မဂ္ဂင် ၈ ပါး

မဂ္ဂင် ၈ ပါး

မဂ္ဂင်ဟူသည် ကိလေသာတို့ကိုပယ်သတ်ကြောင်း၊ နိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်သောတရားစုဟု အဓိပ္ပာယ်ရရှိပါသည်။ ၎င်းတို့မှာ ဖော်ပြလတ္တံပါအတိုင်း (၈) ပါရှိသည်။

၁။ သမ္မာဒိဋ္ဌိ (Sammā ditthi) = မှန်သောအယူအမြင်၊ Right Understanding or Right View
၂။ သမ္မာသင်္ကပ္ပ (Sammā sankappa) = မှန်သောအကြံ၊ Right Thought or Right Intention
၃။ သမ္မာဝါစာ (Sammā vacā) = မှန်သောစကား၊ Right Speech
၄။ သမ္မာကမ္မန္တ (Sammā kammanta) = မှန်သောအမှုအလုပ် ၊Right Action
၅။ သမ္မာအာဇီဝ (Sammā ājīva) = မှန်သောအသက်မွေးဝမ်းကျောင်းမှု၊ Right Profession
၆။ သမ္မာဝါယာမ (Sammā vāyāma) = မှန်သောအားထုတ်မှု၊ Right Effort or Right Diligence
၇။ သမ္မာသတိ (Sammā sati) = မှန်သော အောက်မေ့ နှလုံးသွင်းမှု၊ Right Mindfulness
၈။ သမ္မာသမာဓိ (Sammā samādhi) = မှန်သော တည်ကြည် စူးစိုက်မှု၊ Right Concentration
[1][2]

သမ္မာဒိဋ္ဌိ

မှန်ကန်သော အသိအမြင်ကို ခေါ်သည်။

  • ဒုက္ခသစ္စာကို သိမြင်ခြင်း၊ ဒုက္ခသစ္စာဖြစ်ကြောင်း သမုဒယသစ္စာကို သိမြင်ခြင်း၊ ဒုက္ခ ချုပ်ငြိမ်းရာ နိရောဓသစ္စာကို သိမြင်ခြင်း၊ ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ကို သိမြင်ခြင်း၊[3]

သမ္မာသင်္ကပ္ပ

မှန်ကန်သော အကြံအစည်ကို ခေါ်သည်။

  • ကာမဂုဏ်အစွဲမှ ထွက်မြောက်ရာကို ကြံစည်ခြင်း၊ သူတစ်ပါးတို့အတွက် ကောင်းစားရေး ချမ်းသာရေးကို ကြံစည်ခြင်း၊ သနားရှေးရှု၍ သတ္တဝါတို့၏ ချမ်းသာရေးကို ကြံစည်ခြင်း၊[3]

သမ္မာဝါစာ

အသက်မွေးမှု နှင့် မဆိုင်ပဲ မှန်ကန်သောစကား ပြောဆိုခြင်းကို ခေါ်သည်။

  • မဟုတ်မမှန်ပြောဆိုခြင်း၊ ကုန်းတိုက်စကား ပြောခြင်း၊ ရုန့်ရင်းကြမ်းတမ်းသော စကားကို ပြောခြင်း၊ အကျိုးမရှိ ပြိန်ဖျင်းသော စကားကို ပြောဆိုခြင်းတို့မှ ရှောင်ကြဉ်ခြင်း၊[3]

သမ္မာကမ္မန္တ

အသက်မွေးမှု နှင့် မဆိုင်ပဲ မှန်ကန်သောအမှုကို ပြုခြင်းကို ခေါ်သည်။

  • သူ့အသက်သတ်ခြင်း၊ သူ့ဥစ္စာကို ခိုးယူခြင်း၊ ဝတ္ထုကာမဂုဏ်တို့၌ မှားယွင်းစွာကျင့်ခြင်းတို့မှ ရှောင်ကြဉ်ခြင်း၊[3]

သမ္မာအာဇီဝ

မှန်ကန်သော အသက်မွေးမှု ပြုခြင်းကို ခေါ်သည်။

  • အသက်မွေးမှုလုပ်ငန်း ပြုလုပ်ဆောင်ရွက်ပါက နှုတ်မှုစရိုက်ဆိုး (၄) ပါး၊ ကိုယ်မှုစရိုက်ဆိုး (၃) ပါးကို ရှောင်ကြဉ်ခြင်း၊[3]

