ဘင်ခရာ

ဘင်ခရာ

ဘင်ခရာဟူသော ဝေါဟာရသည် ဘင်နှင့် ခရာခေါ် တူရိယာ ၂ မျိုးကို အလိုက်သင့် တွဲခေါ်ထားခြင်းဖြစ်သည်။ ဘင်သည် အနောက်နိုင်ငံသုံး တီးစရာ တူရိယာဖြစ်၍ ခရာသည် မှုတ်စရာတူရိယာဖြစ်သည်။ ယင်းတူရိယာ ၂ မျိုးကို တွဲဖက်၍ တီးမှုတ်သော တူရိယာသမားများ အဖွဲ့ကို ဘင်ခရာ တီးဝိုင်းအဖွဲ့ဟု ခေါ်ကြ သည်။

ဘင်သည် သစ်သား၊ သို့မဟုတ် သတ္တုဖြင့် ပြုလုပ် ထားသော စည်ပြတ်သဏ္ဌာန် ကိုယ်ထည်တွင် အဝ၌ သားရေ ကြက်၍ ဖုံးအုပ်ထားသော တူရိယာမျိုး ဖြစ်သည်။ ပုံနှင့် ခပ်ဆင်ဆင် တူသော်လည်း ပုံသည် အ၀ထက်ကိုယ်ထည် ရှည်၍ ဘင်သည် အဝက ကိုယ်ထည်ထက် ကျယ်သည်။ ယခုခေတ်အသုံးများသော ဘင်မှာ ၃ မျိုးရှိ သည်။ (၁) ထိပ် ၂ ဖက်စလုံး သားရေကြက်ထားသော ဘင်မျိုး။ ယင်းကို ထောင်၍ ထိပ်ဖုတပ်ထားသော တုတ်ဖြင့် ၂ ဘက်စလုံး တီးနိုင်သည်။ (၂) အဝတစ်ဖက်၌သာ သားရေကြက်၍ အောက်ဘက်ကို တိရစ္ဆာန်အူကြိုး ဖြင့် ခက်ထားသော ဘင်မျိုး။ ယင်းကို သားရေကြက်သောဘက်ကို အပေါ်ကထားပြီးလျှင် တုတ်ဖြင့် တီးရသည်။ (၃) ခရားပုံ အောက်ဘက်သို့ ရှူးလုံးသွား၍ ထိပ်ဝတစ်ခု၌သာ သားရေကြက်ထားသော ဘင်မျိုး။ ယင်းကို တုတ်ဖြင့်ပင် တီးရသည်။ ဘင်သည် ရှေးအီဂျစ်များ ကောင်းစားစဉ်ခေတ်ကပင် သီးဗီးလူမျိုးများ အသုံးပြုခဲ့သော တူရိယာဖြစ်ခဲ့သည်။ အထူးသဖြင့် စစ်တပ် များ၌ စတင် အသုံးပြုသော တူရိယာမျိုးဖြစ်သည်။

ခရာဟူသည်မှာ ပြွေတံရှည်ကို ရစ်ခွေထားသော အနောက်နိုင်ငံသုံး ပြွေတစ်မျိုး ဖြစ်သည်။ သို့ရာတွင် ပြွေကဲသို့အစအဆုံး တဖြောင့်တည်း မဟုတ်ဘဲ၊ အဝသည် ကား ကျယ်နေသည်။ ပြေတံတစ်ခုသာမက အပိုပြွေတံ တစ်ခုပါပါ၍ မှုတ်သည့်အအခါ လိုရာတူရိယာသံကို ဖြစ်စေ ခြင်းငှာ အပိုပြွေတံကို ဆွဲထုတ် ဆွဲသွင်းပြု၍ မှုတ်ရသော ပြွေမျိုးကို ခရာရှည်ကြီးဟု ခေါ်သည်။ ခရာကို ယေဘုယျ အားဖြင့် ကြေးသတ္တုဖြင့် ပြုလုပ်၍ တစ်ခါတစ်ရံ ငွေဖြင့်လည်း လုပ်တတ်သည်။ ရှေးအခါက ခရာအတံသည် ဖြောင့်စင်းနေ သော်လည်း အကိုင်အတွယ်ခက်သဖြင့် ယခုခေတ် ခရာတံကို ရစ်ခွေပြုလုပ်ထားကြသည်။ ယခုခေတ်သုံး ခရာများတွင် အသံ တွင် လိုသလို မှုတ်နိုင်ရန် အခင်ပါရှိသည်။ သံစုံတီးဝိုင်းများ တွင် မှုတ်သော ခရာသည် ၅ ပေခွဲခန့်အထိ ရှည်တတ်သည်။

စစ်တပ်များတွင် အလေးပြု၊ လူခေါ်၊ သတိပေး စသည်တို့ပြုလုပ်သည့်အခါ ခရာမှုတ်သည် အလေ့သည် ယခုတိုင် ရှိလေသည်။

ဘင်နှင့်ခရာကို အသားပေးကာ သယ်ဆောင်၍ရသော အခြားအတီးအမှုတ် ကိရိယာများကိုပါ ယှဉ်တွဲ တီးမှုတ်သော ဘင်ခရာတီးဝိုင်း အဖွဲ့မျိုးသည် ရှေးနှစ်ပေါင်းများစွာမှ စတင် ပေါ်ပေါက်ခဲ့လေသည်။ သို့ရာတွင် အတီးအမှုတ် ကိရိယာများ တဖြည်းဖြည်း တိုးတက်ပေါ်ပေါက်လာသောအခါ ပိုမိုခမ်းနား သော ဘင်ခရာတီးဝိုင်းများ ပေါ်ပေါက်လာလေသည်။

ယခုခေတ် ဘင်ခရာတီးဝိုင်းမျိုးသည် ၁၇၆၃ ခုနှစ်လောက်က ပရပ်ရှားဘုရင် ဖရက်ဒရစ်-သ-ဂရိတ်က စစ်ဘင်ခရာတီးဝိုင်း ဖွဲ့စည်းရန် အမိန့်ပေးလိုက်သည်မှ စခဲ့သည်ဟု ဆိုရပေမည်။ စစ်တပ်များ ချီတက်ရာ၌ မြိုင်မြိုင် ဆိုင်ဆိုင် ညီညီညာညာ ချီတက်ရန် စစ်ဘင်ခရာ တီးဝိုင်းများက ဦးဆောင်ရသည်။[1]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.