ဘင်္ဂလား​ဒေ့ရှ်နိုင်ငံရှိ ဗုဒ္ဓဘာသာ

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ယခုအခါ အစ္စလာမ်ဘာသာ ထွန်းကားသော နိုင်ငံတစ်ခုဖြစ်သော်လည်း ရှေးယခင်နှစ်ပေါင်းများစွာက ဤဒေသသည် ဗုဒ္ဓသာသနာ နေလိုလလိုထွန်းလင်းခဲ့သော ဒေသတစ်ခုဖြစ်သည်။

သမိုင်း​ကြောင်း

တစ်ချိန်က ဗုဒ္ဓဘုရားရှင်သည် ဘင်္ဂလားသို့ ကိုယ်တိုင်ကြွရောက်၍ ဗုဒ္ဓဘာသာ မျိုးစေ့ကို ချပေးခဲ့သည်ဟုဆိုကြသည်။ သို့သော်လည်း မောရိယဧကရာဇ် သီရိဓမ္မာ အသောက မင်းကြီးလက်ထက်တွင်မှ ဗုဒ္ဓဘာသာသည် ပိုမိုအားကောင်းလာခဲ့သည်။ထိုအချိန်မှစ၍ ဗုဒ္ဓသာသနာသည် အစဉ်အဆက်ထွန်းကားလာခဲ့ရာ ပါလ အင်ပိုင်ယာနိုင်ငံ​ခေတ်၌ အထွန်း​တောက်ဆုံး ဖြစ်ခဲ့​လေ၏။

ပါလခေတ်က ဘုရင်များသည် ဗုဒ္ဓဘာသာဝင်များ ဖြစ်ပြီး ​မြောက်မြားစွာ​သော ကျောင်းတော် (ဝိဟာရ) များစွာကို ဆောက်လုပ်၍ လှူဒါန်းခဲ့ကြသည်။ ထိုကျောင်းတော်များအနက်မှ သောမပူရ မဟာဝိဟာရ (Somapūra mahāvihāra) ကျောင်းတော်သည် အထင်ရှားဆုံး အကျော်ကြားဆုံး အကြီးမားဆုံး ဖြစ်​လေသည်။ ယင်း​ခေတ်အခါက တည်​ဆောက်ခဲ့​သော ဘုရား​ကျောင်းကန်​စေတီပုထိုးများသည် ယနေ့ထက်တိုင် ရှိ​နေ​သေးသည်။ ယင်း​အချိန်က ဘင်္ဂါလီလူမျိုး အများစုသည်လည်း မဟာယာန ဗုဒ္ဓဘာသာဝင်များသာ ဖြစ်ကြလေသည်။

ပါလခေတ်၌ပင် ဝိကြမပူရ (Bikrampur) မြို့၌ အတိဿ မည်သော ဆရာတော်တစ်ပါး ပေါ်ပေါက်ခဲ့ပြီး မဟာယာန ဗုဒ္ဓဘာသာကို ဟောကြားခဲ့သည်။ ထို့ပြင် ဟရိကေလပြည်ငယ်ကို အုပ်ချုပ်သော စန္ဒရားမင်းဆက်များသည်လည်း ဗုဒ္ဓဘာသာကို လက်ခံကျင့်သုံးယုံကြည်ခဲ့ကြသည်။

ဘင်္ဂလား​ဒေ့ရှ်နိုင်ငံတွင် ဗုဒ္ဓဘာသာ ​ပျောက်ကွယ်ရန် အ​ကြောင်းဖန်လာသည်မှာ အေဒီ၁၃ရာစုမှ စ၍ ဖြစ်သည်။ အိန္ဒိယနိုင်ငံထဲသို့ တပ်(က်)လူမျိုး မူဆလင်များသည်  စစ်သည်အင်အား အလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်၍ လုယက်ဖျက်ဆီးခဲ့ကြလေသည်။ အထူးသဖြင့် ဗုဒ္ဓဘာသာ​ကျောင်း​တော်များ၊ တက္ကသိုလ်များမှာ မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသည်။ ဗုဒ္ဓဘာသာ စာပေကျမ်းဂန်များ သင်ကြားပို့ချပေးသော ဘုန်းကြီးကျောင်းများ (ဥပမာ - နာလန္ဒ ဗုဒ္ဓတက္ကသိုလ်) ပျက်စီးသွားသဖြင့် ဗုဒ္ဓဘာသာ၏ အင်အား ယုတ်လျော့သွားလေသည်။