သမ္မာဝါယာမ

မှန်ကန်သော အားထုတ်မှုကို ခေါ်သည်။

  • မဖြစ်သေးသော အကုသိုလ်တရားတို့ကို မဖြစ်စေရန် အားထုတ်ခြင်း၊ ဖြစ်ပြီးသော အကုသိုလ်တရားတို့ကို ဆက်လက်မဖြစ်ပေါ်စေရန် အားထုတ်ခြင်း၊ မဖြစ်သေးသော ကုသိုလ်တရားတို့ကို ဖြစ်ပေါ်စေရန် အားထုတ်ခြင်း၊ ဖြစ်ပြီးသော ကုသိုလ်တရားတို့ကို ထပ်မံ ပြန့်ပွားစေရန် အားထုတ်ခြင်း၊[3]

သမ္မာသတိ

မှန်ကန်သော အောက်မေ့မှုကို ခေါ်သည်။

  • ကာယ၊ ဝေဒနာ၊ စိတ်၊ ဓမ္မဟူသော ရုပ်နာမ် သဘာဝတို့၌ အကြိမ်ကြိမ် လေ့လာအောက်မေ့ခြင်း၊[3]

သမ္မာသမာဓိ

မှန်ကန်သော တည်ကြည်မှုကို ခေါ်သည်။

  • ရုပ်နာမ် သဘာဝကို ရှုမြင်ဆင်ခြင်ရာ၌ စိတ်ကို တည်ငြိမ်စွာ ထားရှိခြင်း၊[3]

မဂ္ဂင်ရှစ်ပါးဖြစ်ပေါ်ပုံ

သက္ကာယဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိ စသော မိစ္ဆာဒိဋ္ဌိ (အယူမှား) နိုင်ငံကြီးကို ဖျက်ဆီးပြီး သစ္စာလေးပါးအလင်းတရားကိုမြင်နိုင်သော သမ္မာဒိဋ္ဌိအယူရှိသူ၌ ဝဋ်ဒုက္ခမှ ထွက်မြောက်ကြောင်းအကြံအစည်မျိုး၊ သတ္တဝါတပါးကို မပျက်စီးစေလိုသော အကြံအစည်မျိုး၊ သတ္တဝါတပါးကို မပင်ပန်းစေလိုသောအကြံအစည်မျိုးဟူသော သမ္မာသင်္ကပ္ပအကြံသာ ဖြစ်သည်။ ယင်း သမ္မာသင်္ကပ္ပ အကြံအစည်မျိုးရှိသောသူသည် ဝစီဒုစရိုက်တို့မှ လွတ်ကင်းစင်ကြယ် ကြည်ညိုဖွယ်ရှိသော အပြောအဆို ဝစီကံဟူသော သမ္မာဝါစာတမျိုးကိုသာ ပြောဆိုမည်ဖြစ်ပါသည်။ ဒုစရိုက်ကင်းသော သမ္မာဝါစာရှိသူသည် ထို့ထက်ရုန်းရင်းသော ကာယဒုစရိုက်တို့မှ လွတ်ကင်းစင်ကြယ် ကြည်ညိုဖွယ်ရှိသော ကာယကံအမှု သမ္မာကမ္မန္တ အလုပ်မျိုးကိုသာ ပြုလုပ်မည် ဖြစ်ပါသည်။
အမြင်များ၊ အကြံအစည်များ ကာယကံများ ဝစီကံများ စင်ကြယ်လျက်ရှိသော ပုဂ္ဂိုလ်သည် ယုတ်ညံ့သော အသက်မွေးမှုများကို ပြုလုပ်တော့မည်မဟုတ်သည့်အတွက် သမ္မာအာဇီဝ ဖြစ်လာပါသည်။ အမြင် အကြံ ကာယကံ ဝစီကံနှင့် အသက်မွေးမှု စင်ကြယ်သော် ဝီရိယ သာ အမြဲတည်သောကြောင့် သမ္မာဝါယာမ ဖြစ်လာရပြန်ပါသည်။ ထိုအခါ သီလ သမာဓိ ပညာ အမှုတို့၌ စွဲမြဲသော သမ္မာသတိမဂ္ဂင် နှင့် သမ္မာသမာဓိမဂ္ဂင်တို့လည်း ဆက်ကာဆက်ကာ တည်ရှိလာရပါသည်။

