ဘစော၊ ဦး

နိုင်ငံဂုဏ်ရည် (ပထမဆင့်)ရ၊ ဝန်ကြီးဟောင်းနှင့် အငြိမ်းစား သံအမတ်ကြီးဖြစ်သည်။

ဝန်ကြီးဟောင်းနှင့် အငြိမ်းစား သံအမတ်ကြီး ဦးဘစော

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ အောင်စေတီရပ်တွင် မွေးဖွားသည်။ ငယ်စဉ်က ကျောက်ဖြူမြို့တွင် ပညာသင်ကြားခဲ့သည်။ ထို့နောက် သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့ရှိ၊ အာနန္ဒာကောလိပ်တွင် ပညာသင်ကြားခဲ့ပြီး၊ ဒုတိယ ကမ္ဘာစစ်ဖြစ်ပွားသဖြင့် အိန္ဒိယ နိုင်ငံသို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ အိန္ဒိယနိုင်ငံတွင် ဦးသိန်းဖေမြင့်နှင့် ဆုံတွေ့ပြီး မြန်မာ့ နိုင်ငံရေး လောကသို့ ရောက်ရှိသည်။ ဒုတိယ ကမ္ဘာစစ်အတွင်း အောလ် အိန္ဒိယ ရေဒီယို မြန်မာပိုင်း အစီအစဉ်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

မဟာမိတ် တပ်ပေါင်းစု၏ မြန်မာပြည် ထိုးစစ်ကို ပြန်လည်ဆင်နွှဲသောအခါ၊ ရခိုင်ပြည်အတွင်းရှိ ဂျပန်စစ်ရေး အခြေကို စုံစမ်းထောက်လှမ်းရန် ဦးဘစောသည် လေထီးဖြင့် ရခိုင်ပြည်နယ် အတွင်းသို့ ခုန်ဆင်းဝင်ရောက်ကာ ဂျပန်တော်လှန်ရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်၊ ထို့အတွက် လွတ်လပ်ရေးမော်ကွန်းဝင် (ဒုတိယဆင့်) ချီးမြှင့်ခြင်း ခံရသည်။ လွတ်လပ်ရေးမရမီ ဗြိတိသျှ အုပ်ချုပ်ရေးကာလ၌ ကျောက်ဖြူခရိုင် အထူးအရေးပိုင် အဖြစ် တာဝန်ယူခဲ့သည်။

လွတ်လပ်ရေး ရပြီးနောက် ကျောက်ဖြူ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်အမတ် ဖြစ်လာခဲ့ပြီး၊ ဦးနု အစိုးရလက်ထက်တွင်၊ သာသနာရေး၊ လူမှုဝန်ထမ်းနှင့် ကယ်ဆယ်ရေး ဝန်ကြီးအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၆၂ ခုနှစ် တော်လှန်ရေး ကောင်စီအစိုးရ လက်ထက်တွင် ဥရောပတိုက်ရှိ နိုင်ငံ အများစု အပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံ၌ မြန်မာနိုင်ငံ သံအမတ်ကြီး အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ အငြိမ်စား ယူပြီးနောက်ပိုင်းတွင် ကျောက်ဖြူမြို့၌ ပြန်လည် နေထိုင်ပြီး၊ မြို့ရွာ အကျိုးကို စွမ်းစွမ်းတမံ သယ်ပိုး ဆောင်ရွက်ခဲ့သည်။ ကျောက်ဖြူမြို့တွင် ကွယ်လွန်သည်။

ကိုးကား

    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.