နောက်ပိုင်း​ခေတ်များတွင် ထွန်းကား​သော ​ဒေလီ စူလ်တန် မင်းဆက်၊ ဘင်္ဂလား စူလ်တန် မင်းဆက်၊ မဂိုအင်ပိုင်ယာတို့မှာ အစ္စလာမ်ဘာသာကို ကိုးကွယ်​သော မင်းဆက်များဖြစ်ကြ​လေရာ ဘင်္ဂါလီလူမျိုး အများစုသည် မူဆလင်များ ဖြစ်ကြသည်။

သို့​သော်လည်း တချို့​သော ဘင်္ဂါလီ မျိုးနွယ်စုများသည် မိရိုးဖလာ ဗုဒ္ဓဘာသာကို ဆက်လက်၍ ကိုးကွယ်​နေကြဆဲ ဖြစ်ကြသည်။ ​မှတ်တမ်းများအရ ၁၉၈၀ ခုနှစ်များတွင် ဗုဒ္ဓဘာသာဝင် ဘင်္ဂလီလူမျိုးများသည် စစ်တကောင်းဒေသ၌ အနည်းငယ် ကျန်ရှိ​နေ​ကြောင်း သိရသည်။

ဗုဒ္ဓဘာသာ ပြန်လည်ထွန်းကားခြင်း

  ဗုဒ္ဓဘာသာသည် လက်တစ်ဆုပ်စာမျှ​သော ဘင်္ဂါလီလူမျိုးများထံတွင် တည်တံ့​နေ​သေး​သော်လည်း သူတို့၏ ဗုဒ္ဓဘာသာမှာ ​ထေရဝါဒလည်း မဟုတ်၊ မဟာယာနလည်း မကျဘဲ အ​ရော​ရော အထွေး​ထွေး ဖြစ်​နေခဲ့သည်။ ဟိန္ဒူဘာသာနှင့်လည်း ရောထွေးယှက်နွယ်လာခဲ့သည်။ ဟိန္ဒူနတ်ဘုရားများ ဖြစ်သည့် သီဝ၊ လက်သျှမိ၊ ဒူရဂါ နတ်ဘုရားများကို ဗုဒ္ဓဘာသာနှင့် ပေါင်းစပ်၍ ကိုးကွယ်လာကြသည်။

ယဇ်ပူဇော်သည့် အလေ့အထများလည်း ပြန်လည် ပေါ်ပေါက်လာပြန်သည်။ ဝိနည်းစည်းကမ်းများကို မလိုက်နာသော ဘုန်းကြီးများရှိလာသည်။ တချို့သော ဘုန်းကြီးများသည် အိမ်ထောင်ပြုလာသည့်အပြင် အောင်သွယ်တော်အဖြစ်ပင် လုပ်ကိုင်လာကြ​လေသည်။ ထိုကဲ့သို့ ယိုယွင်းပျက်စီးနေသော ဗုဒ္ဓဘာသာကို ပြန်လည်ပြုပြင်ပြောင်းလဲခဲ့သူမှာ ရခိုင်ပြည်ဖွား သံဃရာဇာ သာရမေဓါ မဟာထေရ် ပင်ဖြစ်သည်။

သာရမေဓာ မထေရ်မြတ်သည် ၁၈၅၆ ခုနှစ်၌ ဘင်္ဂလီဘုန်းကြီး ရဓာစာရဏ ၏ ပင့်ဖိတ်ချက်အရ စစ်တကောင်းဒေသသို့ ပထမအကြိမ် ကြွရောက်လေ့လာသည်။ လအနည်းငယ်နေထိုင်ပြီး ရခိုင်ပြည်သို့ ပြန်သွားသည်။ ကိုးနှစ်အကြာ ၁၈၆၄ တွင် သာရမေဓာအသျှင်သည် စစ်တကောင်းသို့ ပြန်လည်ကြွချီလာပြီး စစ်မှန်သော ထေရဝါဒ ဗုဒ္ဓဘာသာကို ဟောကြား၍ သာသနာပြုခဲ့သည်။

