မင်းသူ၊ ကို
မိုးကုတ် မီဒီယာ [mogokmedia.blogspot.com/2008/10/blog-post_25.html] ဘလော့မှာ လွှင့်တင်ထားတဲ့ 'နိုင်ငံရေး လူတိုင်းနှင့်ဆိုင်သည်' သတင်း ဆောင်းပါးမှ နအဖ စစ်အစိုးရက ထောင်ဒဏ် ၁၃ နှစ် ချခဲ့တဲ့ မိုးကုတ်မြို့မှ နိုင်ငံရေးသမား တဦးဖြစ်သူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အဲန်အယ်လ်ဒီ) အဖွဲ့ဝင် "ကိုမင်းသူ ကိုယ်ရေးအတ္ထုပ္ပတ္တိ အကျဉ်း" ကို ပြန်လည် ကူးယူ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။
မိုးကုတ်မြို့မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အဲန်အယ်လ်ဒီ) အဖွဲ့ဝင် ကိုမင်းသူ ကိုယ်ရေးအတ္ထုပ္ပတ္တိ အကျဉ်း
၂ဝဝ၈ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက် သောကြာနေ့တွင် မိုးကုတ်မြို့မှ နိုင်ငံရေး တက်တက်ကြွကြွ လှုပ်ရှားသူ ကိုမင်းသူအား စစ်အစိုးရက ထောင်ဒဏ် ၁၃ နှစ် ချမှတ်လိုက်ပြီ ဖြစ်သည်။ ၎င်းအား ပုဒ်မ၅ ခုဖြင့် တရားစွဲဆိုပြီး ထောင်ဒဏ် အပြစ်ပေးခဲ့ခြင်းဖြစ်ရာ စွဲဆိုခံရသည့် ပုဒ်မများမှာ အောက်ပါအတိုင်း ဖြစ်သည်။
- ပုဒ်မ ၅ဝ၅ (ခ) - အစိုးရကို အကြည်ညို ပျက်စေမှု၊
- ပုဒ်မ ၂၉၇ (က) - သာသနာကို ညှိုးနွမ်းစေမှု၊
- ပုဒ်မ ၁၄၅ - ဥပဒေနှင့် ဆန့်ကျင်သော အစုအဝေးတွင် ပါဝင်မှု၊
- ပုဒ်မ ၁၄၇ - ရုံးရင်း ဆန်ခတ်မှုတွင် ပါဝင် ကျူးလွန်မှုနှင့်၊
- ပုဒ်မ ၁၅၂ - တာဝန် ဝတ္တရား နှောင့်ယှက်မှုတို့ ဖြစ်ကြသည်။
၎င်း၏ အမှုကို မန္တလေး အိုးဘိုထောင်တွင်း တရားရုံးက စစ်ဆေးခဲ့ပြီး တရားခွင်တွင် မိသားစုဝင်များ လာရောက် ကြားနာခွင့် မရရှိဘဲ စီရင်ချက် ချမှတ်ခဲ့ခြင်း ဖြစ်သည်။ ကိုမင်းသူအား ရွှေဝါရောင် တော်လှန်ရေး ကာလ အတွင်းက ၂ဝဝရ စက်တင်ဘာလ ၂၅ ရက်နေ့ ည ၁၁ နာရီ အချိန်တွင် ၎င်း၏ နေအိမ်၌ အာဏာပိုင်များက လာရောက် ခေါ်ဆောင်သွားခြင်း ခံခဲ့ရသည်။
