မင်္ဂလာတရား ၃၈-ပါး
မင်္ဂလာတရား (၃၈) ပါးကို ဗုဒ္ဓမြတ်စွာအား သိကြားမင်းက မထင်မရှား နတ်သားအသွင်ကို ဆောင်ယူလျှက် သာဝတ္ထိပြည် ၊ ဇေတဝန် ကျောင်းတော်၌ အကာလညအခါတွင် တောင်းပန် လျှောက်ထားမှုကြောင့် လူ ၊ နတ် ၊ ဗြဟ္မာတို့၏ အကျိုးငှာ ဟောကြားတော် မူခဲ့ခြင်း ဖြစ်သည်။
မင်္ဂလာတရား ၃၈-ပါး
ကမ္ဘာသူ ကမ္ဘာသား သတ္တဝါအားလုံးတို့အား ချမ်းသာကိုပေးတတ်သော တရား ၃၈-ပါး။
(၁) အသေဝနာစ ဗာလာနံ- သူမိုက်ကို မဆည်းကပ်ရခြင်း၊
(၂) ပဏ္ဍိတာနဉ္စ သေဝနာ- ဉာဏ်ပညာရှိသူတို့ကို ပေါင်းသင်းရခြင်း၊
(၃) ပူဇာစ ပူဇနေယျာနံ- ပူဇော်ထိုက်သူတို့ကိုပူဇော်ရခြင်း၊
(၄) ပဋိရူပ ဒေသာဝါသ- သင့်လျော်ကောင်း မြတ်ရာ၌ နေရခြင်း၊
(၅) ပုဗ္ဗေစ ကတ ပုညတာ- မဆွက ကောင်းမှုကုသိုလ်ကို ပြုခဲ့ဘူးခြင်း၊
(၆) အတ္တသမ္မာ ပဏီဓိ- ကိုယ်စိတ်နှစ်ဖြာကို ကောင်းစွာပြုပြင်ထားခြင်း၊
(၇) ဗာဟုသစ္စ- အကြားအမြင်ပညာများသူ ဖြစ်ခြင်း၊
(၈) သိပ္ပမင်္ဂလာ- အပြစ်ကင်းသည့်စက်မှုလက်မှုအတတ်မျိုးစုံ တတ်ထားရခြင်း၊
(၉) ဝိနယ သုသိက္ခိတော- ယဉ်ကျေးမှုဆိုင်ရာ ကိုယ်ကျင့်ဝိနည်းကိုကောင်းစွာသင်ယူခြင်း၊
(၁၀) သုဘာသိတဝါစာ- အင်္ဂါလေးပါးရှိသော စကားကိုပြောဆိုတတ်ရခြင်း၊
(၁၁) မာတာပိတု ဥပဋ္ဌာနံ- မိဘ၂-ပါးအား စင်စစ် လုပ်ကျွေး မွေးမြူရခြင်း၊
(၁၂) ပုတ္တဒါရဿ သင်္ဂဟ- သားမယားတို့အား စွမ်းနိုင်သလောက် ကျွေးမွေးထောက်ပံ့ရခြင်း၊
(၁၃) အနာကုလ ကမ္မန္တ- ချို့ယွင်းမှုမရှိ မိမိတတ်သိလိမ္မာပြီးသော အလုပ်ကို ကာလ ဒေသအလိုက်ထိုက်သလို လုပ်ရခြင်း၊
(၁၄) ဒါန မင်္ဂလာ- ပေးကမ်းစွန့်ကြဲ လှူဒါန်းရခြင်း၊
(၁၅) ဓမ္မစရိယ- ကုသလကမ္မပထ တရားဆယ်ပါးကို ပြုလုပ်ရခြင်း၊
(၁၆) ဉာတကာနဉ္စသင်္ဂဟ- ဆွေမျိုးတို့ကိုတတ်နိုင်သလောက် ချီးမြှောက် ထောက်ပံ့ရခြင်း၊
(၁၇) အနဝဇ္ဇကမ္မ- နောင်သံသရာရေး၌ အပြစ်ဘေးမကျ ပကတိသုခကို ရနိုင်သည့် ငါးပါး, ရှစ်ပါး စသော သီလများ နှင့် အများကောင်းကျိုး စေတနာ့ဝန်ထမ်း အလုပ်များကို လုပ်ရခြင်း၊
(၁၈) အာရတီ- မကောင်းမှုကို စိတ်ဖြင့်ဝေးစွာရှောင်ကြဉ်ရခြင်း၊
(၁၉) ဝိရတီ- မကောင်းမှုမှ ကိုယ်နှုတ် နှစ်ပါးဖြင့် ရှောင်ကြဉ်ရခြင်း၊