ရဟန်းသံဃာများ ဝိနည်းချိုးဖောက်​နေခြင်း၊ ယဇ်ပူဇော်နေခြင်း၊ ငွေကိုင်ခြင်း၊ အရက်သောက်ခြင်း အိမ်ထောင်သားမွေးပြုနေခြင်းများကို ပြင်းထန်စွာ ကန့်ကွက်တားမြစ်ခဲ့သည်။ အသက်၂၀ မပြည့်သူများ ရဟန်းပြုခြင်းကိုလည်း တားမြစ်ခဲ့သည်။ ဟိန္ဒူ နတ်ဘုရားများအား ကိုးကွယ်နေကြခြင်းများကိုလည်း ပိတ်ပင်တားဆီးလိုက်သည်။ သာရမေဓာ အသျှင်မြတ်သည် ဘင်္ဂလားဒေသမှ ပျက်စီးနေသော ဗုဒ္ဓဘာသာကို အသစ်တဖန် ပြန်လည် တည်ဆောက်ပြီးနောက် သံဃရာဇာ နိကာယ ဂိုဏ်းကြီးကို တည်ထောင်လိုက်လေသည်။

ယင်းအချိန်တွင် သက္ကမ လူမျိုးများ​ (Chakmas) နေထိုင်ရာ သက်ထောင်​ဒေသ၌ ကလိန္ဒီ (Kalindi) ဘုရင်မ စိုးစံအုပ်ချုပ်​နေချိန် ဖြစ်သည်။ သာရမေဓာ အသျှင်မြတ်၏ သာသနာပြု သတင်းများကို ကြားသိရ​သော ဘုရင်မ ကလိန္ဒီသည် သာရမေဓာ အသျှင်ကို ဖိတ်ခေါ်၍ တရားတော်များ နာကြားခဲ့​လေသည်။ ​ထေရဝါဒ ဗုဒ္ဓဘာသာဝင်အဖြစ် ပြောင်းလဲခံယူခဲ့သည်။ သက္ကမလူမျိုးများအကြား ပျံ့နှံ့​စေရန်ကိုလည်း ကူညီ​ဆောင်ရွက်ခဲ့သည်။ ထို့​ကြောင့် သက္ကမလူမျိုးအများစုသည်လည်း ထေရဝါဒ ဗုဒ္ဓဘာသာဝင်များ ဖြစ်လာကြ​လေသည်။ သက္ကမ လူမျိုးအများစု ​နေထိုင်ရာ သက်ထောင် (ရင်ဂါမတီခရိုင်)သည် ဗုဒ္ဓဘာသာဝင် အများဆုံးရှိသည့် နေရာဖြစ်လာခဲ့သည်။

ဘင်္ဂလား​ဒေ့ရှ်နိုင်ငံတွင် သာရမေဓာ မထေရ်မြတ်၏ သာသနာပြုလုပ်ငန်းများ အထိုက်အ​လျောက် ​အောင်မြင်ခဲ့​လေသည်။ သို့​သော်လည်း ဂိုဏ်းဂဏ ကွဲမှုများလည်း ရှိခဲ့သည်။ သာရမေဓာ မထေရ်မြတ်၏ သံဃရာဇာ နိကာယ ဂိုဏ်းကြီးနှင့် အပြိုင် ဘင်္ဂလီ ဘုန်းတော်ကြီး ရဓာစာရဏသည် မဟာသထာဝီရ နိကာယဂိုဏ်းကို တည်ထောင်လိုက်လေသည်။ ယင်းကဲ့သို့ တည်ထောင်ရခြင်းမှာ တိုင်းတပါးသား ဖြစ်သော သာရမေဓာ အသျှင်သူမြတ်၏ ဝင်ရောက်စွက်ဖက်မှုကို မလိုလား၍ ဖြစ်​လေသည်။ သို့သော်လည်း ဂိုဏ်းနှစ်ခုစလုံးသည် ထေရဝါဒ ဂိုဏ်းများဖြစ်ကြပြီး အယူဝါဒမှာလည်း ကွဲပြားခြားနားခြင်းမရှိပေ။ ယ​နေ့​ခေတ်တွင် ထိုနိကာယဂိုဏ်းနှစ်ခုသည် ဘင်္ဂလား​ဒေ့ရှ်တွင် အကြီးမားဆုံး ဗုဒ္ဓဘာသာ ဂိုဏ်းနှစ်ခု ဖြစ်သည်။

