မင်းရှင်

ရန်ကုန်မြို့တွင် အဖ အငြိမ်းစား မီးရထား သွားလာ ပို့ဆောင်ရေး ခရိုင်ဝန် ဦးတင့်၊ အမိ ဒေါ်ချော တို့က ၁၉၂၇ ခု ဧပြီ ၆ ရက်နေ့တွင် မွေးဖွားသည်။ မွေးချင်း လေးယောက်တွင် အကြီးဆုံး သားဦး ဖြစ်သည်။ ငယ်မည် ကိုကို၊ အမည်ရင်း ဦးဝင်းမောင်၊ သို့ရာတွင် ကလောင် အမည် မင်းရှင်ကို တရားဝင် အမည်ရင်း အဖြစ် ပြောင်းလဲ ခံယူ ခဲ့သည်။


ငယ်ရွယ်စဉ် ဖခင် မီးရထား အရာရှိ အလုပ် ပြောင်းရာသို့ လိုက်ပါ ခဲ့ရသည် ဖြစ်ရာ သူငယ်တန်း ပညာကို မီးရထားလမ်း တလျှောက် မြို့အသီးသီးရှိ ကျောင်းပေါင်းစုံတွင် သင်ယူ ခဲ့သည်။ ၁၉၃၃ - ၃၆ ထိ ဒိုင်အိုစီဆင် မိန်းကလေး ကျောင်းတွင် ပထမတန်း အထိ ပညာ သင်ခဲ့သည်။ ၁၉၃၈ - ၄၂ တွင် ဆရာ ဖြစ်သင် ကောလိပ် ကျောင်းတွင် တတိယတန်းမှ ရှစ်တန်း အထိ ပညာ သင်ယူ ခဲ့သည်။ ၁၉၄၆ တွင် ဒေါ်သာထက် အလွတ် ပညာ သင်ကျောင်းမှ တက္ကသိုလ် ဝင်တန်း အောင်သည်။ ၁၉၄၆ - ၄၈ တွင် ရန်ကုန် တက္ကသိုလ်၌ ဥပစာ အထက်တန်း အထိ သင်ကြား ပြီးနောက် စာပေ လောက ထဲသို့ ခြေစုံပစ် ဝင်ရောက် ခဲ့သည်။


စစ်အတွင်း မိဘများနှင့် အတူ မြင်းခြံတွင် စစ်ပြေး ရောက်နေစဉ် ဘီအိုင်အေသို့ ဝင်ရန် ကြိုးစား ခဲ့သည်။ အသက်ငယ်၍ ဝင်ခွင့် မရချေ။ ဘီဒီအေခေတ် (၁၉၄၄) ၌ အလုံ လေယာဉ်ပစ် အမြောက်ကြီး တပ်တွင် တပ်သားကလေး အဖြစ် အမှုထမ်း ခဲ့သည်။ ဂျပန် တော်လှန်ရေးတွင် ဗမာ့ မျိုးချစ် တပ်မတော် တိုင်း(၁)၊ မင်းလှစည်သူ တပ်ရင်း၊ မင်းရှင်နောင် တပ်ခွဲသို့ ဝင်ရောက်ပြီး တော်လှန်ရေး ဆင်နွှဲ ခဲ့သည်။ စစ်ပြီး ခေတ်တွင် ကမာရွတ် တိုက်နယ် ပြည်သူ့ ရဲဘော် တပ်ဖွဲ့ ဖွဲ့စည်းရေးမှူးနှင့် ဖဆပလ အဖွဲ့ အတွင်းရေးမှူး အဖြစ် ဆောင်ရွက် ခဲ့သည်။ တက္ကသိုလ် ကျောင်းသား ဘဝ မှာပင် သစ်ဆန်း မဂ္ဂဇင်း အယ်ဒီတာနှင့် တာရာ မဂ္ဂဇင်း တွဲဖက် အယ်ဒီတာ (၁၉၄၆ - ၄၇)၊ ရှုမဝ မဂ္ဂဇင်း အယ်ဒီတာ အဖွဲ့ဝင် (၁၉၄၇ - ၄၈)၊ တိုးတက်ရေး သတင်းစာ တွဲဖက် အယ်ဒီတာ (၁၉၄၉ - ၅ဝ)၊ မြန်မာနိုင်ငံ စာရေးဆရာ အဖွဲ့ အမှုဆောင်နှင့် စာပေ မဂ္ဂဇင်း အယ်ဒီတာ (၁၉၅၁ - ၅၂)၊ မြန်မာ့ အသံ မြန်မာပိုင်း အစီအစဉ် လက်ထောက် (ဇွန် ၁၉၅၁ - ဖေဖော်ဝါရီ ၁၉၅၃)၊ မြဝတီ မဂ္ဂဇင်း အယ်ဒီတာချုပ် (၁၉၅၂)၊ ဖေဖော်ဝါရီ ၁၉၅၃ မှ ၁၉၅၈ အထိ ဗမာ့ တပ်မတော်တွင် ဗိုလ်ကြီး အဆင့်ဖြင့် ပြန်လည် အမှုထမ်းစဉ် မြဝတီ မဂ္ဂဇင်း အမှုဆောင် အရာရှိ (၁၉၅၄ - ၅၆) တာဝန် ယူခဲ့သည်။