(၂၀) မဇ္ဇပါန သံယမ- သေရည်အရက် သောက်စားမှုမှ ရှောင်ကြဉ်ရခြင်း၊
(၂၁) အပ္ပမာဒ ဓမ္မ- ကောင်းမှုတို့၌ မမေ့မလျော့ခြင်း၊
(၂၂) ဂါရဝ- ရိုသေထိုက်သူကို ရိုသေခြင်း၊
(၂၃) နိဝါတ- မာနမထားနှိမ့်ချရိုသေသော စိတ်များရှိခြင်း၊
(၂၄) သန္တုဋ္ဌိ- ရသမျှနှင့် ရောင့်ရဲတင်းတိမ်ခြင်း၊
(၂၅) ကတညုတာ- ပြုဘူးသော ကျေးဇူးကို ပြန်၍သိခြင်း၊
(၂၆) ကာလေန ဓမ္မဿဝန- သင့်လျော်ရာ အခါ၌ သူတော်ကောင်းတရားကို နာကြားရခြင်း၊
(၂၇) ခန္တီမင်္ဂလာ- နေရာတိုင်း၌သည်းခံရခြင်း၊
(၂၈) သောဝစဿတာ - ဆိုဆုံးမလွယ်ကူသူဖြစ်ရခြင်း၊
(၂၉) သမဏဒဿန - အရိယာသံဃာတော်များကို ဖူးတွေ့ရခြင်း၊
(၃၀) ကာလေန ဓမ္မသာကစ္ဆ- လျောက်ပတ်သောအခါ၌တရားစကား ဆွေးနွေးမေးမြန်းရခြင်း၊
(၃၁) တပ မင်္ဂလာ- မကောင်းကြံ မကောင်းဩပ, မကောင်းဆိုမဖြစ်နိုင်စေရန် သတိနှင့် ဝီရိယ တရား အစဉ်ထားခြင်း၊
(၃၂) ဗြဟ္မစရိယ- မြတ်သော အကျင့်ရှိခြင်း၊
(၃၃) အရိယာ သစ္စာန ဒဿန- သစ္စာလေးပါးကို မဂ်တရားဖြင့်သိမြင်ရခြင်း၊
(၃၄) နိဗ္ဗာနသစ္ဆိကိရိယ- အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရခြင်း၊
(၃၅) ဖုဋ္ဌဿ လောက ဓမ္မေဟိ စိတ္တံယဿ န ကမ္ပတိ- လောကဓံတရား ရှစ်ပါးတို့နှင့် တွေ့ရသော်လည်း စိတ်တုန်လှုပ်မှုမရှိခြင်း၊
(၃၆) အသောက- စိုးရိမ်ကြောင့်ကြမှု မရှိခြင်း၊
(၃၇) ဝိရဇ- ရာဂစသော ကိလေသာမြူမရှိခြင်း၊
(၃၈) ခေမ မင်္ဂလာ- ကြောက်ထိတ်လန့်မှု ဘေးမရှိခြင်း။ [1]
ဤသို့ ပြအပ်ခဲ့ပြီးသော ၃၈ ပါး မင်္ဂလာတရားတို့ကို ပြုကျင့်အားထုတ်သောသူတို့သည် မည်သည့်အရပ်၌မဆို ရန်သူတို့ မအောင်နိုင်သဖြင့် အရာခပ်သိမ်း၌ ချမ်းသာကြရကုန်၏။ ထို မင်္ဂလာတရား ၃၈ပါးသည် နတ်လူဟူသမျှတို့၏ ကြီးပွားချမ်းသာကြောင်း အမြတ်ဆုံးသော မင်္ဂလာတရားများ ဖြစ်ကြပေသည်။
ဘုရားရှင်သည် မင်္ဂလာတရား (၃၈)ပါးကို ဟောကြားခဲ့သော သတင်းဂယက်သည် သံဃာပရိသတ် အလည်တွင် အုတ်အုတ်ကျက်ကျက် ဖြစ်သွားလေသည်။ (၃၈)ဖြာသော မင်္ဂလာတရားတော်ကို ဟောကြားပေးတော် မူသော ဘုရားရှင်၏ ဉာဏ်တော်ကိုလည်း ရဟန်းတို့သည် အံ့ဩချီးမွမ်း မဆုံးရှိလေသည်။ ထိုအခါ ဘုရားရှင်သည် ရဟန်းတို့ထံ ကြွလာပြီး
