မစ္စစ္စပီမြစ်
မစ္စစ္စပီမြစ်သည် ၂၃၂၀ မိုင် (၃၇၃၀ ကီလိုမီတာ) ရှည်လျားပြီး မြောက်အမေရိကတိုက်တွင် အရှည်လျားဆုံး မြစ်တစ်စင်းဖြစ်သည်။[1][2] [3] မစ္စစ္စပီမြစ်သည် မီနီစိုးတားပြည်နယ်ရှိ အိတာ့ကာအိုင်တွင် မြစ်ဖျားခံကာ တောင်ဖက်သို့ ဦးတည်ပြီး မက္ကစီကိုပင်လယ်ကွေ့အတွင်းသို့ စီးဝင်သွားသည်။ မစ္စစ္စပီမြစ်သည် ကမ္ဘာပေါ်တွင် စတုတ္ထမြောက် အရှည်လျားဆုံး မြစ်တစ်စင်းဖြစ်သည်။
မစ္စစ္စပီမြစ်သည် အမေရိကန် ပြည်ထောင်စုတွင် အကြီးဆုံး မြစ်ဖြစ်ရုံမက ကမ္ဘာပေါ်ရှိ မြစ်ကြီးများ စာရင်းဝင်လည်း ဖြစ်သည်။ မစ္စစ္စပီဟူသော ဝေါဟာရမှာ တိုင်းရင်း အင်ဒီးယန်းတို့ကခေါ်ဝေါ်သော အမည်ဖြစ်၍ ရေတို့၏ ဖခင် ဟူသောအဓိပ္ပါယ် ကို ဆောင်သည်။ ရှေးတိုင်းရင်း အင်ဒီးယန်းတို့သည် လည်းကောင်း၊ ရှေးဦးစွာရောက်ရှိလာကြသော လူဖြူတို့သည် လည်းကောင်း မစ္စစ္စပီမြစ်ကြောင်းတစ်လျှောက် လူးလာခေါက်တုံ့ သွားလာကြရာမှ မြစ်ရိုးတစ်လျှောက်တွင် မြို့ကြီးများ ပေါ်ထွန်းလာပေသည်။ မစ္စစ္စပီမြစ်တစ်လျှောက် နေထိုင်ကြသူ အပေါင်း တို့က မစ္စစ္စပီမြစ်သည် ကောင်းကျိုး ဖန်တီးနိုင်သလို ဆိုးကျိုးကိုလည်း ဖန်တီးနိုင်သည်ဟု သဘောပိုက်ကြသည်။ ဝတ္ထုရေးဆရာ၊ ဇာတ်ဆရာ၊ ကဗျာဆရာနှင့် ဂီတစာဆိုတို့သည် မစ္စစ္စပီမြစ်ကိုနောက်ခံပြု၍ ဝတ္ထု၊ပြဇာတ်၊ကဗျာ၊ ဂီတများကို အသီးအသီးရေးသားဖွဲ့သီကြ၏။ အမေရိကန်စာရေးဆရာကြီး မတ်တွိန်းသည် မစ္စစ္စပီမြစ်ကို သရုပ်ပေါ်အောင်စာပေ ဖွဲ့ထားခဲ့ပေသည်။
မစ္စစ္စပီမြစ် သက်သက်မှာ မိုင် ၂,၃၅ဝ မျှရှိ၍ ယင်း၏ အကြီးဆုံးလက်တက်ဖြစ်သော မိဇူးရီမြစ်နှင့် ပေါင်းလျှင် မိုင်ပေါင်း၅ဝ၆၄ မိုင်မျှ ရှိသောကြောင့် ကမ္ဘာပေါ်တွင် အရှည်ဆုံးမြစ်ကြောင်းဟု ဆိုနိုင်ပေသည်။ သို့ရာတွင် မြစ်ကြောင်းမှာမကြာခဏ ပြောင်းလဲတတ်သဖြင့် မြစ်၏ အလျားကို ပုံသေကားချ မမှတ်ယူနိုင်ချေ။မစ္စစ္စပီမြစ်သည် မင်နီဆိုတာ ပြည်နယ်ရှိ အိုင်တက်စကာအိုင်မှ ၁ဝ ပေ ၁၂ ပေခန့်သာ ကျယ်၍၊ ၂ ပေခန့်သာ နက်သောချောင်းကလေးအဖြစ် စတင် စီးဆင်းသည်။ မြစ်သည် အစ ပထမသော် မြောက်ဖက်သို့ စီးပြီးမှတစ်ဖန် အရှေ့တောင်ဖက်သို့ ကွေ့ကာကောက်ကာ စီးဆင်းလာရာ လမ်းတွင် မစ္စစ္စပီ မြစ်တွင်းသို့ အခြားမြစ်လက်တက်များ စီးဝင်ကြသဖြင့် တဖြည်းဖြည်း ကျယ်ပြန့် ့်လာသည်။ မြစ်လက်တက်ပေါင်း ၂၅ဝ မျှ ရှိပေသည်။
အချို့ကား ချောင်းကလေးသာသာရှိ၍ အချို့ကားမြစ်ကြီးများဖြစ်သည်။ အရှေ့ဖက်မှ စီးဝင်လာသော မြစ်လက်တက်ကြီးများမှာ အိုဟိုင်းယိုးမြစ်၊ အီလီနွိုင်မြစ်၊ ဝစ္စကွန်းဆင်းမြစ်၊ ယာဇူမြစ်တို့ဖြစ်၍ အနောက်ဖက်မှ စီးဝင်လာသော မြစ်လက်တက်တို့ကား အာကင် ်ဆောမြစ်၊ မြစ်နီနှင့် မိဇူးရီမြစ်တို့ဖြစ်သည်။ မိဇူးရီမြစ်စီးဝင်လာပြီးနောက် မစ္စစ္စပီမြစ်သည်ကျယ်လာသည်။ မိဇူးရီမြစ် စီးဝင်ရာ ဒေသကို ဗဟိုပြု၍၊ မစ္စစ္စပီကို အထက်ပိုင်း၊ အောက်ပိုင်းဟူ၍ ခွဲနိုင်ပေရာ မြစ်ကြောင်းအောက်ပိုင်းတွင် အကွေ့အကောက်မျးပြား ၍၊ မြစ်၏ အတိမ်အနက် အကျဉ်းအကျယ်မှာလည်း တစ်နေရာနှင့် တစ်နေရာ မတူပေ။ မစ္စစ္စပီမြစ်သည် တောင်ဖက်သို့ ဆက်လက် စီးဆင်းလာ၍ နောက်ဆုံး၌ မက္ကဆီကို ကွေ့အတွင်းသို့ စီးဝင်သည်။