ဗုဒ္ဓဘာသာဝင်များ

ယနေ့​ခေတ်အချိန်တွင်မူ ဗုဒ္ဓဘာသာသည် ဘင်္ဂလားဒေရှ်နိုင်ငံ၏ တတိယမြောက် အကြီးမားဆုံး ဘာသာဖြစ်ပြီး နိုင်ငံလူဦးရေ၏ 0.7 % (လူဦးရေအားဖြင့် ၁သန်းကျော်) က ကိုးကွယ်ယုံကြည်ကြသည်။ ဘင်္ဂလားဒေရှ်နိုင်ငံတွင် ဘုရားဖွား​တော်မူသည့် ရက်သည် ရုံးပတ်ရက် ဖြစ်သည်။

ဗုဒ္ဓဘာသာဝင် လူမျိုးအများစုမှာ သက္ကမ၊ မရမာ၊ တန်ချန်းယာ၊ ရခိုင်၊ ဘရူဝါ (မရမာကြီး) နှင့် တောင်ပေါ်နေ တိုင်းရင်းသားလူမျိုးများ ဖြစ်ကြသည်။ ရခိုင်၊ ဘရူဝါ (မရမာကြီး) နှင့် ဘင်္ဂလီ ဗုဒ္ဓဘာသာဝင်များမှာ ​မြေပြန့်​ဒေသတွင်​နေ၍ သက္ကမ၊ မရမာ လူမျိုးနှင့် တောင်ပေါ်နေ တိုင်းရင်းသားများမှာကား စစ်တကောင်း တောင်တန်းဒေသ၌ နေထိုင်ကြသည်။

ဘင်္ဂလား​ဒေ့ရှ်မှ ဗုဒ္ဓဘာသာဝင် ရခိုင်များ

​ရှေးယခင်ကတည်းကပင် ဘင်္ဂလား​ဒေ့ရှ်နိုင်ငံ၏ အရှေ့​တောင်ပိုင်း​ဒေသ စစ်တ​ကောင်းနယ်သည် ရခိုင်ဘုရင်တို့၏ ဩဇာ​အောက်တွင် တည်ရှိခဲ့​ကြောင်း ရခိုင်ရာဇဝင်များက ​ဖော်ပြသည်။ ​မြောက်ဦး​ခေတ်လယ်ပိုင်းတွင် ရခိုင်ဘုရင်များသည် စစ်တ​ကောင်းဆိပ်ကမ်းဒေသကို သိမ်းပိုက်ထားခဲ့ပြီး ကုန်စည်ကူးသန်းခြင်းဖြင့် အကျိုးဖြစ်ထွန်းခဲ့သည်။

ထို့​ကြောင့် ယင်းအချိန်ကပင် စစ်တ​ကောင်း​ဒေသ၌ ရခိုင်များ အ​ခြေချ​နေထိုင်မှု ရှိခဲ့​ပေမည်။ သို့​သော် လူဦး​ရေ သိပ်မများနိုင်​ပေ။ ရခိုင်များ စစ်တ​ကောင်း၊ ပန်းဝါ စ​သော ​ဒေသများကို အလုံးအရင်းဖြင့် ဝင်ရောက် အ​ခြေချ​နေထိုင်သည်မှာ ရခိုင်ပြည် ကျဆုံးပြီးစ ကာလကပင် ဖြစ်သည်။