`ရဟန်းတို့ ယခုအခါ ငါဘုရားရှင်သည် သဗ္ဗညုတ ဉာဏ်တော်ရပြီး သမ္မာသမ္ဗုဒ္ဓဂုဏ်နှင့် ပြည့်စုံ၍ (၃၈)ဖြာ မင်္ဂလာတရား ဟောကြားသည်မှာ အံ့ဩဖွယ် မဟုတ်ပေ။ ငါဘုရားသည် နုစဉ်ကပင် မင်္ဂလာပြဿနာကို ပြီးပြည့်အောင် ဆုံးဖြတ်ပေးနိုင်ခဲ့သည်´ဟူ၏။
`အရှင်ဘုရား- တပည့်တော်တို့သည် အတိတ်ဘဝက ဖုံးလွှမ်းထားသော ထိုအကြောင်းကို သိလိုကြပါသည်ဘုရား´ဟု ရဟန်းတို့က ခွင့်ပန်လေသည်။
`ချစ်သားတို့ ရှေးအတိတ်ဘဝက ငါဘုရားရှင်သည် မဟာရက္ခိတ ဟူသော အမည်ဖြင့် ရသေ့ဖြစ်ခဲ့ဘူးသည်။ ငါ့တွင် တပည့်ရသေ့ တစ်ဦးရှိသည်။ ထိုတပည့်ကား ယခု သာရိပုတ္တရာပင် ဖြစ်ပေသည်။ တစ်နေ့သောအခါ တပည့်သည် ငါ့ထံသို့ ချဉ်းကပ်၍ မင်္ဂလာပြဿနာကို လေ့လာသည်။ လောကတွင် မင်္ဂလာအမျိုးမျိုးတွေ ပေါ်ပေါက်နေပါသည်။ ကြီးပွားချမ်းသာကြောင်း မင်္ဂလာဟူသည် အဘယ်နည်း။ အဘယ်အရာမျိုးကို မင်္ဂလာ ခေါ်ပါသနည်း ဟုမေးမြန်းလျှောက်ထား၍ ငါဘုရားရှင်သည် မင်္ဂလာ ရှစ်မျိုးကို ခွဲခြား၍ ဟောကြားခဲ့သည်´ဟူ၏။ [2]
ဘုရားရှင်ဟောကြားတော်မူသော မင်္ဂလာ ရှစ်မျိုး
(၁)သတ္တဝါ ခပ်သိမ်းတို့အား မေတ္တာဖြင့် ချဉ်းကပ်၍ အလုပ်အကျွေး ပြုရာ၏။ ဤသို့ပြုခြင်းသည် မင်္ဂလာ မည်ပါသည်။
(၂) မိမိကိုယ်ကို နှိမ့်ချ၊ မိမိကို ရင့်သီးစွာ ပြောဆိုတိုက်ခိုက်စေဦး သည်းခံ၊ ချိုသာသော စကားဖြင့် တုံ့ပြန် ပြောဆိုရာ၏။ ဤသို့ပြုခြင်းသည် မင်္ဂလာ မည်ပါသည်။
(၃)ပညာဂုဏ်ဖြင့်၎င်း၊ ဥစ္စာဂုဏ်ဖြင့်၎င်း၊ ဆွေဂုဏ်မျိုးဂုဏ်ဖြင့်၎င်း၊ မည်သူတစ်ဦး တစ်ယောက်ကိုမျှ မောက်မာဝင့်ထယ်စွာ မထေမဲ့မြင် မပြုရာ။ ဤသို့ပြုခြင်းသည် မင်္ဂလာ မည်ပါသည်။
(၄)မိတ်ဆွေအပေါင်းအသင်း ရောင်းရင်းများနှင့် မည်သည့်အခါမျှ ငြင်းခုံခြင်း မပြုရာ၊ ထိုသူတို့အား တတ်နိုင်သလောက် ကူညီစောင့်ရှောက်၍ နှီးနှောတိုင်ပင်မှုကို ပြုရာ၏။ ဤသို့ပြုခြင်းသည် မင်္ဂလာ မည်ပါသည်။
(၅)အကြင်သူအား သက်တူရွယ်မျှ မယား၊ စိတ်တူသဘောတူ မယား၊ လင်အလိုကိုလိုက် လင်ကြိုက်ဆောင်သော မယား၊ သားသမီး ထွန်းကားသော မယား၊ မျိုးကောင်းဆွေသန့် မယား၊ အကျင့်ကောင်းသော မယား၊ အဆင်းနှင့် အချင်း ပြည့်စုံသော မယားရှိအံ့ ထိုသူအဖို့ မင်္ဂလာ မည်ပါသည်။