မစ္စစ္စပီမြစ်မှာ အကွေ့အကောက်များသည့်ပြင် ရေစီးသန်သော နေရာများလည်း ရှိသဖြင့် လူတို့က ပြုပြင်ပေးခြင်း မရှိလျှင် လှေသင်္ဘောများ သွားလာနိုင်ရန် အတန်ပင် ခဲယဉ်းပေမည် ။ သို့ဖြစ်၍ ၁၈၂ဝ ပြည့်နှစ်တွင် အင်ဂျင်နီယာကြီးများက မြစ်ထဲရှိ သောင်များကို ရှင်းလင်းခြင်း၊ ရေတံခါးများ ပြုလုပ်ပေးခြင်း စသဖြင့် ရေကြောင်းများကို ပြုပြင်ပေးခဲ့ကြရာ ယခုအခါ လှေသင်္ဘော များမှာ မစ္စစ္စပီမြစ်ရိုးအတွင်း ရေကြောင်းတစ်လျှောက် မိုင်ပေါင်း ၁,၄ဝဝ ခန့် စုန်ဆန်သွားလာနိုင်ကြပေသည်။မစ္စစ္စပီမြစ်သည် ဖေဖော်ဝါရီလမှ ဇွန်လအထိ ရေတဖြည်းဖြည်းတိုးကာ ရေလျှံတက်လေ့ရှိ၏။ မြစ်ရေများကျသည့်အခါ နုံးတင်မြေများ ကျန်ခဲ့သဖြင့် မြေဩဇာ ကောင်းမွန်သော်လည်း ရေလွှမ်းမိုးခြင်းကြောင့် အိမ်ယာ အတောက်အအုံနှင့် လူတိရစ္ဆာန်တို့များစွာသေကြေ ပျက်စီးကြရလေသည်။
၁၉၂၇ ခုနှစ်၌ ရေကြီးစဉ်က လူနေအိမ်ခြေပေါင်း ၇၅ဝဝဝဝ မျှပျက်စီး၍ လူပေါင်း ၆ဝဝ,ဝဝဝ မှာ အိုးအိမ်မဲ့ဘဝသို့ရောက်ခဲ့ကြရပြီးလျှင် ပျက်စီး ဆုံးရှုံးသော တန်ဖိုးမှာ ဒေါ်လာပေါင်း ၃၅၅၁၄၇ဝဝဝ မျှ ဖြစ်လေသည်။ အများအားဖြင့် မစ္စစ္စပီမြစ်၏အောက်ပိုင်း မြေနိမ့်ဒေသများမှာ မကြာခဏ ရေလွှမ်းမိုးခြင်း ခံရ၍အပျက်အစီးအများဆုံး ဖြစ်လေသည်။ ထိုကြောင့် ရေလွှမ်းမိုးခြင်းကို ကာကွယ်နိုင်သလောက် ကာကွယ်နိုင်စေရန် မြစ်ကမ်းပါး တစ်လျှောက်၌ တာကြီးများကို ဆောက်လုပ်ထားကြသည်။မစ္စစ္စပီ မြစ်ဝှမ်းဒေသမှာ အမေရိကန် ပြည်ထောင်စု၏ ၅ ပုံ ၂ ပုံ ခန့်ရှိ၍ မြေဩဇာ ထက်သန်သော နေရာဖြစ်၏။ ထိုပြင် မြေမျက်နှာပြင်နှင့် မိုးရေကောင်းသောကြောင့် လူများနေထိုင်ရန်အတွက် အသင့်တော်ဆုံးဖြစ်၍ မြစ်ဝှမ်းဒေသတစ်ဝိုက်တွင် လူဦးရေသန်းပေါင်း ၆ဝ ကျော် ခန့် နေထိုင်ကြလေသည်။ ထိုမြစ်၏ ဝဲယာဖက်ကမ်းပေါ်တွင် မြို့ကြီးများစွာလည်း ရှိလေသည်။[4]
ကိုးကား
- United States Geological Survey Hydrological Unit Code: 08-09-01-00- Lower Mississippi-New Orleans Watershed
- Lengths of the major rivers။ United States Geological Survey။ 2009-03-14 တွင် ပြန်စစ်ပြီး။
- U.S. Army Corps of Engineers navigation charts. ၂,၃၀၀ မိုင် (၃,၇၀၀ ကီလိုမီတာ) from Lake Itasca to Head of Passes – Southwest Pass is ၂၀ မိုင် (၃၂ ကီလိုမီတာ).
- မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)