဲမှ အိန္ဒိယရေကြောင်းပြ တစ်ဦး၏ အကူအညီဖြင့် အိန္ဒိယသမုဒ္ဒရာကို ဖြတ်ကျော်ကာ၊ လစ္စဗွန်းမြို့မှ ထွက်ခဲ့ပြီးနောက် ၁၀ လအကြာ ၁၄၉၈ ခုနှစ် မေလအတွင်း၌ အိန္ဒိယအနောက်ဘက် ကမ်းခြေရှိ ကာလိကတ်မြို့သို့ရောက်ခဲ့ လေသည်။ ယင်းသို့ဖြင့် ဗက်စကိုဒါဂါးမသည် ဥရောပမှ အိန္ဒိယသို့ပင်လယ်ခရီးကို စတင်တွေ့ရှိခဲ့လေသည်။
ကာလိကတ်မြို့တွင်း၌ ထိုအချိန်က မူးဝါးလူမျိုး ကုန်သည်များလည်း ရှိနေသည်။ မူးဝါးတို့က ပေါ်တူဂီတို့ ရောက်လာခြင်း ကို မလိုကြချေ။ ထိုကြောင့် မြို့အုပ်ချုပ်သူအား ပေါ်တူဂီတို့ကို ကောင်းစွာ လက်ခံမပြုစုလေအောင်ပြုကြသည်။ ထိုကြောင့် ဗော်စကိုဒါဂါးမသည် မြို့၏အခြေအနေကို လေ့လာ စုံစမ်းပြီးနောက် ပေါ်တူဂယ်သို့ပြန်ခဲ့သည်။ မူလ ပေါ်တူဂယ်နိုင်ငံမှ ထွက်ခွာခဲ့စဉ်က သင်္ဘောသား ၁၇၀ ပါရှိခဲ့ရာ လမ်းခရီးတွင် ဖျားနာ သေဆုံးကြ သဖြင့် ၅၅ ယောက်မျှသာ ပေါ်တူဂယ်နိုင်ငံ သို့ ပြန်ရောက် နိုင်ကြလေသည်။
ပေါ်တူဂယ်နိုင်ငံသို့ပြန်ရောက်သောအခါ၊ ဘုရင်မင်း မြတ်က ဗက်စကိုဒါဂါးမ နှင့် သင်္ဘောသားများကို ဆုတော် လပ်တော်များ ချီးမြှင့်သည်။ ဗက်စကို ဒါ ဂါးမား အား အင်္ဂလိပ် ဆာဘွဲ့ နှင့်ညီမျှသော ဒွမ်ဘွဲ့ပေးအပ်သည်။ ပေါ်တူဂယ် နှင့် အိန္ဒိယနိုင်ငံ တို့ ကုန်သွယ် လမ်းပွင့်လေသည်။ ဗက်စကိုဒါဂါးမား သည် အိန္ဒိယ နိုင်ငံနှင့် ကုန်သွယ်ရန် အခွင့်အရေးများလည်း ရှိခဲ့ရာ၊ အလွန်ချမ်းသာကြွယ်ဝလာလေသည်။
နောက် ၃ နှစ်ခန့် အကြာ ၁၅၀၂ ခုနှစ်တွင် ဗက်စကိုဒါဂါးမားသည် ရေတပ်တစ်တပ်ကို အုပ်ချုပ်၍ အိန္ဒိယနိုင်ငံသို့သွားရောက်ခဲ့ ရပြန်သည်။ အကြောင်းမူ ကာလိကတ်မြို့ တွင် ပေါ်တူဂီ ကုန်သည်များ နှင့် အိန္ဒိယ တိုင်းသားတို့ ပဋိပက္ခ ဖြစ်ပွား သောကြောင့်တည်း။ ဗက်စကိုဒါဂါးမား သည် ကာလိကတ် မြို့သား တို့အား ပြင်းပြင်းထန်ထန် နှိမ်နင်းခဲ့ရာ၊ ဗက်စကိုဒါဂါးမ ၏အမည်တွင်အမည်းစက်ထင်ခဲ့သည်။ ထိုနောက် ကိုချင်မြို့သို့ သွားရောက်၍ ကုန်သွယ်မှုများ ပြုလုပ်ရာ ရွှေငွေပစ္စည်း တောင်ပုံရာပုံ ရရှိခဲ့သည်။ မိုဇမ်ဗစ်နှင့်ဆိုဖာလာနယ် တို့တွင် ပေါ်တူဂီပြည်နယ်များ တည်ထောင်ခဲ့သည်။ ထိုနောက် ထိုနှစ် တွင်ပင် လစ္စဗွန်း သို့ ပြန်ခဲ့လေသည်။
ဗက်စကိုဒါဂါးမား သည် အရှေ့တိုင်းတွင် ပေါ်တူဂီတို့ခြေကုပ်ရရန် စတင် လမ်းခင်း ပေးခဲ့ သော်လည်း၊ ၁၅၂၄ ခုနှစ် တွင်မှ အိန္ဒိယ နိုင်ငံ ရှိ ပေါ်တူဂီနယ်နယ်များ၏ ဘုရင်ခံချုပ် အဖြစ် ခန့်အပ်ခံရ၍ အိန္ဒိယသို့လာခဲ့ပြန်သည်။ အိန္ဒိယသို့ရောက်၍ ရာထူး လက်ခံပြီး နောက်တွင် အိန္ဒိယ ရှိ ပေါ်တူဂီ အစိုးရ၏ အုပ်ချုပ်ရေး ကမောက်ကမ ဖြစ်နေသည်များကို ပြုပြင်ရန် ကြိုးပမ်းနေစဉ်၊ ကိုချင်းမြို့၌ ထိုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကွယ်လွန်သွားလေသည်။
ကိုးကား
မြန်မာ့စွယ်စုံကျမ်း