(၆)အလုပ်သမား၏ အရည်အချင်းကို သိတတ်သော မင်း၊ လုပ်ငန်းပိုင်ရှင် အကြီးအကဲတို့ထံ၌ ခစားရခြင်း၊ အလုပ်လုပ်ရခြင်းသည် မင်္ဂလာ မည်ပါသည်။
(၇)စေတနာ သဒ္ဓါတရား ထက်သန်စွာဖြင့် ထမင်း အဖျော်ယမကာ ပန်းနံ့သာ စသည်ကို မိမိစိတ်ကြိုက် လှူရခြင်းသည် မင်္ဂလာ မည်ပါသည်။
(၈)အကျင့်သီလနှင့် ပြည့်စုံသော ပုဂ္ဂိုလ်မြတ်တို့၏ အဆုံးအမ ဩဝါဒကို ခံယူ၍ အရိယာဓမ္မကို ကျင့်ကြံခြင်း အားထုတ်ခြင်း ရရှိခြင်းသည် မင်္ဂလာ မည်ပါသည်။
`ရဟန်းတို့ နုစဉ်က ငါဟောခဲ့သော မင်္ဂလာတရားနှင့် ယခု ငါဘုရားဖြစ်မှ ဟောကြားသော မင်္ဂလာတရားတို့ကို နှိုင်းယှဉ် လေ့လာကြကုန်လော့၊ နုစဉ်က ဤမင်္ဂလာ(၈)ပါးကို ဟောကြားနိုင်သော ငါဘုရားရှင်သည် ယခု ဘုရားဖြစ်စဉ် အဘယ်ဆိုဖွယ်ရာ မရှိသော မင်္ဂလာတရားကို ဟောကြားနိုင်သည်သာတည်း´
၃၈ ဖြာ မင်္ဂလာ ကဗျာများ
၁။ အသေဝနာစ
လူမိုက်ဆိုလျှင် ရှောင်သွေလွဲလို ့၊ မမှီဝဲ နဲ ့ကင်းအောင်နေ။
ပညာရှိကို အရှည်တွဲလို ့။ မှီဝဲဆည်းကပ် နည်းယူစေ။
သုံးပါးရတနာ မိဘများနှင့် ၊ ဆရာသမားကို ပူဇော်လေ။
ချမ်းသာကိုပေး ဆက်ဆံရေး ၊ မြော်တွေးသုံးချက်ပေ။
အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။
၂။ ပတိရူပ
ကုသိုလ်ပညာ ဥစ္စာရဖို့၊ သင့်ရာဒေသ အမြဲနေ။
ရှေးကတင်ကြို ပြုခဲ့ဖူးသည့် ၊ ကောင်းမှုအထူး ရှိပါစေ။
မိမိကိုယ်ကို ကောင်းအောင်ထိန်းလို့၊ မတိမ်းစေနဲ့ဆောက်တည်လေ။
ဥစ္စာကိုပေး နေထိုင်ရေး၊ မြော်တွေးသုံးချက်ပေ။
အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။
၃။ ဗာဟုဿစ္စဉ္စ
တတ်ကောင်းတတ်ရာ ဟူသမျှကို ၊ ကြားမြင်သုတ ရှိပါစေ။
အိုးအိမ်တည်ထောင် ဝမ်းစာရေးနဲ့၊ အသက်မွေးဖို့ အတတ်သင်လေ။
လူနှင့်ဆိုင်ရာ ကျင့်ဝတ်များကို ၊ ကောင်းစွာသင်ကြားနားလည်စေ။
မှန်ကန်ယဉ်ကျေး ချိုသာအေး၊ ဆိုရေးတတ်ပါစေ။
အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။
၄။ မာတာပိတု
မြင်းမိုရ်ရွှေတောင် မိဘကြွေးကို၊ ကောင်းစွာဆပ်ပေး ဝတ်ကျေကျေ။
ကြွေးသစ်ချကာ သားနှင့်မယား ၊ မြှောက်စားချီးမြှင့် ဝတ်ကုန်စေ။
အလုပ်တာဝန် မလစ်ဟင်းနဲ့၊ အပြစ်ကင်းအောင် လုပ်ပါလေ။