ယင်းအချိန်က ရခိုင်ပြည်တွင် စစ်ပွဲများ ဖြစ်နေသဖြင့် ​ဘေးလွတ်ရာ စစ်တ​ကောင်း၊ ပန်းဝါ၊ ဖလောင်းချိတ်၊ အဝကျွန်း စသော ​ဒေသများတွင် ရခိုင်တို့အ​ခြေချ​နေထိုင်၍ လုပ်ကိုင်စား​သောက်ခဲ့ကြသည်။ အထူးသဖြင့် ပန်းဝါ၊ ဖလောင်းချိတ်မြို့များတွင် ရခိုင်လူဦး​ရေ အများဆုံး ဖြစ်ခဲ့သည်။ ရခိုင်များမှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်သည့်အ​လျောက် ဘုရား​စေတီ၊ကျောင်းကန် ပုထိုးများကို ​ဆောက်လုပ်လှူဒါန်းခဲ့ကြ​လေသည်။ ထို့ကြောင့် ယ​နေ့ထက်တိုင် ဘင်္ဂလား​ဒေ့ရှ်နိုင်ငံတွင် ရခိုင်များ တည်ထားခဲ့​သော ဘုရား​ကျောင်းကန် အမြောက်အမြား ကျန်ရှိ​နေ​သေး​လေသည်။

​နောက်ပိုင်းကာလများတွင် စီးပွား​ရေးကျပ်တည်းမှု များ​ကြောင့် ရခိုင်လူမျိုးအများစု ဘင်္ဂလား​ဒေ့ရှ်မှ ထွက်ခွာသွားကြသည်။ သို့​သော် တချို့သူများမှာ ပြန်မလိုက်​တော့ဘဲ ဘင်္ဂလား​ဒေ့ရှ်တွင် အ​ခြေချ​နေထိုင်ကာ ဘိုး​ဘေးတို့ တည်ထားခဲ့သည့် ဘုရား​ကျောင်းကန်တို့ မပျက်စီးရ​အောင် ​စောင့်​ရှောက်​နေကြသည်။ ယခုအခါ ဘင်္ဂလား​ဒေ့ရှ်နိုင်ငံတွင် ရခိုင်လူမျိုး​ပေါင်း နှစ်​သောင်း​ကျော် ရှိ​နေပြီး တိုင်းရင်းသားလူမျိုး တစ်မျိုးအဖြစ် အသိအမှတ် ပြုထားသည်။

ထင်ရှား​သော ရဟန်းသံဃာများ

  • အတိဿ
  • ဘဒ္ဒန္တ ​ဇောတိပါလ မဟာ​ထေရ
  • ရာဇဂုရု အဂ္ဂဝံသ မဟာ​ထေရ
  • ဘဒ္ဒန္တ ဦး ပညာ​ဇောတ မဟာ​ထေရ

ထင်ရှား​သော ​ရှေး​ဟောင်း ​ကျောင်း​တော်ရာများ

  • ​သောမပူရ မဟာဝိဟာရ (Somapura Mahavihara)
  • ဇဂဒ္ဒလ မဟာဝိဟာရ(Jagaddala Mahavihara)
  • ဟာလုဍ ဝိဟာရ (Halud Vihara)
  • အာဂရာပူရီ ဝိဟာရ (Agrapuri Vihara)
  • ဘာသု ဝိဟာရ (Vasu Vihara)
  • သီတာ​ကောဋ ဝိဟာရ (Sitakot Vihara)
  • ဘီတာဂါဟ် ​ရှေး​ဟောင်းမြို့​တော် (Bhitagarh)
  • ပဏ္ဍိတ ဝိဟာရ (Pandit Vihara)
  • ဝိကြမပူရ ဝိဟာရ (Bikrampur Vihara)
  • သာလဝန် ဝိဟာရ (Shalban Vihara)

ထင်ရှား​သော ဗုဒ္ဓဘာသာဆိုင်ရာ​နေရာများ

  • ဗုဒ္ဓဓါတု​စေတီ (ဘန်ဒါဘန် ​ခေါ် ရွာ​တော်မြို့)
  • ရင်ငူ​တော်ဓာတ်ဘုရား (ရာမူး​ခေါ် ပန်းဝါမြို့)
  • အဂ္ဂ​မေဓါ ရခိုင်ဘုန်းကြီး​ကျောင်း (​ကော့ဘဇား ​ခေါ် ဖ​လောင်းချိတ်မြို့)
  • ​အောက်သားဖက်​ ဘုန်းကြီးကျောင်း (ရာမူး​ခေါ် ပန်းဝါမြို့)

ကိုးကား

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.