ယခုလို ကိုမင်းသူအား ဖမ်းဆီး ထောင်ချလိုက်ခြင်းသည် ယခင်က ဖဆပလ ခေါင်းဆောင် တစ်ဦးဖြစ်သော သခင် သာခင်အား ဖမ်းဆီး ထောင်ချပြီးသည့် နောက်ပိုင်း နိုင်ငံရေး လုပ်ဆောင်မှုဖြင့် ထောင်ကျသည့် မိုးကုတ်မြို့၏ ထင်ရှားသော ဖြစ်ရပ် တစ်ခုပင် ဖြစ်သည်။ သခင် သာခင်သည် ဖဆပလ အဖွဲ့ချုပ်တွင် ထင်ရှားသော ခေါင်းဆောင် တစ်ဦး ဖြစ်သည့် အပြင် နိုင်ငံရေး အမြင်တွင်လည်း ထိုခေတ် အခါက ရှေ့တန်းရောက်ခဲ့သူ တစ်ဦး ဖြစ်သည်။ သခင် သာခင်ကို မိုးကုတ်မြို့နယ် ကင်းရွာတွင် မွေးဖွားခဲ့သည်။
ကိုမင်းသူအား မိုးကုတ်မြို့နယ် ရေပူကျေးရွာတွင် ရှမ်းတိုင်းရင်းသားများ ဖြစ်ကြသော အဖ ဦးလှအောင်နှင့် အမိ ဒေါ်ခင်ကြည်တို့က ၁၉၆၁ ခုနှစ်၊ ဩဂတ်လ ၁ဝ ရက်နေ့တွင် မွေးဖွားခဲ့သည်။ ၁၉၇၇ ခုနှစ်တွင် မိုးကုတ် အထက (၁) မှ ဆယ်တန်း အောင်မြင်ခဲ့ပြီး၊ ၁၉၈၁ ခုနှစ်တွင် မန္တလေး တက္ကသိုလ်မှ ဓာတုဗေဒ ဘာသာရပ်ဖြင့် ဘွဲ့ရရှိခဲ့ပါသည်။ ရှစ်လေးလုံး အရေးတော်ပုံ နိုင်ငံရေး လှုပ်ရှားမှုတွင် မိုးကုတ်မြို့၌ ဦးဆောင် ပါဝင်ခဲ့ပြီး ၁၉၈၈ ခု၊ နိုဝင်ဘာလတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သို့ ဝင်ရောက်ခဲ့ပါသည်။
၁၉၈၉ ခု၊ ဇူလိုင်လ ၁၉ ရက်နေ့ အာဇာနည်နေ့ အခမ်းအနား ကျင်းပ ပြုလုပ်ခဲ့မှုကြောင့် မန္တလေးထောင်၌ ၂ နှစ်ကျော် အကျဉ်းကျခံ ခဲ့ရသည်။ ၂ဝဝ၂ ခုနှစ်တွင် အဲန်အယ်လ်ဒီ မြို့နယ် စည်းရုံးရေး ကော်မတီ၏ တာဝန်ပေးချက် အရ မြို့နယ် စည်းရုံးရေး ကော်မတီဝင်နှင့် လူငယ်ရေးရာ တာဝန်ခံ အဖြစ် ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် ၂ဝဝ၃ ခုနှစ်၊ ဒေါ်အောင်ဆန်းစုကြည်၏ မိုးကုတ် ခရီးစဉ် အပြီးတွင် ခြောက်လနီးပါးခန့် ထိန်းသိမ်း ခံခဲ့ရပါသည်။
လက်ရှိတွင် မိုးကုတ်မြို့နယ် အဲန်အယ်လ်ဒီ စည်းရုံးရေး ကော်မတီဝင် အဖြစ် တာဝန် ထမ်းဆောင်လျက် ရှိပြီး ရွှေဝါရောင် တော်လှန်ရေး လှုပ်ရှားမှုကြီးတွင် ဦးဆောင် ပါဝင်ခဲ့မှုကြောင့် ထပ်မံ ဖမ်းဆီး ခံခဲ့ရပါသည်။ ယခု အကျဉ်းကျ ခံနေရချိန်တွင် အသက် ၄၇ နှစ် ရှိပြီဖြစ်သည်။ ဇနီးဖြစ်သူမှာ မနန်း (ခေါ်) မခင်ကြည်ဝင်း ဖြစ်ပြီး သမီး ၂ ယောက်၊ သား ၁ ယောက် ရှိပါသည်။