မဂ္ဂင် (၈) ပါးကို သိက္ခာ (၃) ပါးဖြင့် ပိုင်းခြားပုံ

မဂ္ဂင် (၈) ပါးတွင် သမ္မာဝါစာ၊ သမ္မာကမ္မန္တနှင့် သမ္မာအာဇီဝ (၃) ပါးသည် သီလတရားစု၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ (၃) ပါးသည် သမာဓိတရားစုဖြစ်၍ သမ္မာဒိဋ္ဌိနှင့် သမ္မာသင်္ကပ္ပ (၂) ပါးသည် ပညာတရားစု ဖြစ်သည်။

ဤ၌ သီလဟူသည် အာဇီဝဋ္ဌမကသီလကို ဆိုလိုပါသည်။ ယင်းသည်လည်း လူတို့၏ အာဇီဝဋ္ဌမက၊ ရဟန်းတို့၏ အာဇီဝဋ္ဌမကသီလ ဟူ၍ (၂) မျိုးရှိရာ မိစ္ဆာဇီဝနှင့်တကွ ကာယဒုစရိုက် (၃) ပါး (ပါဏာတိပါတ − အဒိန္နာဒါန−ကာမေသုမိစ္ဆာစာရ) နှင့် ဝစီဒုစရိုက် (၄) ပါး (မုသာဝါဒ − ပိသုဏဝါစာ − ဖရုဿဝါစာ − သမ္ဖပ္ပလာပ္ပ) ဟူသော ဒုစရိုက်တရားများ လုံခြုံလျှင် လူတို့အတွက် အာဇီဝဋ္ဌမကသီလ လုံခြုံသည် မည်ပါသည်။ ရှစ်ပါးသီလ၊ ကိုးပါးသီလနှင့် ဆယ်ပါးသီလများကား ထိုအာဇီဝဋ္ဌမကသီလ၌ အမွှမ်းတင်သီလ (သို့) အရောင်တင်သီလစုများသာ ဖြစ်ပါသည်။ သိက္ခာပုဒ် ပညတ်ချက် (၂၂၇) သွယ်လုံခြုံလျှင် ရဟန်းများအတွက် အာဇီဝဋ္ဌမကသီလ လုံခြုံသည် မည်ပါသည်။ ယင်းဆိုင်ရာသီလများကို လုံခြုံအောင်ထိန်းနေသူများသည် သမ္မာဝါစာ၊ သမ္မာကမ္မန္တနှင့် သမ္မာအာဇီဝမဂ္ဂင်ဖောင် စီးနေသူများပင် ဖြစ်ပါသည်။

သီလမဂ္ဂင်များပြည့်စုံပြီးနောက် ကာယဂတာသတိ (ထွက်သက်ဝင်သက်) ကို တည်ထောင်ပြီး သမထလမ်းသို့ မလိုက်ဘဲ ဝိပဿနာလမ်း သက်သက်ကို လိုက်၍ အားထုတ်လျှင် သုဒ္ဓဝိပဿနာယာနိကလမ်းကို လိုက်နေသူ ဖြစ်ပါသည်။ ကာယဂတာသတိ တည်ထောင်ပြီး ဈာန် သမာပတ်လမ်းစဉ်ကို လိုက်ပြီးမှ ဝိပဿနာလမ်းသို့ တင်၍ အားထုတ်ပြန်လျှင် သမထ ဝိပဿနာယာနိကလမ်းကို လိုက်သူများဖြစ်ကြသည်။ ယင်းလမ်းကြောင်း နှစ်ကြောင်းလုံးကို လိုက်နေသူသည် သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ မဂ္ဂင်ဖောင်ကြီးကို စီးနေသူများပင် ဖြစ်၏။ ယင်း သီလမဂ္ဂင် နှင့် သမာဓိမဂ္ဂင် ပြည့်စုံလျှင် ထိုက်သည့်အားလျော်စွာ ပညာကိစ္စလည်း ပြီးစေနိုင်သောကြောင့် သမ္မာဒိဋ္ဌိနှင့် သမ္မာသင်္ကပ္ပ ပညာမဂ္ဂင်ဖောင်ကြီးကိုလည်း စီးနေကြသူများပင် ဖြစ်ပါသည်။[4]

ကိုးကား

  1. Buddhist Teachings:Noble Eightfold Path
  2. Blogsome 10 November 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 September 2013 တွင် ပြန်စစ်ပြီး။
  3. အရှင်ဧသိက (ဘုန်းနွယ်)။ ထေရဝါဒ ဗုဒ္ဓဘာသာ
  4. ဗုဒ္ဓဘာသာကောင်းတစ်ယောက် − သာသနာရေးဝန်ကြီးဌာန
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.