စည်းစိမ်ကိုပေး ပြုစုရေး ၊ မြော်တွေးသုံးချက်ပေ။
အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။
၅။ ဒါနဉ္စ
သုံးတန်စေတနာ ဖြူစင်လန်းလို့၊ ပေးကမ်းဝေမျှ လှူနိုင်စေ။
ကိုယ်နှုတ်စိတ်ကြံ မမိုက်မှားနဲ့၊ သုစရိုက်တရားကို ကျင့်ပါလေ။
ဆွေမျိုးတွေကို ပြင်ပမထားနဲ့၊ သင်္ဂဟတရားနှင့် ချီးမြှောက်လေ။
သန့်စင်ပြစ်မျိုး လူထုကျိုး၊ သယ်ပိုးဆောင်ရွက်စေ။
အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။
၆။ အာရတီ ဝိရတီ
မကောင်းမှုတွေ ဟူသမျှကို ၊ မတွေ့ခင်က ရှောင်ကြဉ်လေ။
တွေ့ကြုံလာလျှင် မလွန်ကျူးနဲ့၊ အထူးသဖြင့် စောင့်စည်းနေ။
အရက်သေစာ မသောက်စားနဲ့၊ မှောက်မှားတတ်တဲ့ အရာပေ။
လုပ်ကိုင်ပြောကြား သတိထား ၊ တရားမမေ့စေ။
အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။
၇။ ဂါရဝေါစ
အသက်ဂုဏ်ဝါ ကိုယ့်ထက်ကြီးက ၊ ဆည်းကပ်ခစား ရိုသေလေ။
မာနတံခွန် ဂုဏ်မကြွနဲ့၊ ကိုယ့်ကိုနှိမ့်ချ အမြဲနေ။
လောဘအပို လိုမလိုက်နဲ့၊ ကိုယ်ထိုက်တာနဲ့ ကျေနပ်လေ။
ကိုယ့်ပေါ်ပြုဖူး သူ့ကျေးဇူး ၊ အထူးသိတတ်စေ။
ကောင်းကျိုးဆင့်ပွား မြတ်တရား ၊ နာကြားမပြတ်ပေ။
အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။
၈။ ခန္တီစ
ဝတ်စားနေထိုင် ရန်ခပ်သိမ်း၊ စိတ်ကိုချုပ်ထိန်း သည်းခံလေ။
ကျိုးကြောင်းပြညွှန် ဆုံးမစကား၊ ပြောကြားလာက နာလွယ်စေ။
သူမြတ်ပုဂ္ဂိုလ် ဟူသမျှ ၊ မကြာခဏ တွေ့ဆုံလေ။
သဘာဝတွေး မှန်ကန်ရေး၊ ဆွေးနွေးမပြတ်ပေ။
အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။
၉။ တပေါစ
လောကီအာရုံ ဇိမ်ယစ်မူးလို့၊ အပျော်မကြူးနဲ့ ခြိုးခြံလေ။
မေတ္တာဗြဟ္မစိုရ် လက်ကိုင်သုံးလို့၊ သူမြတ်ကျင့်ထုံး ယွင်းမသွေ။
လေးပါးသစ္စာ ဉာဏ်မြင်ကြည့်လို့၊ အမှန်သိအောင် ကြိုးစားလေ။
ဒုက္ခလွတ်ကင်း နိဗ္ဗာန်ချဉ်း ၊ အလင်းပေါက်နိုင်စေ။
အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။
၁၀။ ဖုဋ္ဌဿ
ဆင်းရဲချမ်းသာ သဘာဝ၊ တွေ့ကြုံနေကြ လူတိုင်းပေ။
ကောင်းဆိုးနှစ်တန် အစုံတွဲလို့၊ တလဲစီလှည့် အမြဲနေ။
လောကဓံကြုံ မဖြုံတမ်းပေါ့ ၊ မတုန်စမ်းနဲ့ စိတ်ခိုင်စေ။