၁၉၅၈ တွင် တပ်မတော်မှ ထွက်၍ မြန်မာ အသံ မြန်မာပိုင်း အစီအစဉ် စာပြုမှူးနှင့် သောတရှင် မဂ္ဂဇင်း အမှုဆောင် အရာရှိ (၁၉၅၈ - ၆၄)၊ ရုပ်ရှင် ဆင်ဆာ အဖွဲ့ဝင် (၁၉၆၃ - ၆၉)၊ ၁ ဇွန် ၁၉၆၄ တွင် နိုင်ငံခြား ရုပ်ရှင် တင်သွင်းရေး အေဂျင်စီ၌ ပြောင်းရွှေ့ တာဝန် ထမ်းဆောင် ခဲ့ပြီး ၁၃ ဇွန် ၁၉၈၄ တွင် အငြိမ်းစား ယူခဲ့သည်။ ထို့နောက် လှိုင်မြို့နယ် စစ်မှုထမ်းဟောင်း အဖွဲ့ စည်းရုံးရေးမှူး (၁၉၇၆ မှ စ၍)၊ လှိုင်မြို့နယ် စာပေ လုပ်သား အဖွဲ့ ဥက္ကဋ္ဌနှင့် ရုပ်မြင်သံကြား ကြီးကြပ်ရေး အဖွဲ့ဝင် (၁၉၈ဝ - ၈၄) စသည် တာဝန် ယူခဲ့သည်။


တော်လှန်ရေး ကာလ 'မင်းရှင်နောင် တပ်ခွဲ' ကို ဂုဏ်ပြုသော အားဖြင့် "မင်းရှင်" ကလောင် အမည် ယူ၍ ၁၉၄၆ ခုနှစ် အလင်းရောင် မဂ္ဂဇင်းတွင် "ရွက်ဝါ" အခန်းဆက် ဝတ္ထုရှည် ရေးကာ စာပေနယ်သို့ ဝင်ရောက် ခဲ့သည်။ ထင်ရှားသော စာအုပ်များမှာ ရွက်ဝါ (၁၉၄၆)၊ ချစ်ဝဲလယ် (၁၉၄၆)၊ ပွင့်ချပ်သုံးလွှာ (၁၉၄၇)၊ မေ့ဘူးကွယ့် သက်လှယ်ရယ် (၁၉၄၈)၊ မေတ္တာရေလှိုင်း (?)၊ ပြင်ဦးလွင်မှ လွမ်းရိပ်သာ (?)၊ ကမေႝာဇ သဇင် (?)၊ ချစ်မိုးညို (?)၊ မိုးနဲ့မြေ (?)၊ မိုးလုံးပတ်လည်(?)၊ ရေးမိသည့် အချစ်ဝတ္ထု (?) ဝတ္ထုရှည်များနှင့် လက်ဆောင်မွန် (၁၉၅၅)၊ လမ်းပေါ်မှာ (၁၉၆၂)၊ တခါတုန်းက တို့ရဲဘော် (၁၉၆၃) ဝတ္ထုတို ပေါင်းချုပ်များ ဖြစ်ကြသည်။ 'လမ်းပေါ်မှာ' ဖြင့် ၁၉၆၂ ခုနှစ် အနုပညာ စာပေ ဆိုင်ရာ ဝတ္ထုတို ပေါင်းချုပ်ဆု၊ 'တခါတုန်းက တို့ရဲဘော်' ဖြင့် ၁၉၆၃ ခုနှစ် အနုပညာ စာပေ ဆိုင်ရာ ဝတ္ထုတို ပေါင်းချုပ် ဒုတိယဆု တို့ကို ရရှိခဲ့သည်။ ထို့ပြင် မော်ကွန်းဝင် ဒုတိယဆင့် ကိုလည်း ရရှိ ခဲ့သည်။


၁၉၈၆ ခု ဩဂုတ်လ ရ ရက်နေ့တွင် ရန်ကုန်မြို့ ၌ ကွယ်လွန် ခဲ့သည်။


စာညွှန်း

    1. မလိခ။ မြန်မာ ဝတ္ထု အညွှန်း (၁)၊ စာ ၁၈၄ - ၁၉၇။
    2. မောင်ကျော်သာ။ တစေ့တစောင်း စာရေးဆရာ တို့၏ အကြောင်း။ စာ ၅၇ - ရဝ။
    3. ဒဂုန်ရွှေမျှား။ မြန်မာ နိုင်ငံ စာပေ ဆုများ။ စာ ၁၁၁ - ၁၁၃။
    4. ပြန်/ဆက် စာတည်း အဖွဲ့။ နှစ်ဆယ်ရာစု မြန်မာ စာရေးဆရာများနှင့် စာစု စာရင်း။ စာ ၂ဝ၈ - ၂၁ဝ။
    5. မြန်မာ့ စွယ်စုံကျမ်း နှစ်ချုပ် (၁၉၈၇)။ စာ ၂၄၆ - ၂၄၇။
    6. မလိခ။ မြန်မာ စာပေ အဘိဓာန်၊ မိုးဝေ (ဇန်နဝၝရီ ၁၉၈၅)။ စာ ၈၆။
    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.