သောကကိုထိန်း ၊ ရမ္မက်သိမ်း၊ အေးငြိမ်းချမ်းသာနေ။
အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။[3]
လောကီမင်္ဂလာ ၁၂-ပါး
ယေဘုယျအားဖြင့် လောကကောင်းကျိုး အတွက်သာ ဖြစ်သော မင်္ဂလာများ။
(၁) ပဋိသန္ဓေ အချိန် အခါ၊ လ၊ ရက် စေ့ရောက်သဖြင့် ဖွားမြောက်အောင်မြင်ခြင်း ဝိဇာတ မင်္ဂလာများ။
(၂) ဖွားသည်မှနောက် ၃-ရက် မြောက်သောနေ့၌ ရတနာသုံးပါးဘိုးဘွားဟူသော နန္ဒိမုခနတ်တို့အား ရှိခိုးပူဇော်စေခြင်းမုခ ဒဿနမင်္ဂလာ။
(၃) ဖွားသည်မှနောက် ရ-ရက် မြောက်သောနေ့၌ ဆံရိတ်ခြင်းဟူသော ကေသစ္ဆေ ဒန မင်္ဂလာ။
(၄) ကမ္ဘာဦးပညတ် ရှေးသူဟောင်းတို့အမှတ်ဖြင့် ကောင်းမြတ်တင့်တယ်သော နေ့ရက်၌ ပုခက် ဧယာဉ် တင်ခြင်း ဟူသောဒေါလာ ကရဏမင်္ဂလာ။
(၅) ဖွားသည်မှနောက် ရ၅-ရက် မြောက်သောနေ့၌ ကွမ်းဦးခွန့်ခြင်းဟူသော တမ္ဗုလ ပတ္တမင်္ဂလာ။
(၆) ဖွားသည်မှနောက် ၃-လ မြောက်သောနေ့၌ နေ လ တို့ကို ပြသကြည့်ရှု စေခြင်း ဟူသော ရဝိန္ဒု ဒဿန မင်္ဂလာ။
(၇) ဖွားသည်မှနောက် ရက်ပေါင်း ၁၀၀-မြောက်၌ အမည်သညာမှည့်ခြင်း ဟူသော နာမ ကရဏမင်္ဂလာ။
(၈) ဖွားသည်မှနောက် ၆-လ မြောက်၍ ထမင်းဦး ခွန့်ခြင်း ဟူသော ပဌမ ဘတ္တ မင်္ဂလာ။
(၉) သင့်တင့်လျောက်ပတ် ချိန်ရွယ် ရောက်လတ်သောအခါ ဆံထုံးဥသျှောင် ဖွဲ့ထုံးခြင်း ဟူသော ကေသ ဗန္ဓန မင်္ဂလာ။
(၁၀) သင့်တင့်လျောက်ပတ် ချိန်အရွယ် ကျရောက်လတ်သောအခါ နားထွင်းခြင်း ဟူသော ကဏ္ဏစ္ဆိဒ္ဒ မင်္ဂလာ။
(၁၁) သင့်တင့်လျောက်ပတ် အချိန်အရွယ် ကျရောက်သောအခါ သာသနာတော် တွင်းသို့ သွတ်သွင်း ချီးမြှင့်ခြင်းဟူသောသာသနာ နုဂ္ဂဟ မင်္ဂလာ။ ပဗ္ဗဇ္ဇမင်္ဂလာ လည်း ဟူ၏။
(၁၂) သင့်တင့်လျောက်ပတ် အချိန်အရွယ် ကျရောက်သောအခါ မျိုးနွယ်ဇာတ် ဂုဏ် လုံးစုံတူသော သတို့သား သတို့သမီးနှင့် စုလျားရစ်ပတ် လက်ထပ် ထိမ်းမြား ရခြင်း ဟူသော အာဝါဟ ဝိဝါဟမင်္ဂလာ။[4]
ကျမ်းကိုး
- ဖျာပုံတိုက်သစ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အရှင်ဩဘာသာဘိဝံသ စီရင်ရေးသားအပ်သော သုတေသနရုပ်ပြအဘိဓာန် (၂၀၀၇)
- ဒသနိပါတ် မဟာမင်္ဂလ ဇာတက
- (ဆရာကြီးဦးသုခ)
- သုတေသန သရုပ်ပြအဘိဓာန်